သတင်းပဒေသာ

၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ

မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းကောက်နုတ်ချက်၊ နိုဝင်ဘာ ၂၃၊ ၂၀၁၂     

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီသည် ၂ဝ၁၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီးဖြစ်ရာ အမျိုးသားစာပေဆု ချီးမြှင့်ရန် ရွေးချယ်ခြင်းခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ဝတ္ထုတိုပေါင်းချုပ် ဆုတွင် ရဲမြတ်တင်ရေးသားသည့် ဆီမုဆိုးနှင့် အခြားဝတ္ထုတိုများ၊

ကဗျာပေါင်းချုပ်ဆုတွင် ပျဉ်းမနား မောင်နီသင်း ရေးသားသည့် ငှက်ကလေး၏ တေးချိုချို ကဗျာများ၊

            စာပဒေသာဆုတွင် ကေသီပန်ဦးလှမြင့် ရေးသားသည့် သားသမီးများကို ချီးမြှင့်ရမည့် ဖခင်နို့တိုက်ခဲ့သည့် ကျွန်တော့်အဖေနှင့် လောကဓံကို စိန်ခေါ်၍ ရင်ဆိုင်ခဲ့သည့် ကျွန်တော်၊

မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် နတ်မောက်ထွန်းရှိန် ရေးသားသည့် ရတနာပုံ မန္တလေးနိပါတ် ပန်းချီကျော်များနှင့် ဗုဒ္ဓဝင်ပညာပေး မြန်မာ့နိပါတ် ပန်းချီလက်ရာများ၊

ကလေးစာပေဆုတွင် မောင်စိမ်းနောင် (လယ်ဝေး) ရေးသားသည့် အလှကမ္ဘာညီတို့ရွာ ကလေးကဗျာများ၊

ဘာသာပြန်(သုတ) စာပေဆုတွင် ဦးကြည်မြင့် (လသာ) ပြန်ဆိုရေးသားသည့် နိုင်ငံများ၏ ဥစ္စာဓန၊

ဘာသာပြန် (ရသ) စာပေဆုတွင် တင်မောင်မြင့် ပြန်ဆိုရေးသားသည့် မျှော်၊

သုတပဒေသာ (ဝိဇ္ဇာ) ဆုတွင် ဦးဝင်းနိုင် (ညွှန်ကြားရေးမှူး-ငြိမ်း) ရေးသားသည့် နိုင်ငံ့အကျိုးပြု ကြေးတိုင်နှင့် မြေစာရင်း၊

သုတပဒေသာ (ရိုးရိုးသိပ္ပံ)ဆုတွင် ဒေါက်တာခင်မောင်ဆွေ ရေးသားသည့် သင်္ချာအမြင် သင်္ချာအတွေး၊

သုတပဒေသာ (အသုံးချသိပ္ပံ) ဆုတွင် သောင်းညွန့်သစ် ရေးသားသည့် မြန်မာ့သစ်မွှေး၊

 ပြဇာတ်စာပေဆုတွင် ငြိမ်းမင်း ရေးသားသည့် တစ်ပင်ကျိုးလျှင် နောက်နှစ်ပင်၊

နိုင်ငံရေးစာပေဆုတွင် ကိုကိုမောင်ကြီးရေးသားသည့် ကျွန်တော်သိသော တစ်ရံရောအခါများနှင့် အင်္ဂလိပ်ဘာသာစာအုပ် (သုတ)ဆုတွင် U Thet Tun (Retired Ambassador) ရေးသားသည့် Waves of Influence စာအုပ်တို့ကို ဆုရွေးချယ်ချီးမြှင့်ကြောင်း ကြေညာသည်။

အမျိုးသားစာပေဆုတွင် ၂ဝ၁ဝ ခုနှစ်မှစတင်လျက် အင်္ဂလိပ်ဘာသာ စာအုပ်ဆုကို တိုးမြှင့်ခဲ့ပြီးယခု ၂ဝ၁၁ ခုနှစ်အတွက်မှစ၍ အင်္ဂလိပ်ဘာသာ စာအုပ်ဆုကိုသုတနှင့် ရသဟူ၍ ခွဲခြားချီးမြှင့်လိုက်သည့်အ တွက် စုစုပေါင်းဘာသာရပ် ၁၆ မျိုးဖြစ်လာပြီး ယင်းတို့အနက် ဝတ္ထုရှည်၊ လူငယ်စာပေနှင့် အင်္ဂလိပ်ဘာသာ စာအုပ် (ရသ)ဆုတို့အတွက် ဆုများ ချီးမြှင့်နိုင်ခြင်းမရှိကြောင်း သိရသည်။

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း စာပေဗိမာန်ရှိ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ဖုန်း ဝ၁-၃၇၆၅၆၉၊ စီမံရေးရာဌာန ဖုန်း-ဝ၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် ၅ဓ x ၇ဓ ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ဓာတ်ပုံနှစ်ပုံစီကို (တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။ ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂ဝ၁၂ခုနှစ် ဒီဇင်ဘာ ၁၄ ရက် (သောကြာနေ့) (၁၃၇၄ ခုနှစ် နတ်တော်လဆန်း ၁ ရက်) (စာဆိုတော်နေ့) နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) ၌ ကျင်းပမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ် ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်ကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာရေးဆရာကြီး ဦးဝင်းမောင် (မင်းသုဝေ) အား ၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သတ်တာဆုကို ရွေးချယ်ချီးမြှင့်လိုက်သည်။

အဆိုပါ ဆုကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် (သောကြာနေ့) ( ၁၃၇၄ခုနှစ် နတ်တော်လဆန်း ၁ ရက်) စာဆိုတော်နေ့ နံနက်၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC)၌ ကျင်းပမည့် ၂၀၁၁ ခုနှစ်အတွက် အမျိုးသား စာပေဆုနှင့် စာပေဗိမာန် စာမူဆုနှင်းသဘင် အခမ်းအနားတွင် ချီးမြှင့်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

            


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts