ရသဆောင်းပါးစုံ

အရှေ့ ရောင်နီ ရည်မျှော်လှမ်းကြစို့

ဇာဝါရီ
နိုဝင်ဘာ ၂၁၊ ၂၀၁၂
ဘာလိုလိုနဲ့ ကျနော်တို့ အမေရိကန်ပြည်ထောင်စု အရှေ့ ဘက်ခြမ်း မယ်ရီလန်းပြည်နယ်မှာ ကိုယ်ထူကိုယ်ထ မြန်မာမိသားစုအသိုင်းအဝိုင်း တည်ဆောက်ခဲ့တဲ့ မြန်မာစာကျောင်းကလေး တည်ရှိခဲ့တာ (၁) နှစ်ကျော်လာခဲ့ပြီ။ အာစရိယပူဇော်ပွဲ ခေါ် ဆရာကန်တော့ပွဲကို ဒုတိယအကြိမ် ပြီးခဲ့တဲ့အပတ် နိုဝင်ဘာလ ၁၇ ရက်၊ စနေနေ့မှာ လုပ်ဖြစ်ခဲ့တယ်။ ချစ်စရာကောင်းတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေက သူတို့ကို စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမများကို တရိုတသေ ဂါရဝပြုကြတယ်။ ကာလတိုအတွင်း စာ၊ စကား တိုးတက်လာကြတဲ့ သားသမီးငယ်များက ဆရာ၊ ဆရာမများကို သူတို့မျက်စိအောက်မှာ ရိုရိုသေသေကန်တော့ကြတာကို မိဘများက ပျော်ပျော်ရွှင်ရွင်၊ ကြည်ကြည်နူးနူး အားပေးကြတယ်။

ဒီကျောင်းကလေး သန္ဓေတည်လာတာကတော့ နိုင်ငံရေး၊ လူမှုရေး သာရေးနာရေး အရေးပေါင်းစုံ လုပ်ကြတဲ့ တက်ကြွတဲ့ မြန်မာမိသားစုဝင်တချို့ က မိမိတို့ သားသမီးလေးတွေ မြန်မာစာ သင်ကြားနိုင်ရေးအတွက် စဉ်းစားဆွေးနွေးကြပြီး ရန်ကုန်တက္ကသိုလ်နဲ့ မြန်မာပြည်တက္ကသိုလ်၊ ကောလိပ်တွေမှာ မြန်မာစာသင်ကြားခဲ့တဲ့ မြန်မာစာကထိက၊ စာရေးဆရာမ ဒေါ်မေငြိမ်းရဲ့  ကူညီပံ့ပိုးမှုနဲ့ မြန်မာစာသင်တန်းလေးတခု ဖြစ်ခဲ့တယ်။ အစောပိုင်းမှာ ကနဦး စဉ်းစားဆွေးနွေးကြသူများရဲ့  သားသမီး ဆယ်ယောက်၊ ဆယ့်ငါးယောက်လောက်သာ တက်ရောက်လိမ့်မယ်လို့ ထင်ခဲ့ကြတာ မြန်မာစာကျောင်း ဖွင့်တယ်ဆိုတဲ့အသံကြားတာနဲ့ သားသမီးလက်စွဲပြီး မိသားစုတွေတဖွဲဖွဲ ရောက်လာကြတာ အချိန်တိုအတွင်းမှာ ကျောင်းသားဦးရေ (၃၀) လောက် ရှိလာခဲ့တယ်။

မြန်မာစာသင်တန်း ဖွင့်ချိန်ကစပြီး လုပ်အားပေးလာကြတဲ့ ဆရာမဒေါ်မေငြိမ်း၊ ဆရာမအေးသိင်္ဂီကျော် တို့နဲ့ ခလေးအယောက် (၃၀) ကျော်ကို သင်ဖို့ မဖြစ်နိုင်တော့တာနဲ့ လုပ်အားပေးကြဖို့ အထက်တန်း၊ တက္ကသိုလ်ကောလိပ်တွေ တက်နေကြတဲ့ မြန်မာပြည်ဖွား မြန်မာလူငယ်ကလေးများကို ဖိတ်ခေါ်ခဲ့တယ်။ မြန်မာ့အသိုင်းအဝိုင်း၊ အရေးကိစ္စကို ပါဝင်ကူညီချင်ကြတဲ့ လူငယ်လေးတွေ ချက်ချင်းရောက်ရှိလာပြီး စာသင်ကြားရေးကို အားဖြည့်ကြတယ်။ ဒီလိုနဲ့ မိဘ၊ မြန်မာမိသားစုအသိုင်းအဝိုင်း၊ တက်ကြွလူငယ်လေးတွေရဲ့  ကူညီပံ့ပိုးမှု၊ ဆရာ/မများ၏ အားစိုက်ကြိုးပမ်းမှုကြောင့် အခုဆိုရင် ကျောင်းသူ၊ ကျောင်းသာ (၅၀) ကျော် တက်ရောက်နေတဲ့ အောင်မြင်တဲ့ မြန်မာစာကျောင်းကလေး တကျောင်းအဖြစ် တည်ရှိလာခဲ့တယ်။

မြန်မာမိသားစုအသိုင်းအဝိုင်းရဲ့  ကျောင်းကလေးကို ဦးဆောင်တာဝန်ယူနေတဲ့ ကျောင်းအုပ်ဆရာမကြီးဒေါ်မေငြိမ်းက ဆရာကြီးမင်းသုဝဏ် သီးကုံးခဲ့တဲ့ သပြေညို ကဗျာအတိုင်း “သပြေညို ရွှေဘိုပန်းရယ်နဲ့ လှမ်းကြစို့လေး” ဆိုသလို ကောင်းသောအတိတ်၊ မင်္ဂလာနိမိတ်နဲ့အညီ ကျောင်းကလေးကို သပြေညိုလို့ အမည်သမုတ်လိုက်တယ်။ ဒီလိုနဲ့ မြန်မာမိသားစုအသိုင်းအဝိုင်း တည်ဆောက်ခဲ့တဲ့ မြန်မာစာကျောင်းကလေးကို အမေအိုရဲ့  သပြေညိုလို့လည်း တချို့ က ချစ်စနိုးခေါ်ကြတယ်။ (တကယ်တော့ ဆရာမကြီးက အမြဲတမ်းလန်း နေပြီး မအိုသေးပါဘူး။ အိမ်ရှေ့ ဖြတ်သွားရင် ထမင်းခေါ်ကျွေးအောင် – စကားချပ်။)

သင်ကြားရေးကို အချိန်ပြည့် ဆရာ (၂) ယောက်၊ ဆရာမ (၁၀) ယောက်နဲ့ အတန်း (၅) တန်းခွဲပြီး သင်ကြားနေကြတယ်။ ဒီနှစ် စာသင်နှစ်မှာ အငယ်ဆုံးကလေး (၅) နှစ်ကနေ အကြီးဆုံး (၂၆) နှစ်အထိ ကျောင်းသား (၅၀) ကျော် တက်ရောက်သင်ကြားနေကြတယ်။ ကျယ်ဝန်းတဲ့ ကိုယ်ပိုင်နေရာ မရှိသေးလို့ မြန်မာမိသားစုအများစု နေထိုင်တဲ့ Rockville မြို့ မှာရှိတဲ့ မူလတန်းကျောင်းတကျောင်းရဲ့  ခန်းမကြီးတခုကို မိသားစုများထည့်ဝင်တဲ့ ကျောင်းလခ (ကျောင်းသား ၁ ယောက်၊ တလ ၃၀ ဒေါ်လာ) နဲ့ ငှားရမ်းပြီး စာသင်ခန်းဖွဲ့ သင်ကြားနေရတယ်။ အပတ်စဉ် စနေနေ့တိုင်း နေ့လယ် ၂း၃၀ ကနေ ညနေ ၅း၃၀ အထိ အရေး၊ အဖတ်၊ အပြော သင်ခန်းစာများခွဲပြီး သင်ကြားပေးတယ်။ ကျောင်းတက်ခေါင်းလောင်းတီးပြီး ဆရာ၊ ဆရာမများကို မင်္ဂလာပါ နှုတ်ဆက်ပြီးတာနဲ့ ကမ္ဘာမကြေ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြတယ်။

စာသင်ကြားပို့ချရေးမှာ မြန်မာနိုင်ငံက ထုတ်ဝေတဲ့ မူလတန်းသင်ရိုးညွှန်းတမ်း ဖတ်စာအုပ်ကို အဓိကထား အသုံးပြုသင်ကြားပေမဲ့ တခြား သင်ကြားထောက်ကူပြု လေ့ကျင့်ခန်းများ – ရုပ်ပုံကားချပ်၊ ပဟေဋ္ဌိ ဥာဏ်စမ်းပုစ္ဆာ၊ ဘာသာပြန်၊ စကားပြော၊ အမေးအဖြေ၊ အုပ်စုလိုက် စာရေး၊ စာဖတ်ပြိုင်ပွဲ စတာတွေ ပြင်ဆင်ပြီး ကလေးများ စိတ်ဝင်စား၊ ပျော်ရွှင်အောင် သင်ကြားပို့ချသလို။ တချိန်တည်းမှာ ကွန်ပြူတာ ပရိုဂျက်တာပြစက် အသုံးပြုပြီးတော့လည်း သင်ခန်းစာများကို ပြသပြီး သင်ကြားပို့ချတယ်။ ကျောင်းသူ/သားတွေအနေနဲ့ သူတို့ ပုံမှန်တက်နေတဲ့ နေ့ကျောင်းတွေမှာလို လွတ်လွတ်လပ်လပ် အပြန်အလှန် မေးဆိုဖြေနိုင်သလို မြန်မာစာကျောင်းမှာလည်း ကျောင်းသူ/သားတွေနဲ့ ဆရာ၊ ဆရာမတွေ လွတ်လွတ်လပ်လပ် မေးမြန်းပြောဆိုခွင့်များ ရှိကြတယ်။ ကျောင်း ပျော်ပွဲရွှင်ပွဲ၊ ဘဏ္ဍာရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ အစားအသောက်များကိုတော့ မိဘများက တာဝန်ခွဲဝေ၊ တိုင်ပင်ဆွေးနွေး ဆုံးဖြတ်လုပ်ကိုင်ကြတယ်။ တစ်လတစ်ကြိမ် မိဘ-ဆရာ အစည်းအဝေးလုပ်ပြီး ကျောင်းသူ/သားများ အခြေအနေ၊ ကျောင်းအတွက် လိုအပ်ချက်များကို ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ကြတယ်။

ဒီနယ်မြေမှာမွေး ကြီးပြင်းလာခဲ့ကြတဲ့ ခလေးများအဖို့ သူတို့ မိခင်ဘာသာစကားက အမေရိကန်-အင်္ဂလိပ်စကားဖြစ်လာပြီး မိရိုဖလား မြန်မာစာ၊ စကားက ဒုတိယဘာသာစကားဖြစ်ကာ တက်မြောက်ဖို့ အလွန်ခက်ခဲကြပေမဲ့ သူတို့ ရင်ထဲသွေးထဲမှာ သူတို့ရဲ့  မိဘဘိုးဘွားစကားကို သိချင်ကြ၊ ပြောချင်ဆိုချင်ကြတယ်။ ဒါကြောင့် အရိပ်ပြတာနဲ့  အကောင်မြင် ဆိုသလို နည်းနည်းသင်ပေးတာနဲ့ အချိန်တိုခဏအတွင်း သူတို့ အများကြီး သိနားလည်းလာကြတယ်။ တနှစ်အတွင်းမှာ တချို့  သူငယ်တန်းဖတ်စာအုပ် သင်ရိုးကုန်ပြီး ရေးတတ်၊ ဖတ်တတ်လာကြတယ်။ စကားတွေလည်း အများကြီး နားလည်း၊ ပြောဆိုလာကြတယ်။ သူတို့အသိုင်းအဝိုင်းမှာ မြန်မာသူငယ်ချင်းတွေ အများကြီး ရှိတယ်ဆိုတာ သိလာကြပြီး မြန်မာစာကျောင်းသွားဖို့၊ မြန်မာစာ သင်ဖို့ကို မတွန့်ဆုတ်ကြတော့ဘူး။ အထူးသဖြင့် သူတို့ထက် ဆယ်နှစ်ဝန်းကျင်လောက်သာကြီးတဲ့ လုပ်အားပေး ဆရာ၊ ဆရာမလေးတွေကို ချစ်ခင်လေးစား၊ အားကျလာကြပြီး ဆရာ၊ ဆရာမလေးတွေကလည်း ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာနဲ့ သူတို့ရဲ့  ညီ၊ ညီမလေးတွေ မြန်မာစာ တက်မြောက်ရေးကို အားသွန်ခွန်စိုက် ကြိုးစားလုပ်ကြတာကြောင့် စာသင်ကျောင်းကလေးက အများကြီး တိုးတက်လာခဲ့တယ်။

ဘာလိုပဲဖြစ်ဖြစ် တနှစ်တာအချိန်တိုအတွင်းမှာ တည်ရှိလာခဲ့တဲ့ ဒီ ကျောင်းကလေးက အစစအရာရာ မပြည့်စုံ လိုအပ်နေသေးပေမဲ့ သပြေညို ရွှေဘိုပန်းရယ်လို ရာသီလောကဓံတွေနဲ့ ဆုံသော်လည်း အမြဲတမ်း အားသစ်လောင်း ရှင်သန်နေပြီး၊ တချိန်တည်းမှာ မြန်မာမိသားစုအသိုင်းအဝိုင်း၊ မိဘ ဆရာ၊ ကျောင်းသူ/သားများအားလုံး စုပေါင်းအားစိုက်၊ အားပေးကူညီ၊ ကြိုးပမ်းမှုများနဲ့ အားလုံး တူပျော်ပျော်၊ အရှေ့ ရောင်နီ ရည်မျှော်မှန်းပြီး ဆက်လှမ်းကြမှာ အမှန်သေချာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts