ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

မရပ်မနား ပေးဆပ်မှု

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
နိုဝင်ဘာ ၂၁၊ ၂၀၁၂
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းမှ ပြည်မြို့အထွေထွေရောဂါကု ဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားအား ၁၅.၁၁.၂ဝ၁၂ ရက်နေ့တွင် ပြည်မြို့ အထွေထွေရောဂါကုဆေးရုံး ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဆေးရုံအုပ် ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများမှ ဆေးရုံတွင်းတွင် လှူဒါန်းပေးအပ်ထားသည့် ဆေးရုံသုံးပစ္စည်းများ အသုံးပြုထားမှုအား လိုက်လံရှင်းလင်းပြသခဲ့သည်။ ယင်းအခမ်းအနားတွင် ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာတင့်ရွှန်းမှ လှူဒါန်းမှုနှင့်ပတ်သက်ပြီး “အထူးဝမ်းသာ ပီတိဖြစ်မိ၍ ပြောရမည့် စကားလုံးများ မေ့နေပြီဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံပွဲသည် ပရဟိတသူရဲကောင်းအဖွဲ့များနှင့် တွေ့ဆုံရလို့ မမေ့နိုင်တဲ့ နေ့တစ်နေ့ဖြစ်ကြောင်း၊ ဆေးရုံ၏အားနည်ချက်၊ အားသာချက်များပြောကြားခဲ့ပြီး ဆေးရုံအား ၁၉၉၉ ခုနှစ်မှစတင်ပြီါ် ကုတင် (၂ဝဝ)ဆံ့ ဆေးရုံတည်ဆောက်ခဲ့ကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် စံကိုက်ဆေးရုံအဖြစ် တွေ့မြင်ရကြောင်း၊ စံကိုက်ဆေးရုံဖြစ်အောင် ကြိုးစားခဲ့ရကြောင်း စသဖြင့်ပြောကြား ခဲ့ပြီး ဆေးရုံကြီးအား ရထားတွဲပမာ ဥပမာတင်စား၍ ဆေးရုံအုပ်ကြီးသည် ရထားခေါင်းတွဲကြီးဖြစ်ပြီး အထူးကုဆရာဝန်များသည် Upper တွဲ၊ အငယ်ဆရာဝန်များသည် ကိုရီးယားတွဲ၊ သူနာပြုဆရာမများသည် ရိုးရိုးတွဲ၊ အလုပ်သမားများသည် ကုန်တွဲ၊ လုပ်သက်ရင့်ဝန်ထမ်းများသည် အရေးကြီးသဖြင့် ဂတ်ဗိုလ်တွဲ များဖြစ်သည့်အတွက် ဒါကြောင့် ယခုလှူဒါန်းထားသော ဆေးရုံသုံးပစ္စည်းများကို အားလုံးတက်ညီ လက်ညီ မခိုမကပ်လုပ်ကိုင် ပေးဆပ်ရမည်ဖြစ်ကြောင်း” ကြိုဆိုနှုတ်ခွန်းစကား ပြောကြားခဲ့သည်။ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူမှ “အစိုးရဝန်ထမ်းသည် ပြည်သူ့ဝန်ကို ထမ်းရွက်နေရသူများ ဖြစ်ကြောင်း၊ ပြည်သူတွေရဲ့ ငွေကြေးတို့နှင့် လစာယူထားသူများဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာဝန်များမှ ပြည်သူများအတွက် အခမဲ့ဝန်ဆောင်မှုပေးနေသော သုခကုသိုလ်ဖြစ်ဆေးခန်းများအတွက်လည်း အများ အကျိုးအတွက် စေတနာနှင့် လာရောက်ကုသပေးစေလိုကြောင်းနှင့် ယခုလိုလှူဒါန်းမှုသည် နာရေးကူညီမှု အသင်း(ရန်ကုန်)မှတဆင့် အများပြည်သူတို့ လှူဒါန်းထားသော အလှူငွေများထဲမှ အများပြည်သူတို့ အတွက် ထိရောက်သော အကျိုးရှိစေမည့်ကျန်းမာရေးကဏ္ဍအား ပြန်လည်ဖြည့်ဆည်းပေးခြင်း ဖြစ်သည့် အတွက် အများပြည်သူအတွက် အများပြည်သူကောင်းမှု ဟူ၍ကဗ္ဗည်းတင်ခဲ့ပါကြောင်း” ပြောကြားခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းမှ ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ မဖြစ်မနေ ဆေးဝါးကုသရန်လိုအပ်၍ လှူဒါန်းထားသည့်ပစ္စည်း (အသစ်) အချို့မှာ – ဆေးရုံ သုံးကုတင် – ၆ လုံး (အသုံးပြုပြီး၍ ပြန်လည်လှူဒါန်းထားသော အသစ်နီးပါးကောင်းမွန်သည့်ကုတင်များ)၊ အရေးပေါ်ဋ္ဌာနသုံးကုတင် (ICU)  – ၂ လုံး၊ Wheel Chair – ၂ လုံး၊ ECG Three Channel စက်သစ် – ၂ လုံး၊ နှလုံးနှိုးစက်သစ် – ၁ လုံး၊ Diathermy သွေးတိတ်စက်သစ် – ၁ လုံး၊ Baby Incuvator စက်သစ် –  ၁ လုံး၊ Baby Wammer စက်သစ် – ၁ လုံး၊ အောက်ဆီဂျင် Air Sep စက်သစ် – ၂ လုံး၊ ချွဲစုတ်စက်သစ် – ၂ လုံး၊ Operation Table စက်သစ် – ၁ လုံး၊ Nebulizer ချွဲပျော်စက်သစ် – ၂ လုံး စုစုပေါင်း ၁၇၃ သိန်း တန်ဖိုးအား လှူဒါန်းပေးအပ်ခဲ့သည်။

ထို့နောက် မိုးမေတ္တာပရဟိတလူငယ် သွေးလှူရှင်များအဖွဲ့(ပြည်)အား လူနာတင်မော်တော်ယာဉ် ပေးအပ်လှူဒါန်းပွဲနှင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) တိုးချဲ့အဆောင် ဖွင့်ပွဲအခမ်းအနားအား ယင်းနေ့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် ပြည်မြို့ ရတနာမာန်အောင်ကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်း အနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) တိုးချဲ့အဆောင် မတည်အလှူရှင်ဖြစ်သော ဦးမောင်မောင်ခင်မှ လှူဒါန်းရခြင်းအား ရှင်းလင်းပြောကြားခဲ့ပြီး ခေတ်သစ်ဆောက်လုပ်ရေးနှင့် အိမ် ဆောက်ပစ္စည်းရောင်းဝယ်ရေးမှ ဟာဂျီဦးခင်မောင်၊ ဟာဂျီဦးဝင်းမောင်တို့မှ လူနာတင်မော်တော်ယာဉ် လှူဒါန်းရခြင်းအား ပြောကြားခဲ့သည်။ ဆက်လက်ပြီး သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) တာဝန်ခံ ဒေါက်တာ ထွန်းနိုင်မှ လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့မှ ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဤသို့ မရပ်မနား လုပ်ဆောင်မှု၊ ပေးဆပ်မှု၊ လှူဒါန်းမှုများသည် အများပြည်သူတို့ လှူဒါန်းထား သော အလှူငွေများမှ အများပြည်သူတို့အတွက် ထိရောက်သော အကျိုးရှိစေမည့် လုပ်ဆောင်ချက်များ ဖြစ်သောကြောင့် အများပြည်သူတို့အတွက် အများပြည်သူကောင်းမှုဖြစ်ကြောင်း ကဗ္ဗည်းတင်ခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts