အခန်းဆက်များ အုန်းနိုင်

ရေးခဲ့မိသော မှတ်တမ်းများ (၂)

အုန်းနိုင်
နိုဝင်ဘာ ၁၇၊ ၂၀၁၂
● ကျောင်းသားညီညွတ်ရေးတပ်ဦးခေါင်းဆောင်ဟောင်း ရှေ့နေကြီး ဦးတင်ရွှေ

တက္ကသိုလ်ရိပ်သာလမ်း ရုံးရှေ့ရောက်တော့ တွေ့ရတဲ့လူအုပ်ကို ကျနော်နဲ့အတူပါလာတဲ့လူငယ်နှစ်ယောက်က တအံ့တသြဖြစ်ကြပါတယ်။ အဲဒီမှာ မုံရွာက ကိုတင်ရွှေကြီးကိုပါ တွေ့ရပါတယ်။ သူနဲ့လက်ဖက်ရည်ဆိုင်ထိုင်ကြပါတယ်။ ကိုတင်ရွှေကို မန္တလေးနဲ့ အထက်ဗမာပြည်တာ ၀န်ပေးထားလို့ မကြာခင်သွားမယ်လို့ပြောပါတယ်။ ကိုတင်ရွှေဟာ အခု အသက် (၅၀) ကျော်ပြီပေါ့။ (နောက်တော့ စစ်အစိုးရလက်ထက် အကျဉ်းထောင်တွင်းမှာပဲ ကွယ်လွန်ကျဆုံးသွားခဲ့ရပါတယ်)  ဒါပေမယ့် ကျနော်တို့ တက္ကသိုလ်ရောက်စ  ကိုတင်ရွှေရဲ့ပုံသဏ္ဍာန် မပျက်ပါ ဘူး။ ၁၉၅၃ ခုနှစ်လောက်က ရန်ကုန်တက္ကသိုလ်မှာ ကိုတင်ရွှေနဲ့တွေ့ခဲ့တာပါ။ အဲဒီနှစ်လောက်က ကျောင်းသားအရေးအခင်းတစ်ခုမှာ ပါ ၀င်လှုပ်ရှားခဲ့လို့ တက္ကသိုလ်က ရာသက်ပန်ကျောင်းထုပ်ခံခဲ့ရသူပါ။ နောက်သုံးနှစ်လောက်အကြာ ကျောင်းကပြန်လက်ခံတော့ ရန်ကုန် တက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့ ဝင် ကျောင်းသားတဦးဖြစ်လာပါတယ်။ နောက် မန္တလေးတက္ကသိုလ်ရောက်သွားပြီး မန္တ လေး သီးခြားတက္ကသိုလ်ဖွင့်ပွဲကို ကျနော်တို့ရန်ကုန်အဖွဲ့ လိုက်သွားကြတော့ သူနဲ့တခါ ပြန်ဆုံရပါတယ်။

သူဟာ ရုပ်ချောသူတယောက်မဟုတ်သလို မြင်မြင်ချင်းဆွဲဆောင်နိုင်တဲ့ စူးရှတောက်ပတဲ့ မျက်လုံးပိုင်ရှင်မျိုးလည်းမဟုတ်ပါ။ စကားပြော အကောင်းကြီးမဟုတ်သလို အသံကျယ်ကျယ် ပြောတတ်သူမျိုးလည်း မဟုတ်ပါ။ ဒါပေမယ့် ၁၉၅၀ ၀န်းကျင်ကလိုပဲ  သူ့ကိုမြင်ရင် သူဟာ ရိုးသားသူတယောက်ဖြစ်တယ်။ သူများထက် ပိုတော် ပိုတတ် ပိုထက်မြက်နေတယ်လို့ ကိုယ့်ဖာသာထင်နေတဲ့သူမျိုး မဟုတ်ဘူး။ သူနဲ့စကား ပြောလိုက်ရရင် တန်းတူရည်တူပဲ။ ဒါကြောင့် ကျောင်းသားတုံးကလည်း သူ့ကိုခင်တယ်။ သူကတော့ ဘယ်သူ့ကိုမှ ပိုခင်တယ် ပိုတွဲတယ်  ဆိုတဲ့ပုံသဏ္ဍာန်မျိုး မရှိခဲ့ဖူးဘူး။ အခု သူအသက် (၅၀) ကျော်အရွယ်မှာ ဥပဒေစာအုပ်တွေ အများကြီးရေးခဲ့ပြီ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရဲ့ အတ္ထုပ္ပတ္တိတွေလည်း ရေးခဲ့ပြီးပြီ။ ဆရာကြီးရဲ့  လေးချိုးပေါင်းချုပ်တွေလည်း  ရှာဖွေပြုစု ထုတ်ဝေခဲ့ပြီးပြီ။ ငြိမ်းချမ်းရေးကော်မတီမှာလည်း  ပါခဲ့ပြီ။ ဒါပေမယ့် သူ့ရဲ့ဟန်ပန်ဟာ ကျောင်းသားဘ၀ကဟန်ပန် မပျောက်တာကြောင့် ကျနော့်လို မိတ်ဆွေဟောင်းမပြောနဲ့။ ကျနော် နဲ့ပါ လာလို့ ခုမှသိရတဲ့လူငယ်နှစ်ယောက်ဟာ တခါတည်း  သူ့ကို တန်းလက်ခံသွားကြတယ်။ သူ့လိုလူမျိုး ဗဟိုကော်မတီအဖြစ်ပါတဲ့အဖွဲ့မှာ ၀င် လုပ်ရမယ်လို့ ယုံကြည်သွားကြတယ်။ မုံရွာ ဦးတင်ရွှေဆိုတာ ဒီလိုအရည်အချင်းမျိုးရှိတဲ့သူပါ။
+++ +++

● ဦးအောင်ကြီးရဲ့ ခြေယောင်များ
ကျနော် တို့ရန်ကုန်မှာ တပတ်လောက်နေပြီး အောက်တိုဘာလလည်မှာ ရန်ကုန်ကပြန်ခဲ့ပါတယ်။ မပြန်ခင်မှာ တက္ကသိုလ်ရိပ်သာလမ်းကို  နေ့စဉ်လိုလိုရောက်ခဲ့လို့ သတင်းလည်း ပိုစုံစုံ သိခဲ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီအီးစီလို့ခေါ်တဲ့ ဗဟိုအလုပ်အမှုဆောင်မှာ ဥက္ကဌက  ဦးအောင်ကြီး၊ ဒုတိယဥက္ကဌက  ဦးတင်ဦးဖြစ်ပြီး အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးအောင်ကြီးအဖွဲ့က  ဦးကြည် မောင်၊ ဦးကြည်ဟန်နဲ့ ဦးဘရွှေတို့သုံးဦး။ ဦးတင်ဦးရဲ့ တပ်မှူးကြီးဟောင်းများအဖွဲ့က ဦးအောင်ရွှေ၊ ဦးချစ်ခိုင်၊ ဦးလွင်တို့သုံးဦး။ ဒေါ်အောင် ဆန်းစုကြည်ရဲ့တတ်သိပညာရှင်များအုပ်စုက ဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်တို့ သုံးဦး။ စုစုပေါင်း (၁၂) ဦးပါဝင်တယ်။

စီစီလို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ ဦးစီးအဖွဲ့ ဝင်တွေကတော့ ဦးအောင်ကြီးအဖွဲ့က ….
(၁) ဦးခင်ညို
(၂) ဦးဇော်ဝင်းဦး
(၃) ဦးမင်းဒင်
(၄) ဦးကျော်မြင့်လေး
(၅) ဦးသာထို
(၆) ဦးသိန်းနိုင်
(၇) ဦးမောင်မောင်
(၈) ဦးနန်းနွယ်
(၉) ဦးမောင်မောင်
(၁၀) ဦးဖိုးအောင်တို့ ပါဝင်ပါတယ်။

ဦးတင်ဦးရဲ့ တပ်မှူးကြီးဟောင်းများအဖွဲ့က
(၁) ဦးသောင်းဒန်
(၂) ဦးလှမော်
(၃) ဦးစောမြင့် 
(၄) ဦးရွှေ
(၅) ဦးအေးမောင်
(၆) ဦးတင်အေး
(၇) ဗိုလ်ရဲထွဍ်
(၈) ဦးသန်းထွန်း
(၉) ဦးချိန်ပိုး
(၁၀) ဦးလှမောင်တို့ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတ်သိပညာရှင် အုပ်စုအဖွဲ့က …
(၁) ဦးထွန်းတင်
(၂) ဦးသော်က
(၃) ဦးကိုယု
(၄) ဦးမိုးသူ
(၅) ဦးချမ်းအေး
(၆) ဒေါက်တာတင်မျိုးဝင်း
(၇) ဒေါက်တာသက်မင်း
(၈) ဦးဝင်းခက်
(၉) ဦးတင်ရွှေ
(၁၀) ဦးခင်မောင်ဆွေတို့ပါပါတယ်။

ဦးအောင်ကြီးက အဖွဲ့ ချုပ် ဥက္ကဌရာထူးယူထားပေမယ့် အောက်တိုဘာလဆန်းထဲမှာ မေမြို့မှာ အနားယူမယ်လို့ ဗဟိုအလုပ်အမှုဆောင်ထံ ခွင့်တင်ပြီး အထက်ဗမာပြည်တက်သွားတယ်။

ဒီလိုခရီးသွားဖို့ န၀တဆီက  ဓါတ်ဆီတိုင်ကီနှစ်လုံး ထုတ်ယူခွင့်ရခဲ့တယ်ဆိုတာအပြင် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်နဲ့ ၀နယ်တွေအထိ သွားခဲ့တယ်ဆိုတာတွေပါကြားရပါတယ်။ ပြီးတော့ ခွင့်ယူထားတယ်ပြောပြီး စည်းရုံးရေးလုပ်ငန်းတွေပါ လုပ်နေပြန်တယ်ဆိုတာတွေလည်း
ကြားရခဲ့ပါတယ်။

အပြန်မှာ မီးရထားတွေ ပြန်ထွက်နေလို့ မီးရထားနဲ့ ပြန်ခဲ့ကြတယ်။ မီးရထားကလည်းချောင်လို့ မီးရထားပေါ်မှာ လူငယ်နှစ်ယောက် နဲ့ အေးအေးဆေးဆေး  ဆွေးနွေးနိုင်ပါတယ်။ သူတို့တွေက ဦးအောင်ကြီးကို စိတ်မချဘူး။ ဦးနေ၀င်းရဲ့လူရင်းအဖြစ် မြင်တယ်။ အခုလည်း ခွင့် ယူတယ်ဆိုပြီး နယ်စပ်လူမျိုးစု လက်နက်ကိုင်နယ်မြေအထိ ဘာသွားလုပ်တာလဲ။ ခြေရှုပ်တယ်လို့ထင်ကြတယ်။ ဒါပေမယ့် ကိုယ့်ဖက်က  ယုံကြည်နိုင်လောက်တဲ့ သပိတ်ကာလအတွင်းက ခေါင်းဆောင်အများစုကလည်း  ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတ်သိပညာရှင်အုပ်စု အ နေနဲ့ ဒီအဖွဲ့ မှာပါနေတာမို့  ဒီအဖွဲ့နဲ့ပဲတွဲလုပ်ဖို့  အကြမ်းဖျင်းဆုံးဖြတ်ကြပါတယ်။

ပေါင်းတည်မပြန်ခင် တရက်မှာ ကျနော်တည်းတဲ့ စမ်းချောင်းကအိမ်ကို  သဲကုန်းက ကိုအောင်သန်းရောက်လာပါတယ်။ သူက အရေး အခင်းကာလအတွင်းမှာ ဂျီအက်စ်စီလို့ခေါ်တဲ့ အထွေထွေသပိတ်ကော်မတီမှာ ပဲခူးတိုင်းအနောက်ခြမ်း တာဝန်ယူခဲ့သူမို့ ကိုအောင်မိုးမြင့် နဲ့ချိတ်ဆက်ပြီး ကိုအောင်မိုးမြင့်အိမ်မှာ လာတည်းနေတာပါ။ ကျနော်ရောက်ကာစရက်များမှာတော့ သူအိမ်မှာမရှိလို့ မတွေ့ရပါဘူး။ စစ် တပ်ကအာဏာသိမ်းတော့ ပဲခူးတိုင်းအနောက်ခြမ်းက ဂျီအက်စ်စီမှာ သူတင်ပြတဲ့အချက်တခုကို  ကျနော်က  ကန့်ကွက်ခဲ့ပါတယ်။ အဲဒီက တည်းက  ပေါင်းတည်က ကိုအေးသန်းနဲ့ ကိုသန်းထွန်းဆီက လမ်းစရိတ်တောင်းပြီး  ဒီမိုကရေစီမရမချင်း ကျနော် မပြန်တော့ဘူးလို့ပြောပြီး ထွက်သွားတာပါ။ အခုတော့ သူက ရန်ကုန်မှာ လာငြိမ့်နေတာကိုး။ သူ့မြို့ က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကတော့ သပိတ်ကာလအတွင်းက  သူ့ဦးဆောင်မှုနဲ့ သမ၀ါယမဆိုင်တွေသိမ်းပြီး ပစ္စည်းတွေချရောင်းခဲ့တာမျိုးတွေရှိခဲ့လို့ စာရင်းမရှင်းနိုင်ပဲ  ပြေးတဲ့သူက ပြေး၊ ငွေရှာပြီး လျှော် တဲ့သူကလျှော် ဖြစ်နေချိန်ပါ။ သူက ဒီလိုအချိန်မှာ ရန်ကုန်မှာ အေးအေးဆေးဆေး  လာနေတာတွေ့လို့  ….

“မင်း … ဒီမိုကရေစီရမှပြန်မယ်ဆိုလို့ နယ်စပ်အထိရောက်နေပြီထင်နေတာ။ အခုတော့ မင်းက ဒီမှာလာငြိမ့်နေ။ မင့်မြို့က လုပ်ဖော်ကိုင်ဖက် တွေမှာ အိမ်မြှောင်အမြီးပြတ်ဖြစ်နေပြီ။ မင်း..ပြန်ရှင်းပါ။ လက်တွေ့ကျကျလုပ်ပါ။ စာအုပ်ကြီးတွေကိုင်ပြီး အလုပ်မဖြစ်တာတွေ လုပ်မနေနဲ့”  လို့ပြောတော့ သူက “DPSN  (လူ့ဘောင်သစ်) ဖွဲ့ ဖို့ ကြိုးစားနေလို့ပါ။ ဒါပြီးရင် မြို့ပြန်ပါမယ်” လို့ ပြောပါတယ်။ ကျနော်နဲ့ပါလာတဲ့ လူငယ်နှစ်ယောက်ကလည်းကျောင်းသားခေါင်းဆောင် မိုးသီးဇွန်တို့ ကိုသက်ထွန်း၊ မိုးဟိန်းနဲ့ ရဲနိုင်အောင်တို့ပါမယ်ဆိုတဲ့ လူ့ဘောင်သစ်အဖွဲ့ ကို စိတ်ဝင်စားကြပါတယ်။

● ပေါင်းတည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ဝင်စုဆောင်းရေးကော်မတီ

မြို့ကို ပြန်ရောက်လို့ ဒီမိုကရေစီအရေးတော်ပုံအတွင်းက ပါဝင်ခဲ့တဲ့ ကျောင်းသား၊ လူငယ်၊ ၀န်ထမ်း၊ အလွှာစုံက လူအချို့ကို ကျနော့်အိမ်ကို
ဖိတ်လိုက်ပါတယ်။ ကျနော်က ရန်ကုန်မှာတွေ့ခဲ့တဲ့ အခြေအနေအရပ်ရပ်ကိုရှင်းပြပြီး ကျနော့်အနေနဲ့တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ဆက်သွယ်ဖို့ဆန္ဒရှိကြောင်း။ အဲဒါကို အားလုံးသဘောတူရင် အဖွဲ့ဝင်စုဆောင်းရေးကော်မတီ (ယာယီ) ကို စတင်ဖွဲ့စည်းဖို့ပြောပါ တယ်။ ကျောင်းသားတွေအပိုင်းကတော့ အရေးတော်ပုံအတွင်းက ကျောင်းသားခေါင်းဆောင်တွေ ဦးစီးမယ်ဆိုတဲ့ လူ့ဘောင်သစ်ပါတီကို စိတ်ဝင်စားကြတယ်။ ကျနော့်သမီးတွေနဲ့ တူ၊ တူမတွေကအစပေါ့။ ဒါကြောင့် ကျောင်းသားခပ်ငယ်ငယ်တွေနဲ့ ၀န်ထမ်းတွေချန်ပြီး အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင် စုဆောင်းရေးကော်မတီ  (ယာယီ) ကို အဖွဲ့ ဝင် (၂၂) ဦးနဲ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။ နှစ်ရက်သုံးရက်
အတွင်း ဘုရားဂေါပကလူကြီးမို့လို့။ တချို့ကတော့ မီးသတ်တပ်ဖွဲ့ဝင်မိုလို့ စသဖြင့် နှုတ်ထွက်ကြသေးတယ်။ ထွက်တဲ့သူလည်း မတားပါ ဘူး။ တချို့ထပ်ဝင်လာသူတွေရှိတယ်။ လိုတိုးပိုလျှော့တွေ လုပ်ရပြန်ပါတယ်။ ကျနော်နေတဲ့ (၃၇) လမ်းမှာ အိမ်ခန်းတခန်းငှားပြီး ရုံးဖွင့် ပါတယ်။ ဆိုင်းဘုတ်တင်ဖို့ကို မ၀တကို စာတင်ပါတယ်။ မ၀တက ခဏစောင့်ပါဦးဆိုလို့  ဆိုင်းဘုတ်မတင်ဖြစ်သေးပါ။ ကျနော်တို့မြို့နယ်က
ဗဟိုက ညွှန်ကြားတဲ့အတိုင်း နာယက၊ ဥက္ကဌ၊ အတွင်းရေးမှူး အမည်မတပ်ပါ။ အားလုံးကော်မတီဝင်တွေချည်းပါပဲ။ အနီးအနားမြို့တွေက တော့ နာယက၊ ဥက္ကဌ၊ ဒုတိယဥက္ကဌတွေနဲ့ စဖွဲ့ကြပါတယ်။ မ၀တရုံးက ဆက်သွယ်ရမယ့် အဖွဲ့ခေါင်းဆောင်အမည်တော့ပေးပါဆိုလို့ ကျ နော့် နာမည်ပဲပေးလိုက်ပါတယ်။

ကျနော် ဥက္ကဌမဟုတ်ပေမယ့် အားလုံးက ကျနော့်ကို တိုင်ပင်ပါတယ်။ တခြားမြို့နယ်တွေကလာရင်လည်း ကျနော့်ဆီကိုခေါ်လာကြပါ တယ်။ ကျနော်ကလည်း  ရုံးခန်းဖွင့်တဲ့အခန်းမှာ နံနက်ပိုင်းထိုင်ပြီး နေ့လည်ပိုင်းကိုတော့ အိမ်မှာပဲနေပါတယ်။ ရုံးနဲ့အိမ်ကလည်း  သုံးလေး အိမ်ပဲ ခြားပါတယ်။
++++ ++++

● အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပဲခူးတိုင်း စည်းရုံးရေးကော်မတီ

မှတ်မှတ်ရရ  အောက်တိုဘာ (၂၂) ရက်နေ့မှာတော့ နတ်တလင်းက လူတယောက်နဲ့ ပဲခူးတိုင်းစည်းရုံးရေးအဖွဲ့ရှေ့ပြေး ဦးနိုင်ဦးဆိုတဲ့ လူ တယောက်ကို ကျနော်တို့ စုဆောင်းရေးကော်မတီဝင် လူငယ်တယောက်က  ကျနော့်အိမ်ကို ခေါ်လာပါတယ်။ ဦးနိုင်ဦးက သူတို့အ ဖွဲ့   ဒီ ပေါင်းတည်မှာ ညအိပ်မှာမို့တည်းခိုဖို့ လာစုံစမ်းတာပါ။ ကျနော့်အိမ်ကိုကြည့်ပြီး တိုင်းစည်းရုံးရေးအဖွဲ့ဝင်တွေက များတယ်။ ကားတွေလည်း ပါမယ်။ ဒီအိမ်မှာတော့ မဖြစ်ဘူးထင်တယ်လို့ ပြောပါတယ်။

စည်းရုံးရေးလာတာပဲဗျာ။ မဆန့်တော့လည်း ဟိုအိမ်ဒီအိမ်  ခွဲအိပ်ကြတာပေါ့လို့ပြန်ပြောတော့။ မဟုတ်ဖူးဗျ။ သံအမတ်ကြီးဟောင်းတွေ၊ ရဲ မင်းကြီးဟောင်းတွေနဲ့ ရန်ကုန်တိုင်းမှူးဟောင်း ဗိုလ်မှူးကြီး မင်းညီလည်း ပါလာတယ်လို့ပြောပါတယ်။ သူတို့က ဒီလိုပါလားလို့ သဘော ပေါက်လိုက်ပါတယ်။

ကျနော့်အမအိမ်ဟာ နှစ်ထပ်အိမ်အကျယ်ကြီးပါ။ ကျနော့်အမကလည်း  သူ့အိမ်မှာတောင်ရုံးခန်းဖွင့်ဖို့ ပြောထားတာပါ။ ကျနော်က သီးသီး သန့်သန့်ဖြစ်ချင်လို့ ရုံးခန်းငှားထားတာပါ။ ရုံးခန်းမှာလဲ အပေါ်ထပ်က အကျယ်ကြီးပါ။ ဒါပေမယ့် တူဖြစ်တဲ့အောင်မိုးမြင့်က သူ့အိမ်မှာ တည်းလို့ဖြစ်ပါတယ်လို့ ၀င်ပြောလို့ ရှေ့ပြေးအဖွဲ့က သဘောတူပြီး ပြန်သွားပါတယ်။ ညနေ (၄) နာရီလောက်မှာတော့ ဆလွန်းကားလေး စီး၊ ဟိုင်းလပ်ကားနှစ်စီးလောက်နဲ့ မှတ်တိုင်လမ်းက အစ်မအိမ်ကို  လူ (၂၀) လောက် ရောက်လာပါတယ်။ ဒီအထဲမှာ ကိုတင်ထွတ်နဲ့ ကိုစိုး သိမ်း (မောင်ဝံသ) တို့ ပါလာပါတယ်။ သူတို့ကို နာမည်ခေါ်ပြီး နှုတ်ဆက်လိုက်တော့ ကျန်တဲ့သူတွေက သိသွားပြီပေါ့။ သူတို့ ရေမိုးချိုး ကျွေးမွေးပြီးတဲ့နောက် ညနေ (၆) နာရီလောက်မှာ ကျနော်တို့မြို့က ကော်မတီနဲ့တွေ့ပေးပါတယ်။ သူတို့ကလည်း  တအုပ်စုက တယောက်စီ သဘောမျိုးနဲ့ ရဲမင်းကြီးဟောင်း ဦးခင်မောင်မောင်၊ သံအမတ်ကြီးဟောင်း ဗိုလ်မှူးကြီးလှမော်နဲ့ ကိုစိုးသိမ်းတို့က နှုတ်ဆက်စကားပြောကြပါ တယ်။

ကျနော်တို့ဖက်က လူငယ်တချို့က  မေးရင်းပြောရင်းနဲ့ပဲ ည (၇) နာရီခွဲသွားတော့  ည (၈) နာရီမှာ ကာဖျူးရှိလို့  လူစုခွဲလိုက်ပါတယ်။ ကို တင်ထွတ်နဲ့ ကိုစိုးသိမ်းတို့က ကျနော့်အိမ်မှာ လိုက်အိပ်ကြပါတယ်။ မနက်ကျတော့ သူတို့ ပြည်မြို့ကို ဆက်သွားပါတယ်။ ပြည်မြို့မှာ ဖွဲ့ စည်းရေးပြဿနာရှိတယ်လို့ သူတို့ပြောပြလို့သိရပါတယ်။

● မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့
သူတို့ပြည်မှာ ညအိပ်တဲ့ (၂၃) ရက်နေ့မှာပဲထင်တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဗဟိုအလုပ်အမှုဆောင် အချို့ နဲ့ဗဟို ကော်မတီဝင် တချို့ပါတဲ့ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ဆိုတာဖွဲ့ စည်းပြီး ကော်မရှင်မှာ မှတ်ပုံတင်တဲ့သတင်းကို ဘီဘီစီနဲ့ ဗီအိုအေသတင်းဌာနတွေက ကြေညာပါတယ်။

ဗိုလ်မှူးကြီး လှမော်နဲ့ ဦးခင်မောင်မောင်တို့ ရန်ကုန်ကိုတန်းပြန်သွားကြတယ်။ မျိုးချစ်ရဲဘော်ဟောင်းဖွဲ့စည်းတာကိုတော့ (၂၆.၁၀.၈၈) နေ့ စွဲနဲ့  ဗိုလ်မှူးကြီးလှမော်ကကြေညာပြီး ကော်မရှင်မှာ (၅.၁၁.၈၈) နေ့မှာမှ တရားဝင်မှတ်ပုံတင်ပါတယ်။

ဦးကိုယု၊ ဦးတင်ထွတ်နဲ့ ဦးစိုးသိမ်းတို့ ရွှေတောင်နဲ့ပေါက်ခေါင်းကိုဆက်သွားချိန်မှာ ဗိုလ်မှူးကြီးဟောင်း မင်းညီနဲ့ ဦးသိန်းလွင်တို့ ပေါင်းတည်
ပြန်လာပါတယ်။ဗိုလ်မှူးကြီးဟောင်း မင်းညီက မျိုးချစ်ရဲဘော်ဟောင်းဖွဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ခွဲထွက်မှာ မဟုတ်ဘူး လို့ရှင်းပြပါတယ်။ သူ့ကို မှတ်တိုင်လမ်းအိမ်မှာထားခဲ့ပြီး ကိုသိန်းလွင်က ရုံးကိုလိုက်ကြည့်ပါတယ်။ ရုံးရောက်တော့ ကိုသိန်းလွင်က အတွင်း စကားပြောပါတယ်။ ကိုတင်ထွတ်နဲ့ ကိုစိုးသိမ်းကလွှတ်လိုက်တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထဲမှာ အုပ်စု (၃) စုဆိုပေမယ့် ဖွဲ့စည်းပြီး လို့ တလလောက်အတွင်းမှာပဲ တိုင်းအသီးသီး မြို့ နယ်အသီးသီးက ဆက်သွယ်လာသူတွေဟာ တတ်သိအုပ်စုနဲ့နွယ်နေတာက အများစု ဖြစ်လာတယ်။ အရေးအခင်းကာလမှာ နယ်တွေမှာဦးဆောင်ခဲ့တဲ့သူတွေက ၁၉၅၀ ခုနှစ်နဲ့ ၁၉၆၀ ခုနှစ်။ ဆယ်စုနှစ်များအတွင်း ဗကသနဲ့ တကသများမှာ လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားညီညွတ်ရေးတပ်ဦးအုပ်စုနဲ့ နောက်ပိုင်း အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်နဲ့ ကျွန်းစွယ်အရေးအခင်းတွေမှာ ပါဝင်ခဲ့ကြသူတွေဖြစ်နေကြလို့ သူတို့တွေကပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတ်သိအုပ်စုဝင် တွေ ဖြစ်လာခဲ့ကြတယ်။

ဒါကြောင့် ကျန်တဲ့ဦးအောင်ကြီးအုပ်စုနဲ့ တပ်မှူးကြီးဟောင်းအုပ်စုတွေဟာ နဲနဲစိုးရိမ်လာပြီး သုံးအုပ်စုဆိုတဲ့သဘောကိုဖျောက်ပြီး တဖွဲ့ တည်း ပုံစံကိုဖော်ဖို့ တိုက်တွန်းလာပါတယ်။ ဒါကို ဒေါ်စုကလည်း လက်ခံတယ်။ ဒါပေမယ့် အခုတော့ သူတို့ စစ်ပြန်အုပ်စုကပဲ မျိုးချစ်ရဲဘော် ဟောင်းဆိုပြီး စဖောက်လာကြတယ်။ ဒါဟာဗဟိုမှာ ဘယ်အထိ ဘယ်လိုဆက်ဖြစ်မယ်မသိဘူး။ ကိုတင်ထွတ်နဲ့ ကိုစိုးသိမ်းတို့မှာ လိုက် တာကတော့ ကျနော့်ကိုလည်း ရန်ကုန်ဆင်းလိုက်ခဲ့ဖို့ ကောင်းတယ်။ တိုင်းအဖွဲ့အစည်းလောက်မှာ ၀င်ပါဖို့လိုအပ်
တယ်လို့ ပြောပါတယ်။

ဒီအချိန်မှာ ဗိုလ်မှူးကြီး မင်းညီလည်း ရုံးကိုလိုက်လာပါတယ်။ သူက မျိုးချစ်ရဲဘော်ဟောင်းအဖွဲ့အမှုဆောင်ကော်မတီမှာ အမည် မပါပါ ဘူး။ ဒါပေမယ့် အဲဒီဖက်အနွယ်ပဲ ဖြစ်ဖို့များပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့အရည်အချင်းနဲ့ မျိုးရိုးအရ သူထောက်ခံတယ်။ မစု..ကို ဗိုလ်ချုပ်သမီးမို့ စောင့်ရှောက်ဖို့  သူပိုလိုလားတယ်။ သူကတော်တဲ့သူကို ချီးမြှင့်လက်တွဲမှာပဲ။ စဖွဲ့တုံးကလည်း သခင်တင်မြကို ဒေါ်စု ဖက်က (စီစီ) ဗဟိုကော်မတီအဖြစ်လျာထားရာမှာ ဦးအောင်ကြီးက ကွန်မြူနစ်မို့လို့ မသုံးဖို့  ကန့်ကွက်တုံးကလည်း သူက သခင်တင်မြရဲ့ အရည်အချင်းကို  မဆလမှာ အတူတွဲအလုပ်လုပ်ဖူးလို့ သိခဲ့လို့ သခင်တင်မြ ကို ထောက်ခံခဲ့တယ်။သူကတော့ ခုအချိန်မှာတွဲလုပ်လို့ရတဲ့သူတွေ ခိုင်ခိုင်မာမာ စည်းစည်းရုံးရုံးရှိနေတာကို ကြိုက်တယ်။ အခုလို မျိုးချစ်ရဲဘော်ဟောင်းဖွဲ့တာကို မကြိုက်ဖူးလို့ ပြောပါတယ်။

ကျနော်ကတော့ ဒီအချိန်မှာ ဒီလောက်အတွင်းကျကျ  မသိသေးလို့ ဘာမျှမပြောပါ။ ကျနော်အရေးအခင်းတလျှောက်လုံး ဒီမြို့မှာပဲနေခဲ့လို့ ရန်ကုန်အခြေအနေကို မသိခဲ့ပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဖွဲ့ပြီးမှသာ ရန်ကုန်ဆင်းလာပြီး ဆက်သွယ်ခဲ့တာမို့ ဘာမှအတွင်းကျကျ  မသိသေးပါဘူးလို့ ပြန်ပြောပါတယ်။

ဒါပေမယ့် ကျနော့်အသက်အရွယ်နဲ့ဗဟိုက ဆင်းလာတဲ့သူတွေထဲက အသိဟောင်းတွေကိုဆက်စပ်ပြီး တတ်သိနွယ်မယ်ဆိုတာတော့ သူ လည်းအကဲခတ်မိမှာပါပဲ။ ဗိုလ်မှူးကြီး မင်းညီက ပုဂ္ဂိုလ်အရတော့ ခင်ဗျားတို့အထဲက ဦးကိုယုကတော့ သရော်တော်တော်လုပ်တတ်တဲ့ အကျင့်ရှိတယ်လို့ ပြောတော့။ ကျနော်က သဘောတူပါတယ်။ ကိုယုက ကျောင်းသားကတည်းက လှုံ့ဆော်အား အလွန်ကောင်းသလောက်  သူ့ရဲ့လှုံ့ဆော်ပုံကိုက ဒီလိုသရော်တော်တော်ပါပဲ။ စာရေးတော့လည်း သရော်စာရေးတဲ့ဖက်မှာ အားသန်တဲ့အကြောင်း ကျနော်က ပြန် ပြောပြပါတယ်။

သူတို့ အဖွဲ့ လာလိုက်တဲ့အတွက် ပါတီဝင်လျှောက်လွှာတွေနဲ့ ပါတီဝင်ရင်ထိုးတံဆိပ်တွေရလိုက်ပါတယ်။ ဒါဆိုတော့  ကျေးရွာတွေကို စည်း ရုံးရေးဆင်းနိုင်ပါပြီ။ ကျေးရွာတွေကလည်း တောင်းဆိုနေပါတယ်။ ဒါပေမယ့် စည်းရုံးရေးဆင်းရင် ဘာတွေဟောပြောကြမလဲ။ ဘယ် သူတွေက ဟောကြ..ပြောကြမလဲ။ ဘယ်သူတွေ လိုက်ကြမလဲ။ လုပ်စမရှိသေးတော့ အစခက်နေပါသေးတယ်။ ဒါကြောင့် ဆိုင်းဘုတ်မတင် ရသေးပေမယ့် ရုံးဖွင့်ပွဲလုပ်လိုက်ပါတယ်။ ပြီးတော့ အဖွဲ့ဝင်စုဆောင်းရေးအဖွဲ့ (ယာယီ) ရဲ့ အစည်းအဝေးလုပ်ပါတယ်။ အစည်းအဝေး ကျင်းပပုံ ကျင်းပနည်း (ယာယီ) ကို ကိုယ့်ဖာသာရေးပြီး အများရှေ့တင်ပြ။ အတည် ပြုချက်ရယူရပါတယ်။ တဆက်တည်းမှာပဲ ကော်မတီဝင်  မဟုတ်သော်လည်း  တက်ကြွသူများ (Activists) အစည်းအဝေးကိုပါ ကျင်းပရပါတယ်။ အဲဒီလိုနဲ့ ဆွေးနွေးရမယ့်အချက်၊ ဆွေးနွေးဟော ပြောနိုင်မယ့်သူများကို  ရွေးနိုင်လာပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts