လူများ၊ ရုပ်ပုံလွှာများ

သာသနာပြု မူကြိုဆရာကြီး ဦးအောင်သင်း

ဝီရသူ (မစိုးရိမ်)
နိုဝင်ဘာ ၁၉၊ ၂၀၁၂

10.11.2012- ရက်နေ့က ဖြစ်သည်။ စာရေးသူသည် စာရေးဆရာကြီး ဦးအောင်သင်းအိမ်သို့ သွားရောက်ဖြစ်ခဲ့၏။ ဆရာကြီးမှာ အသက်(၈၄)နှစ်ကျော် အရွယ်ဖြစ်သည့်အပြင် ခြေဖမိုးများရောင်သည့် ရောဂါကြောင့် အိုမင်းရင့်ရော်လျက်ရှိ၏။ ယခင်ကလို စကားပြောဟန်ပန်ပင် အားမပါတော့ပေ။ ခပ်တိုးတိုး ခပ်ယဲ့ယဲ့သာ ပြောဆိုနိုင်ပေသည်။

စာရေးသူက အသင့်ပါလာသော ကိုယ်တိုင်ရေး စာအုပ်နှင့် အားဆေးတစ်ဗူး လက်ဆောင်ပေးလိုက်၏။ ဆေးကုသ စရိတ်အဖြစ် ငွေကျပ်သုံးသောင်းလည်း ပေးလှူလိုက်၏။ ဆရာကြီးက- “တပည့်တော်က လှူရမှာပါ ကိုယ်တော်”ဟု အားတုံ့အားနာ ပြောရှာလေသည်။ သူရေးသော စာအုပ်တစ်ထပ်ကြီးကိုလည်း တစ်အုပ်ချင်းလက်မှတ်ထိုး၍ ပြန်လှူရှာ၏။ ဆရာကြီးကို ကြည့်ရသည်မှာ စိတ်မချမ်းသာ။ သူကတော့ ဇရာကိုလည်း မှုပုံမရ။ ဗျာဓိကိုလည်း မှုပုံမပေါ်။ စကားတွေ တသီကြီးသာ ပြောနေရှာ၏။

ပြောသည့်စကားများကား ရောက်တတ်ရာရာ ရှေးဟောင်းနှောင်းဖြစ်မျိုးမဟုတ်။ သာသနာအတွက် အားပြုလောက်သည့် သာသနာရေးရာ စကားများဖြစ်၏။ “သာသနာပြု မူကြို” စာအုပ်ထုတ်တော့မည်။ နိဒါန်းရေးပြီးပြီဟု ဆိုကာ သူ့စာအုပ်ပါ အကြောင်းအရာများကို အားရဝမ်းသာ ပြောပြနေခြင်းဖြစ်၏။ မိမိကား နားထောင်သူ၊ ထောက်ခံသူ၊ ကြိုဆိုသူ၊ အားပေးသူ သက်သက်သာ ဖြစ်နေပေသည်။

သူကလည်း သူ့တပည့်များအား ဒီစာအုပ်ထုတ်လျှင် ဦးဝီရသူနှင့် တိုင်ပင်ပြီးမှ ထုတ်ဝေပါဟု မှာထားသည်ဆို၏။ ကလေးသူငယ်များကို မူလတန်း အရွယ်မရောက်မီ သာသနာပြု မူကြိုကျောင်းများ တည်ထောင်ပြီး သာသနာပြုဖို့ တိုက်တွန်း နှိုးဆော်ထားခြင်းဖြစ်၏။

သူစကားပြောပြီး၍ အားရသွားသည့်အခါ စာရေးသူက တစ်လှည့်မေတ္တာပြုရ၏။ “ဒကာကြီးကျန်းမာရေး အထောက်အကူပြုဖို့ အတွက် ဗောဇ္ဈင်သုတ် ပရိတ်ရွတ်ပေးမယ်”ဟု ပြောသည့်အခါ သူ၏ တပည့်မ တစ်ယောက်ကိုပါခေါ်၍ နားထောင်စေလေသည်။ ပရိတ်ရွတ်ပြီးသည့်အခါ အာနာပါန(ထွက်လေဝင်လေ) ရှုမှတ်ဖို့ တိုက်တွန်းကာ ပြန်လာခဲ့လေ သည်။

စာရေးသူသည် ဆရာကြီး ဦးအောင်သင်း၏ စာပေများနှင့် ကြီးပြင်းခဲ့ရသူဖြစ်ပြီး၊ ဆရာကြီးဦးအောင်သင်း၏ ဟောပြောပွဲ တိပ်ခွေများနှင့် ရင်းနှီးခဲ့ရသူဖြစ်ပေသည်။ သူ့စာပေမှ အာဟာရများရရှိ၍ သူ့တိပ်ခွေမှ အင်အားများ တိုးပွါးခဲ့ရပေသည်။ စာရေးသူအပေါ်၌ ဆရာကြီး၏ ကျေးဇူးကား မနည်းပါးလှပေ။ စာရေးသူကဲ့သို့ပင် စာသင်ပျိုနု ရှင်ဘိက္ခုတိုင်း သူ့အမြင် သူ့အတွေး၊ သူ့အရေး၊ သူ့စတိုင်လ်၊ သူ့အဟော၊ သူ့အပြော၊ သူ့ဝါစာ၊ သူ့စေတနာတို့ကို လေးစား အားကျမိသည်ချည်း ဖြစ်ပါသည်။

ခရဇ်နှစ် ၂၀၀၂-ခုနှစ်က ဖြစ်သည်။ စာရေးသူသည် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဟောပြောပွဲသို့ သွားရောက်ခဲ့စဉ်က ဖြစ်၏။ ယမိုက်၊ ပဋ္ဌာန်း၊ ညဝါ သင်တန်းသား သံဃာများအား “အမြဲရှုံးနေသော ဘောလုံးပွဲ” ခေါင်းစဉ်ဖြင့် ဗုဒ္ဓဘာသာ ရွှေမြန်မာအသင်း အိမ်ကွင်းမှာ အရှုမလှ ရှုံးနိမ့်နေရပုံများကို ဟောပြောခဲ့ပြီး အပြန်ခရီးတွင် စာရေးသူ မတိုင်ခင် ဟောပြောခဲ့သည့် ဆရာကြီး ဦးအောင်သင်း၏ တိပ်ခွေကိုလည်း ရရှိခဲ့လေသည်။

ကျောင်းပြန်ရောက်၍ နားထောင်ကြည့်ရသည့်အခါ သာသနာအတွက် လမ်းစလေးတစ်ခု ရလိုက်ပြီဟု ခံစားမိ သွား၏။ သို့သော် တိပ်ခွေမှာ အစမပါ၊ အဆုံးမပါ၊ အလယ်သားသာပါခဲ့လေသည်။ ထို့ကြောင့် အင်းစိန်ရွာမသို့ ဆက်လက် စုံစမ်းရလေသည်။ ထိုအခါမှ အကြောင်းစုံ သိခွင့်ရလိုက်ခြင်းဖြစ်၏။

ဆရာအောင်သင်း ဟောပြောမှုကို သံဃာများက မကြိုက်ကြကြောင်း၊ အချို့ဆိုလျှင် ပြန်ရန်တွေ့မည့် သဘော ဆောင်လာကြောင်း ထို့ကြောင့် အသံဖမ်းရာမှာ အပြည့်အစုံ မဖမ်းလိုက်ကြောင်း သိရလေ၏။

ဆရာအောင်သင်းသည် သူ့ဟန်ပန်အတိုင်း မညှာတမ်း ဟောပြောခဲ့သောကြောင့် ပျိုမျစ်နုနယ်သော သံဃာငယ် လေးများ မခံမရပ်နိုင်ဖြစ်ခဲ့ရလေသည်။ ဆရာအောင်သင်းက ခရဇ်ယန်တို့ သာသနာပြုပုံ ပြုနည်းများနှင့် ယှဉ်ပြကာ ရဟန်းသံဃာများ သာသနာပြုပုံကို ထောက်ပြထားခြင်းကြောင့် မခံမရပ်နိုင် ဖြစ်ကြရပုံပေါ်၏။ စာရေးသူလည်း ဆရာအောင်သင်းလိုပင် မြင်နေ၍ အမြင်ခြင်းတူနေသော ဆရာအောင်သင်းကိုလည်း အားပေးချင်၊ စာသင်သားလေးများ လည်း မျက်စိပွင့်၊ လမ်းစရစေချင်၍ ဆရာအောင်သင်းကို ပင့်ဖိတ်ကာ ဟောပြောပွဲလုပ်ရန် မဖြစ်မနေ ပြင်ဆင်ရလေသည်။

တိုက်ဆိုင်စွာပင်၊ ဆရာအောင်သင်း မန္တလေးရောက်ခိုက်၊ စာရေးသူတည်ထောင်သော “ဘဝအလင်းရောင်” စာကြည့်တိုက် နှစ်ပတ်လည်အ ခမ်းအနားနှင့် ကြုံနေ၍ အထူးတလည်ပင့်ဖိတ်စရာ မလိုဘဲ ပွဲဖြစ်သွားလေသည်။

ဆရာအောင်သင်းက အင်းစိန်အတွေ့အကြုံကို ပြောပြကာ မစိုးရိမ်လာရမှာ ကြောက်နေပုံပေါ်၏။ မိမိက လုံးဝတာဝန်ယူကြောင်း အာမခံချက်ပေးမှ ရောက်လာလေသည်။ အင်းစိန်မှာ ဟောသလိုပင် ဟောပေးဖို့ မိမိက တိုက်တွန်း ထားရ၏။ သူရောက်လာတော့ စာရေးသူ စာကြည့်နေခိုက်ဖြစ်၏။ စာရေးသူကို ကြည့်ကာ “ဟင်- ဝီရသူက ဒီလောက်ကို ငယ်သေးတာလား”ဟု သူ့စရိုက်အတိုင်း လက်ဖျားခါပြလေ၏။ ထိုစဉ်က မိမိမှာ ရဟန်းသိက္ခာ(၁၂)ဝါ အရွယ်မျှသာရှိပြီး၊ သကျသီဟ ပြဋ္ဌာန်းစာပိ၍ ပိန်သေးကြုံလှီနေချိန်ဖြစ်လေသည်။ တန့်ကြည့်တောင်အမှားတော်ပုံ ခေါ်-ထေရဝါဒတိုက်ပွဲ စာအုပ် ရေးသားပြီးစ အချိန်ဖြစ်လေသည်။ ထိုစာအုပ်နိဒါန်းတွင် ဆရာအောင်သင်း၏ “သမိုင်းကို ဝေဖန်ရာမှာ တစ်စုံ တစ်ယောက်ကို အားနာနေလျှင် အနာဂတ်ကို သစ္စာဖောက်ရာရောက်သည်”စကားကို ကိုးကားရေးသား ထားခဲ့ဖူး၏။ ထိုစာအုပ်ကို ဖတ်ပြီး စာရေးသူကို ဆရာတော်ကြီးတစ်ပါးအရွယ် ထင်နေခဲ့သူဖြစ်လေသည်။ စာရေးသူနှင့် တွေ့ရမှ လူဗလံလေးမှန်း သိသွား၍ အထက်ပါ “ဝီရသူက ဒီလောက်ကို ငယ်သေးတာလား”ဟု တအံ့တဩနှင့် ပြောခြင်းဖြစ်ပါ၏။

စာပေဟောပြောပွဲတွင် စာရေးသူက မိတ်ဆက်နိဒါန်းပျိုးကာ သံဃာများအား မေတ္တာရပ်ခံထားရပါသည်။ အမှန်တွင် ဆရာအောင်သင်းထင်သလို မဟုတ်ခဲ့ပါ။ သံဃာများက လက်ခုပ်တစ်ဖြောင်းဖြောင်းဖြင့် ဝမ်းသာအားရ အော်ဟစ် အားပေးကြကာ ဓာတ်ပုံများလည်း အမှတ်တရ ရိုက်ကြပါလေသည်။ ထိုတိပ်ခွေကို “ဘယ်လိုသာသနာပြုမှာလဲ”ဟု စာရေးသူကပင် အမည်ပေး၍ ဖြန့်ချီခဲ့ရာ အတော်ပင်ခရီးပေါက်ခဲ့လေသည်။ နောင်သောအခါ စာရေးသူမရှိတော့သည့် အချိန်တွင် စာရေးသူ၏ တရားများနှင့်တွဲ၍ ဆရာအောင်သင်းဟောပြောခွေလည်း ရဟန်းရှင်လူ ပြည်သူတို့လက်ထဲ ပျံ့နှံ့လျက်ရှိ ကြောင်းသိရပေသည်။

စာရေးသူလည်း အထဲမှာနေရစဉ် ဆရာအောင်သင်း ကလေးဘဝထောင်ကျစဉ် အမဲသားတစ်တုံး စွန့်လွှတ်ရ ခက်နေပုံ၊ သိဒ္ဓတ္ထနှင့် စကားပြောပုံတို့ကို ပြန်လည်ကြားယောင်ရင်း ဆရာအောင်သင်းကို သတိရနေမိ၏။

စာရေးသူအား ဝေဖန်ပြောကြားသည့် သူ့အမှာစကားကို တပည့်လေးက ပြန်ပြောပြသည့်အခါ စာရေးသူမှာ ငိုရမလို ရယ်ရမလို ဖြစ်ခဲ့ရလေသည်။ စာရေးသူကို ထောက်လှမ်းရေးက လိမ်ညာခေါ်သွား၍ အလွယ်တကူ ဖမ်းဆီးခံရခြင်း အကြောင်းကို ရည်ရွယ်၍ ပြောခြင်း ဖြစ်၏။ “အစတုန်းက ဝီရသူဒီလောက် အ,ရသလားဆိုပြီး အထင်သေးခဲ့တယ်။ အခုမှ သိလိုက်ရတော့တယ်။ ဝီရသူ လူလည် လုပ်သွား တာကိုး”ဟူ၏။

“ဝီရသူသတင်း ငတ်နေတာကြာပြီ”ဟုဆိုကာ တပည့်လေးထံသို့ စာရေးသူအကြောင်းကို မကြာခဏ မေးတတ်ရှာလေသည်။ စာရေးသူ အညတရသူရဲကောင်းဆု ရသောအခါ ဆုပေးပွဲသို့ သူတက်မည့်အကြောင်း၊ ဆုပေးပွဲအမီ လွတ်စေချင်ကြောင်းလည်း နှုတ်မှတဖွဖွ ပြောတတ်ရှာလေသည်။

စာရေးသူ ကျောင်းပြန်ရောက်သည့်အခါ တပည့်လေးက ဆရာအောင်သင်း ဖုန်းနံပါတ်ပေး၍ ဖုန်းဖြင့်နှုတ်ဆက် မိသေး၏။ ဖုန်းနံပါတ် ပြောင်းသွားပြီဖြစ်၍ နှုတ်ဆက်ခွင့်မရပေ။ ရန်ကုန်တရားဟောကြွသည့် အခါ၌လည်း ဆရာအောင်သင်း ထံ မဝင်ဖြစ်ခဲ့ပါ။ ခရီးပန်း၊ ပွဲပန်းသောကြောင့် ဖြစ်၏။

ဤသို့ဖြင့် “နှလုံးသားကို သဖန်းပင်ပေါ်မှာ ထားခဲ့သူ”စာအုပ် ထွက်သောအခါ နောင်တော်ကြီး အရှင်ဝီရိယ (ဓမ္မဘေရီ)က ဖုန်းဆက် အားပေးခိုက် ဆရာအောင်သင်းအကြောင်း ထည့်လျှောက်မိသွား၏။ ဓမ္မဘေရီ အရှင်ဝီရိယပေးသည့် ဖုန်းနံပါတ်သည်လည်း နံပါတ် ဟောင်းကြီး ဖြစ်နေပေသည်။ စာရေးသူက နံပါတ်ပြောင်းသွားပြီ ဖြစ်ကြောင်း လျှောက်ထား ရ၏။ အရှင်ဝီရိယ မထေရ်က ပြန်ဆက်သည်။ ဖုန်းနံပါတ်အသစ် ရှာဖွေပေးခြင်း ဖြစ်၏။

စာရေးသူ ဆရာအောင်သင်းထံ ဖုန်းဆက်သည့်အခါ အစပိုင်း၌ မမှတ်မိရှာပါ။ နောက်မှ မှတ်မိသွားခြင်း ဖြစ်၏။ လူကိုယ်တိုင်လာတွေ့မည် ထင်ထားကြောင်း၊ ဖုန်းဆက်လိမ့်မည် ထင်ထားကြောင်းပြောကာ အပြစ်တင်နေရှာ၏။ အကျိုးအကြောင်း ပြောပြမှ ရှင်းသွားလေသည်။ မကြာမကြာ ဖုန်းဆက်ပါဟုလည်း မှာသွားသေး၏။ ယခုအပတ် ရန်ကုန်ခရီး စဉ်တွင် တရားပွဲတစ်ရက်နားခိုက် ဆရာအောင်သင်းအိမ် ကြွဖြစ်အောင် ကြွခဲ့ရတော့၏။

စာရေးသူထင်ထားသည်မှာ အသက်ကြီး၍ လူကြီးရောဂါ သဘောမျိုးဖြင့် မသွားနိုင် မလာနိုင်ရုံလောက်သာ ဖြစ်သည်ဟု ထင်ထားမိခြင်းဖြစ်၏။ ယခု မြင်ရမှ စိတ်ထဲအတော်မကောင်း ဖြစ်ခဲ့ရလေသည်။

ဆရာအောင်သင်းနားမှာ သမီးမော်မော်တို့လည်း မရှိကြ။ ဆွေမျိုးရင်းချာများလည်း မရှိကြ။ တပည့်များနှင့် တပည့်များ၏ သားသမီးများက အလှည့်ကျတာဝန်ယူ၍ လာရောက်စောင့်ရှောက်နေကြခြင်းဖြစ်၏။ ဆရာအောင်သင်း အိုမင်းနေသလို ဆရာအောင်သင်း၏ အိမ်လည်း ယိုယွင်းနေပေပြီ။ သို့သော်…. ဆရာ့ဦးနှောက် ဆရာ့အတွေးအခေါ် ဆရာ့အမြင် ဆရာ့ဒဿနများကား ယခုအချိန်ထိ နုပျိုလတ်ဆတ်နေဆဲ ဖြစ်၏။ ဆရာ့ဝါစာနှင့် ဆရာ့စေတနာတို့သည်လည်း သစ်လွင်လန်းဆန်း နေဆဲဖြစ်ပါ၏။ ဆရာ့မေတ္တာ ဆရာ့ကရုဏာတို့သည်လည်း ချိုစိမ့်အေးမြ နေဆဲဖြစ်ပါ၏။ ဆရာ့ပညာ ဆရာ့သဘာတို့သည်လည်း လင်းလက်တောက်ပ နေဆဲဖြစ်ပါ၏။

သာသနာပြုမူကြို ဆရာကြီးဦးအောင်သင်း အမြန်ကျန်းမာ၍ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးရှိမည့် စာပေများ ဆက်လက်ရေးသား နိုင်ပါစေ…….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “သာသနာပြု မူကြိုဆရာကြီး ဦးအောင်သင်း
  1. ငယ်ငယ်တုန်းကဦးအောင်သင်းရဲ့ ကျွန်တော်အကြိုက်ဆုံးဝတ္ထုတိုကိုဖတ်ပြီး ၀တ္ထုတိုများရေးသားကာစာပေလောက သို့ရောက်လာသူဖြစ်တဲ့အတွက် ဦးအောင်သင်းရဲ့ကျေးဇူးတွေဟာ စာရေးဆရာတော်တော်များများအပေါ်မှာရှိနေ ပါတယ်။ ဆရာသက်တော်ရာကျော်ရှည်ပါစေကြောင်းနှင့်ဆရာတော်ဝီရသူလည်း ဗုဒ္ဓဘာသာတိုက်စစ်မှူးကောင်း တစ်ဦးမှသည် နည်းပြကောင်းတစ်ယောက်ဖြစ်နိုင်ပါစေ ဆုမွန်ချွေအပ်ပါတယ်။

  2. ထေရဝါဒတိုက်ပွဲ ebook ရှိပါသလားခင်ဗျာ

  3. ++ခြေထောက်ယောင်တဲ့သူတွေက ခြေထောက်ကို တွဲလောင်းချ မထိုင်ပဲ နီုင်ဂျံဂါး၈လို စားပွဲပေါ် ခြေထောက်တင်ထိုင် တာပို သင့်တော်ပါ၏ ။ ထို့ပြင်တ၀ ပက်လက်ကုလားထိုင်ကတွုလောာင်းချခြေထောက် တဂေါက်ကွေးကိုဖိထားလို့ ရှောင်
    သင်ဘာ၏။

Comments are closed.