ဖြစ်ရပ်များ၊ အမှတ်တရများ

ရွှေဘိုငလျင်နှင့် လှုပ်မိလှုပ်ရာများ

ကယ်ပါတိုင်းသား
နိုဝင်ဘာ ၁၈၊ ၂၀၁၂

ဦးသန်းရွှေနောက်ဆုံးဆောက်ခဲ့သော၊ သို့ နောက်ဆုံးဆောင်ရွက်ခဲ့သောရတနာသိင်္ခတံတားကို ရေထဲထိုးချလိုက်သည့်င လျင်သည် ရွှေဘိုငလျင်ဟု ကျော်ကြား၏။ ငလျင်တို့၏ထုံးစံအတိုင်း ထိုအဖြစ်အပျက်ကို အယူတော်မင်္ဂလာပြုကြရာတွင် တချို့ကအရပ်လက် သည်များက “ ဒါဟာ ဦးသန်းရွှေအဖို့ ကူးစရာ မရှိတော့ဘူး ဆိုသည့်အဓိပ္ပါယ်ပင် ” ဟု နှုတ်ထွက်ကြ၏။ ရွှေဘိုငလျင်ဆိုပေသည့်  ရွှေဘိုမြို့ကို သိပ်မလှုပ်နိုင်။ မြစ်ကမ်းတလျှောက် ကွဲအောင် အက်အောင်၊ ပြိုအောင် ပျက်အောင်၊ သွက်အောင် ခါအောင်လှုပ်သွားသည်။ ရွှေဘိုနှင့်အနီးတဝိုက်မြို့များ၊ ရွာများနာကြ၏။

ထိုအလှုပ်တွင် မြုပ်သွားသည်က ကန့်ဘလူမြို့နယ်၊ ချပ်ကြီးဘူတာတွင် ငရဲရထားမှောက်သည့်သတင်း။

ချပ်ကြီးမီးလောင်သေဆုံးမှုကို လူအများစုက ဆီရထားမှောက်သည့်ကိစ္စတွင် ဝင်လုကြလို့ဟု ထင်သူထင်ကြသည်။ သူ့လောဘနှင့်သူ ခံရတာဟု မြင်သူမြင်ကြသည်။ အမှန်တော့ လယ်ကွက်ထဲတွင် ဖိတ်ကျသွားသောဓာတ်ဆီများကို ဆင်းခတ်ကြခြင်းသာ။ ခွေးဖင်ပူးတာကိုပင် ဝိုင်းဝန်းကြည့်တတ်ကြသည့် နိုင်ငံသားဓလေ့မျှသာ။ ဆုံလာသောရထားမှ ဆင်းကြည့်ကြသူတွေလဲ ခရီးနှင်ရင်း မီးပြင်ဆင်းကြရသည်။ အမှန်တော့ ရိုးအသည့်၊ မသိနားမလည်သည့်၊ နားလည်ရကောင်းမှန်းမသိသည့်အခြေအနေများကြောင့် မီးလောင်သေဆုံး ဒဏ်ရာရပြီး စိတ်ကူး၍မျှ မခံစားနိုင်သည့်ဒုက္ခဆိုးကြီးများဖြင့် ကြုံနေကြရသည်။ ယခုအခါ တာဝန်ရှိသူ လူကြီးဆိုသဟာများ၏ လေဘေးဒုက္ခပါ(လေအလှူ၊ လေအကူ)ခံနေကြရသည်။ ဒုဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေးမိသားစုဆောက်လုပ်လှူဒါန်းထားသော၊ ဒုသမတတို့၊ တိုင်းဝန်ကြီးချုပ်တို့ စုန်ချည်ဆန်ချည်လာနေသော နိုင်ငံတော်ပိုင်ဆေးရုံကြီးသည် ဆေးကြွေးများပေးစရာများစွာရှိနေသည်ဟု စိတ်နှလုံး အုံးအုံးကျွက်ညံစရာ ကြားသိနေရသည်။ အလှူရှင်မရှိလျှင် သေစရာမှတပါး ရွှေးချယ်စရာမရှိသောအခြေအနေပင်။ သေနေကြသည်ကလဲ တဖြုပ်ဖြုပ်၊ ချပ်ကြီးတရွာလုံး အသုဘချသည့်အလုပ်သာ လုပ်နေရသည်။

ပြည်လုံးဥသျောင် ကိုဂရောင်များ ကြားသိပါစေသတည်း။

ငလျင်လှုပ်သောအခါမှပင် တချိန်လုံး ထောင်ထောင် ထောင်ထောင်လုပ်နေသော ရတနာသိင်္ခတံတားသည် ဧရာဝတီမြစ်ကြီးကို ငုံ့လျှိုးတောင်းပန်နေပေတော့သည်။ ရေတွင် မြေတပ်အကူရှိသည်ကို နာနာကျင်ကျင် သိသွားပုံရလေသည်။ သူ့အပေါ်ဆည်များသာ ခပ်မိလျင်တော့ ဘယ်၍ဘယ်မျှ ပညာပြမည်ကို မှန်းဆရန်ပင် မသိနိုင်သော ဧရာဝတီကြီးပါပေတည်း။

ထိုငလျင်နေ့က အလုပ်သမားရာချီ၏ အသက်ကိုကယ်တင်လိုက်သောသူရဲကောင်းကြီးရှိဘိဟူ၏။ ထိုသူမှာ တံတားတာဝန်ရှိသူထဲကတဦး ဆိုလား၊ နှစ်ဦးဆိုလား ပြောကြသည်။ ထိုတဦးနှစ်ဦးက အလုပ်သမားခ တရက် ခုနှစ်ထောင်ပေးမည်ဟုပြောပြီး တရက် သုံးထောင်နှုံးနှင့်ရှင်း ပေးသည်။ ထိုအခကိုပင် လကုန်မှတောင် ချက်ချင်းမရဟုဆိုသည်။ သို့မို့ကြောင့် လုပ်သားများသည် ငလျင်လှုပ်သည့်နေ့မနက်က ဤခေါင်းပုံဖြတ်တံတားကြီး၌ အလုပ်မဆင်းကြတော့ဘဲ လှည့်ပြန်သွားကြသောဟူ၏။ ထိုမျှ ကံကောင်းသော အလုပ်သမားများသည် သူရို့အသက်သခင်ကို လွန်စွာမှ ကျေးဇူးတင်နေကြသော်လည်း လုပ်အားခ ယခုအခါ သုံးသောင်းပေးသည်ကိုပင် အလုပ်တော့ မဆင်း ရဲကြဟူ၏။

ငလျင်ကြောင့် စဥ့်လုပ်ငန်းများတည်ရှိရာ နွယ်ငြိမ်း၊ ရွှေဂွန်၊ ရွှေတိုက်၊ မလားရွာတို့တွင် စဥ့်လုပ်ငန်းနှင့်ပတ်သက်၍ များစွာထိခိုက်သွားသည်။ စဥ့်ဖိုများ အားလုံးနီးနီးပျက်သွားသည်။ စဥ့်ဖိုထဲတွင် ဖုတ်လက်စအိုးများ၊ ဖုတ်ရန်လုပ်ထားပြီးသည့်အိုးစိမ်းများလည်း ပျက်သွားရကား စဥ့်လုပ်ငန်းပျက်လုနီးပါးဟု ဆိုရပေမည်။ ရွာသူရွာသားအများစုသည် တောင်သူလုပ်ငန်းမရှိကြဘဲ စဥ့်လုပ်ငန်းကိုသာ အမှီပြုလုပ်ကိုင် နေကြရရာ နေ့တဓူဝစားဝတ်နေရေး အလွန်ခက်ခဲသွားကြပြီဟု သိရသည်။ ဝန်အကြီးကြီးကိုချုပ်ထားသူဦးသာအေးက တဖိုလျှင် ငွေ ၁၅ သိန်း၊ တနှစ် အတိုးမဲ့ချေးမည်ဟု မိန့်ဆိုသည်တဲ့။ တဖိုပြန်တည်လျှင် သိန်း၃၀မှ ၄၀ ထိကုန်နိုင်သည်တဲ့။ စဥ့်ဖိုတည်တတ်သူက တနယ်လုံးတွင် ၃ ဦးသာရှိသည်တဲ့။ စဥ့်ဖိုတည်သည့် အုတ်ကလဲ အလွယ်တကူမရှိဘူးတဲ့။ သတ်သတ်ဖုတ်ရသည်တဲ့။  ထိုရွာများတွင် စဥ့်လုပ်ငန်းဖြင့်သာ အသက်မွေးကျောင်းပြုနေကြရာ ဖိုများပြိုသွားသဖြင့် မီးဖိုချောင်ပြိုသည့်သို့ ဖြစ်သွားသည်တဲ့။ တလခွဲ နှစ်လလောက် အလုပ်အကိုင်ရဖို့ ခဲယဉ်းနေပေတော့မည်တဲ့ခင်ဗျား။

အော် ရွာထဲမှာ ရဟတ်ယဉ်ကြီးဆင်းလာလိုက်၊ တထွီးထွီးနဲ့ ကားတန်းကြီးမောင်းလာလိုက်လုပ်နေပေမဲ့ တကယ်တန်းတော့ အသင်း အဖွဲ့လေးတွေ၊ စေတနာရှင်တွေလာလှူလို့သာ အိမ်သာတက်နေရပါသည်တဲ့ခင်ဗျာ။ နောက်တခုက ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူးကတော်နှင့်အဖွဲ့ရောက်လာပြီး တခြားကလာလှူတဲ့ပြည်တောင်းကိုလုပြီး အလှူတုဓာတ်ပုံအရိုက်ခံသဖြင့် အလှူရှင်အစစ်တွေနှင့် ငလျင်လေးလှုပ် သွားသေးပါသည်တဲ့ဗျာ။

အော် နောက်ထပ်ရှိသေးသည်တဲ့ဗျ။ အဲဒါက ရွှေဘိုစီမံကိန်းရုံးကတဲ့ဗျာ။ သူက နဂိုက ခယကအတွင်းရေးမှူး၊ ရွှေဘိုခရိုင်ကြံ့ခိုင်ရေးအတွင်းရေးမှူးလဲ ဖြစ်ခဲ့သည်တဲ့။ တင်မြင့်ဆိုလားခေါ်သည်တဲ့၊ ဒီပဲယင်းမှာလဲ လက်သံပြောင်ခဲ့သည်တဲ့။ သူက ငလျင်ဘေးဒဏ်သင့်သူတွေကို “မခိုင်တဲ့အိမ်တွေပြိုတာ ပြိုပါစေ ” ဟု အားပေးသွားသည်တဲ့။

အဲ နောက်ငလျင်လေးတခုကတော့ မလားရွာ၊ စာသင်ကျောင်းလေးကို ထပ်လှုပ်သွားတာပါတဲ့။ တိုင်းစည်ပင်အုပ်ချုပ်ရေးမှူးဦးမင်းဟန်ဆိုသူတဲ့။ သူကတော့ ပြိုသွားတဲ့စာသင်ကျောင်းအမြန်ဆုံးပြင်ပေးမည်တဲ့။ (ရက်မရှိ) ယာယီစာသင်ဆောင်မဆောက်ဘဲ ဆရာတွေရော ကလေးတွေပါ ကွင်းပြင်ထဲ၊ မိုးထဲ၊ လေထဲ ဒီတိုင်းသင်ဖို့မှာခဲ့သည်တဲ့။

အဲသလို မဟာကရုဏာရှင်များအုပ်ချုပ်နေသည့် တိုင်းပြည်ကြီးပါခင်မျာ။

အရပ်ကတို့ ကယ်ကြပါအုံး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “ရွှေဘိုငလျင်နှင့် လှုပ်မိလှုပ်ရာများ
  1. အဲဂလို မဟာဂရုနာယှဉ်ကျီးတွေ အုပ်ချုပ်တဲ့ တိုင်းပျက်-အဲတိုင်းပြည်ဆိုတာ အနော်တို့ က သိပါ့ဂျာ- သိပါလျှက် မသိယောင်ဆောင်သူများက- ဖဲပြင်အောင် တိုင်းပြည်ကြီး ပြောင်းလဲလာပြီလို့  အော်လိုက်ကျတာ နားကိုငြီးနေတာဘဲ-

  2. အတော်ပီပြင်တဲ့ စာပြောင် (ဒါပေသိ အဖြစ်သနစ်မှန် နော)

Comments are closed.