သန်းဝင်းလှိုင်

မြန်မာ့သမိုင်းတကွေ့မှ နိုင်ငံခြားသားများ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

သန်းဝင်းလှိုင်
နိုဝင်ဘာ ၁၆၊ ၂၀၁၂
 ● မြန်မာပြည်၏ မောင့်ဘက်တန်

မောင့်ဘက်တန်သည် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခါနီး၌ မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်ခဲ့သော မဟာမိတ် တပ်ပေါင်းစု၏ စစ်သေနာပတိချုပ်ဖြစ်သည်။ စစ်ပြီးခါစတွင် မြန်မာပြည်ကို ကက်စ်ဘီ( CAS (B) ) ခေါ် မြန်မာနိုင်ငံဆိုင်ရာ မြို့ပြအုပ်ချုပ်ရေးအဖွဲ့ ဖြင့်အုပ်ချုပ်သွားခဲ့သူဖြစ်သည်။ စင်စစ် မြန်မာနိုင်ငံအုပ်ချုပ်ရေး အဖွဲ့ဟုခေါ်ဆိုသော စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည့်ကာလဖြစ်သည်။ ကက်စ်ဘီ အုပ်ချုပ်ရေးအဖွဲ့ စဖွဲ့သည့် နေ့မှာ (၁၉၄၃ )ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ဖြစ်သည်။ အဖွဲ့၏အကြီးအကဲမှာ ဗိုလ်ချုပ် စီအက်ဖ်ဘီ ပီယား (C,F,B Pearce) ဖြစ်သည်။  ထို့နောက် ၁၉၄၄ ဇန်န၀ါရီလ ၁ ရက်မှ စ၍  ကက်စ်ဘီကို အရှေ့တောင်အာရှဆိုင်ရာ မဟာမိတ် တပ်များ၏ စစ်သေနာပတိချုပ်  လော့ဒ်မောင့်ဘက်တန် လက်အောက်သို့လွှဲပြောင်းပေးခဲ့သည်။ ထိုအချိန်မှစ၍ အိန္ဒိယ နိုင်ငံ စစ်သေနာပတိချုပ်နှင့် စစ်ပြေး အစိုးရ ဘုရင်ခံချုပ်တို့ ပူးတွဲအုပ်ချုပ်သည့် စနစ်ပျက်သွားပြီး မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးမှာ မောင့်ဘက်တန်၏ လက်အောက်သုံးလုံးဝကျရောက်သွားခဲ့သည်။

မောင့်ဘက်တန်နှင့် မြန်မာနိုင်ငံ ပတ်သက်ရပုံကို လေ့လာကြည့်ပါက မောင့်ဘက်တန်သည် ၁၉၄၃ နိုဝင်ဘာ ၁၆ တွင် မဟာမိတ်တပ်များ၏ ရှေ့တောင်အာရှ စစ်သေနာပတိချုပ်အဖြစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ၌ ရာထူးစတင်လက်ခံသည်။ မြန်မာနိုင်ငံ၌ ၁၉၄၂ မတ်လမှစ၍ ဂျပန်လက်အောက်သို့ ကျရောက်ခဲ့ရပြီး ဒေါက်တာဘမော်က အဓိပတိ၊ ဗိုလ်ချုပ်အောင်ဆန်းက ကာကွယ်ရေးဝန်ကြီးအဖြစ်ပါဝင်သောအခါ အစိုး ရအဖွဲ့ကအုပ်ချုပ်ရသည်။ ဂျပန်ကမသိမ်းနိုင်၍ မြန်မာပြည်တောင်တန်းဒေသများကို ၁၉၄၄ ဇန်န၀ါရီလ ၁ ရက်မှစ၍  မောင့်ဘက်တန်က မဟာမိတ် စစ်သေနာပတိချုပ်အနေဖြင့် အိန္ဒိယမှလှမ်း၍ အုပ်ချုပ် နေသည်။ ဗြိတိသျှတို့၏ မြန်မာပြည် ဘုရင်ခံ ဒေါ်မန်စမစ်မှာ အိန္ဒိယနိုင်ငံဆင်းမလာမြို့၌ စစ်ပြေးမြန်မာပြည်အစိုးရ အဖွဲ့ဖြင့်ရုံးစိုက်နေသော်လည်း ထိုအချိန်ကမြန်မာပြည်တောင်တန်းဒေသကို မောင့်ဘက်တန်က တာဝန်ယူအုပ်ချုပ်ခဲ့ရသည်။

ထိုစဉ်ကမောင့်ဘက်တန်သည် လူလတ်ပိုင်းဖြစ်ပြီး သူ့အသက်မှာ ၄၃ နှစ်ကျော်ရှိပြီးဖြစ်သည်။ ထိုအ ချိန်ကဘွဲ့ထူးဂုဏ်ထူးမှာရေ တပ်ဗိုလ်ချုပ်၊ဂုဏ်ထူးဆောင် ဗိုလ်ချုပ်(ကြည်း) ၊ဂုဏ်ထူးဆောင်လေတပ် ဗိုလ်ချုပ် လော့ဒ်လူဝီ မောင့်ဘက်တန်ဟူ၍ ဖြစ်သည်။

မောင့်ဘက်တန်သည်ဂျာမန်ပြည်နယ်တစ်ခုဖြစ်သည့်ဟက်စ်မင်းဆက်လူဝီ(၄)မှဆင်းသက်လာသူဖြစ်သည်။ ဗြိတိသျှဝိတိုရိယ ဘုရင်မကြီး၏ တတိယသမီးတော် အဲလစ်(၁၈၄၃ – ၇၈)နှင်ဂျာမန်မင်းသားကြီး (ဟက်မင်းဆက်)လူဝီ ၄ (၁၈၃၇ -၁၈၉၂)တို့လက်ဆက်သည်တွင်ဟက်မင်းမင်းသမီး ၀ိတိုရိယ(၁၈၆၃ – ၁၉၅၀)ကိုဖွားမြင်ခဲ့သည်။ ယင်းမင်းသမီးနှင့် ဘက်ကင်ဘက် မင်းသားလူဝီ(၁၈၅၄-၁၉၂၁)တို့လက်ဆက်ရာမှ ၁၉၀၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်တွင်ဖွားမြင်သော သားသမီးလေးယောက်အနက် အထွေးဆုံးသားဖြစ်သည်။

ထို့ကြောင့်မောင့်ဘက်တန်သည် ၀ိတိုရိယဘုရင်မကြီး ၏ မြစ်အရင်းဖြစ်သည်။ အသက် ၁၃ နှစ်တွင် ဘုရင့်ရေတပ်သို့ ၀င်ပြီး ဗိုလ်လောင်းဖြစ်ကာ အသက် ၂၀ တွင် ဒုတိယဗိုလ်မှူးကြီးဖြစ်လာပြီး သူ့အသက် ၃၇ တွင်ရေတပ်ဗိုလ်ကြီးဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်စက မောင့်ဘက်တန်သည် အမှတ်(၅) ဖျက် သင်္ဘောတပ်မှူးအဖြစ်လည်းကောင်း ၊ လေယာဉ်တင်သင်္ဘောကြီး အီလပ်စထြီးရပ်စ် ( H,M,S Illustrious)  ၏ တပ်မှူးအဖြစ် လည်းကောင်း ထမ်းရွက်ခဲ့ရသည်။ သူ၏အသက် ၄၃ နှစ်တွင် ရေတပ်ဗိုလ်မှူးကြီး ရာထူးခန့်အပ်ခံရပြီးနောက် ဗြိတိသျှတော်ဝင်စစ်ဦးစီးချုပ်အဖွဲ့ဝင် တစ်ဦးဖြစ်လာသည်။

မောင့်ဘက်တန်သည် ဆဌမမြောက် ဂျော့ဘုရင်(လက်ရှိဘုရင်မကြီးဒုတိယမြောက်အယ်လစ်ဇဘက်၏ ခမည်းတော်) ၊နန်စွန့်ဘုရင် အဖြစ်ကျော်ကြားခဲ့သော အဌမမြောက်အက်ဒ၀ပ် ဘုရင်တို့၏ ညီအစ်ကိုဝမ်းကွဲ တော်စပ်ပြီး လက်ရှိဘုရင်မကြီး ဒုတိယမြောက်အယ်လီဇဘက်၏ ကြင်ယာတော် အက်ဒင်ဘာရာမြို့စား ဖိလစ် မင်းသားကြီးနှင့် ဦးလေးတော်စပ်သည်။ သူ၏ညီမ၀မ်းကွဲ အီနာ(Ena)သည် စပိန် ၁၃ ဆက်မြောက် အယ်ဖွန်ဆို ဘုရင်ကို လက်ထပ်ခဲ့သူဖြစ်သည်။ သူ၏ ညီမ လူဝီသည် ဆွီဒင် (၆)ဆက်မြောက်  ဂုစတပ်ဘုရင်နှင့် လက်ဆက်သည်။ လူဝီမောင့်ဘက်တန်၏ မိထွေး (ဒေါ်လေး) သည် ရုရားနိုင်ငံ၏ နောက်ဆုံး ဘုရင် ဒုတိယမြောက် နီကိုလပ်စ် ( Necholas ၊ ၊) နှင့်လက်ဆက်ခဲ့သူဖြစ်သည်။

သူသည်မင်းသွေးပါပြီး ရာထူးအတက်မြန်သဖြင့် သူ့ကို လူသိများ သလိုအများက လေးစားကြသည်။ ထူးခြား သည့်ပုဂ္ဂိုလ်တစ်ယောက်အဖြစ် အားလုံးက အသိအမှတ်ပြုခဲ့ကြသည်။ သူ၏ထူးခြားသည့် ကိုယ်ပိုင်ဟန်ပန် စရိုက် ကြောင့်လည် လေးစားအသိအမှတ်ပြုကြခြင်းဖြစ်သည်။ သူ့လိုမင်း ဆွေမင်းမျိုးထဲမှ တခြားမင်းညီ မင်းသားများ၊ မြို့စားများ သူကဲ့သို့ထူးချွန်သူ ရာထူးကြီးထမ်းရွက်ရသူများ ဖြစ်မလာကြပေ။ သူ့လိုအာဏာ အပြည့်အ၀မည်သူမျှ အပေးခံရချေ။

လော့ဒ် မောင့်ဘက်တန်သည် ပင်ကိုယ်ကပင် စိတ်သဘောထား ပြည့်ဝ၍  ဖျက်လတ်သည်။ စိတ်ထား ကြံ့ခိုင်သည်။ ကိုယ့်ခွန်အားကိုအားကိုးလိုစိတ်ရှိသည် ။အရာရာကို စူးစမ်းချင်စိတ်ရှိသည်။ ပင်ကိုယ်စရိုက် အားဖြင့် ဟန်ပန်ကြီးသည်။ ၀င့်ဝါသည် ။ အလုပ်ကြိုးစားသည် ။ မိမိလုပ်ကိုင်ရသည် လုပ်ငန်းအပေါ် ကျွမ်းကျင် ပိုင် နိုင်သည်။ ဥာဏ်ပညာမြင့်မား၍ ပိုင်းပိုင်းပြတ်ပြတ် ဆောင်ရွက်တတ်သူဖြစ်သည်။  ပင်ကိုယ်စရိုက် မျိုးရိုးဂုဏ် သိန်နှင့်၎င်းအရည်အသွေးများ ပေါင်းစပ်လိုက်သည့်သောအခါ ချစ်ခင်နှစ်သက်စရာ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာသည်။နန်ရင်းဝန် ချာချီက သူ့ကိုယုံကြည်သည်။အာရှတိုက်မှ ဂျပန်ကိုမောင်းထုတ်နိုင်လိမ့်မည်ဟု အထင်ကြီးသည်။ သူအုပ်ချုပ်ရသည့်တပ်များမှာထွေပြားသည်။ တာဝန်ပေးစေခိုင်းရာ၌ အခက်အခဲများစွာ ရှိ နိုင်သည်။ သူ့လက်အောက်ရှိအဖွဲ့အစည်းများ တပ်များဘယ်မျှထွေပြားသည်ကိုလေ့လာပါက သူ့ဌာနချုပ်တွင် ဗိုလ်ချုပ်တစ်ယောက်စီ အုပ်ချုပ်သည့် ဌာနအဖွဲ့(၃၀)ရှိသည်။တိုက်ခိုက်ရေး၊ စစ်ဆင်ရေးဘက်တွင် သူ့အောက်၌ရေတပ် သေနာပတိ ၄၆ ယောက် ၊ ကြည်းတပ်သေနာပတိ သုံး ယောက်နှင့် လေတပ်သေနာပတိ တစ်ယောက်တို့ရှိသည်။ အကြောင်းဆက်အမျိုးမျိုး၊ အကျိုးဆက်အမျိုးမျိုး ပြသာနာ အဖုံဖုံ၊ထွေပြားသည့်ကိစ္စ တခုအတွက် သဘောတူညီမှုတစ်ခုရရှိရန် အမေရိကန်သမ္မတ ရုစဗဲ့ ၊ တရုတ်သေနာမတိချုပ် ချန်ကေရှိက် ၊ အိန္ဒိယဘုရင်ခံချုပ်တို့နှင့် တိုင်ပင်ဆွေးနွေးပြီးမှ သူတို့ခေါင်းညိမ့်မှ ပြီးပြတ် သည်။ ကြည်း၊ရေ ၊လေနဲ့ စစ်ဦးစီးချုပ်များမှတဆင့် ၀င်စတန်ချာချီက သူ့ကိုအမိန့်ပေးညွန့်ကြားသည်။ သို့ဖြစ်၍ သူသည် ချာချီနှင့်အဆက်အသွယ် အမြဲရှိပေသည်။သူကိုယ်တိုင်ကလည်း ကမ္ဘာ့နိုင်ငံရေး ၊ ကမ္ဘာ့စစ်ရေးအခြေ အနေများကို အမြဲတမ်းသိနားလည်ထားရန် အချိန်ရသရွေ့လေ့လာသည်။ ဂျပန်တို့သိမ်းပိုက်ထားသည့် တိုင်း ပြည်များတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ အပြောင်အလွဲများကို သူအပြတ်မခံ၍မရ။ ယင်းတို့ မှာ စစ်ရေးနှင့်များစွာ ဆက်စပ်နေသည်မဟုတ်ပါလော။ အခြေအနေအားလုံး အဆင်ပြေညီညွတ်ရန် သူ့တွင် တာဝန်ရှိသည်။

မြန်မာနိုင်ငံကိုဂျပန်လက်မှပြန်လည်သိမ်းယူရေးသည်သူ၏အဓိကတာဝန်ဖြစ်သည်အကျယ်အပြန့်ပြောဆိုရမည်ဆိုလျှင် မြန်မာနိုင်ငံကို သူ့လက်ထဲဝကွက်အပ်လိုက်ခြင်းသည် သူ့တာဝန်မပြီးမချင်း ဆင်းမလား မြို့ရှိ မြန်မာအစိုးရအဖွဲ့အပေါ် သူ့အရိပ်ကြီးက လွှမ်းမိုးထားမည်ဖြစ်သည်။ ဗြိတိသျှအစိုးအဖွဲ့မူ ဆင်းမလားရှိ မြန်မာအစိုးရအဖွဲ့ကို ဖျက်သိမ်းရန်လည်း မဆုးံဖြက်၊လန်ဒန်သို့ရောက်ရှိနေသောမြန်မာ နိုင်ငံဆိုင်ရာ ရုံး၌ အကြံပေး အဖွဲ့အဖြစ်တွဲဖက်ထားရန်လည်း မဆုးံဖြက်၊ ဒေါ်မန်စမစ်မှာ ဆင်းမလားတွင် မြန်မာပြည်စီမံကိန်းများ ရေးဆွဲ သည်။ မောင့်ဘက်တန်လက်အောက်တွင်မူ မြန်မာနိုင်ငံ မြို့ပြအုပ်ချုပ်ရေးအဖွဲ့တွင် မြို့အုပ် ချုပ်ရေးအရာရှိများကို စစ်ဘက်ရာထူးဖြင့် ခန့်အပ်တာဝန်ပေးလျက်ရှိသည်။ ထိုဌာနမှာလောလောဆယ်တွင် မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသများ၏ အုပ်ချုပ်ရေးကို တာဝန်ယူရသည်။ ယင်းမှာ ၁၉၄၃ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ တရားဥပဒေအရ ဒေါ်မန်စမစ်လက်အောက်တွင် ရှိကြသော်လည်း လက်တွေ့ အုပ်ချုပ်မှုအရ အိန္ဒိယ ဘုရင်ခံ ချုပ် ဝေဗယ်လက်အောက်တွင် ရှိရသည်။ ယခုမူ ၁၉၄၄ ဇန်န၀ရီ ၁ ရက်စ၍ လက်တွေ့သဘောတရား အရ ရော ဥပဒေအရပါ မောင့်ဘက်တန်လက်အောက်သို့ လွှဲပြောင်ပေးလိုက်ရသည်။ တချိန်တည်းမှာပင် ယင်းနှင့် ပတ်သက်၍ စစ်ဦးစီးအဖွဲ့၏ ညွန့်ကြားချက်အတိုင်း မောင့်ဘက်တန်ကလိုက်နာ ဆောင်ရွက်ရသည်။ ညွှန့်ကြား ချက်ကို သူ၏ မြို့ပြအုပ်ချုပ်ရေးဆိုင်ရာ အပိုင်းအစီရင်ခံစာ အပိုဒ် ၁ တွင် ဤသို့ ဖော်ပြထားသည်။

“မြန်မာနိုင်ငံတွင်လက်တွေ့အားဖြင့် စစ်မြေပြင်ဖြစ်လာတော့မည်။ ထို့နောက်ဆက်လက်ဆင်နွှဲရမည့် တိုက်ပွဲများ အတွက်မြန်မာနိုင်မှာစစ်အခြေအခြေခံစခန်းတစ်ခုအဖြစ် တည်ရှိနေဦးမည်မှသေချာသည်။ ထိုအခါ စစ်ရေးလို အပ်ချက်များ အလွန့်အလွန်များပြား လာမည်ဖြစ်သည်။ ဤသို့လိုအပ်ချက်များ ဖြည့်ဆည်းရဦးမည်။ မြို့ပြအုပ်  ချုပ်ရေး ပြန်လည်လုပ်ဆောင်ရဦးမည်။ ထိုလုပ်ငန်းတာဝန်များမပြီးမချင်း မြို့ပြအုပ်ချုပ်ရေးဌာနသည် စစ်အုပ် ချုပ်ရေး အောက်တွင်တည်ရှိရမည် ဖြစ်ပြီး ၊ကျွန်တော်တို့ထဲမှ အမိန့်ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက် ရလိပ့်မည်။ “

အတိအကျပြောရလျှင် ထိုအချိန်ကမြန်မာနိုင်ငံကို ဘုရင်ခံနှစ်ယောက်ကအုပ်ချုပ်ရေးနေသည် ဟူ၍ပင်ဖြစ် သည်။ ဒေါ်မန်စမစ်မှာ ၁၉၃၅ မြန်မာနိုင်ငံအပ်ဥပဒေအပိုဒ် ၁၃၉အရ တရားဝင်ဘုရင်ခံဖြစ်သည်။ သို့သော် ထိုစဉ်ကမူ မြန်မာနိုင်ငံမှာသူ့အုပ်ချုပ်ရေးသြဇာအောက်တွင် မရှိပေ။ လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအရ မောင့်ဘက်တန်က မြန်မာနိုင်ငံဘုရင်ခံရာထူးကို ဆက်ခံထားသည်။

၁၉၄၄  နှစ်ဆန်းပိုင်းအထိ လော့ဒ် ၌မောင့်ဘက်တန်လက်အောက်တပ်များသည် မြန်မာနိုင်ငံ ပြည်သိမ်းတိုက် ပွဲကို မစနိုင်သေးချေ။ ရွှေ့ဆိုင်းထားရသည်။ စစ်လက်နက်ရိက္ခာစသည့်လိုအပ်ချက်များကြောင့်ဖြစ်သည်။ သို့သော် မြစ်ကြီးနားမြို့ကိုသိမ်းပိုက်ပြီး တရုတ်ပြည်ရှိ ချန်ကေရှိတ်နှင့်အဆက်အသွယ်မပြတ်ရန်ရည် ရွယ်ချက်ဖြင့် စတီးဝဲလ် ခေါင်းဆောင်သည့် တပ်များကိုဟူးကောင်းတောကြီးထဲသို့ဦးတည်ချီတက် လျက်ရှိသည်။ ထိုအချိန်တွင် ဂျပန်တပ်မတော်သည် တမူးမှတဆင့် အိန္ဒိယပြည်ထဲသို့ ချင်းတွင်းစစ်မျက်နှာ၌ ပြင်ဆင်နေ ကြပြီးဖြစ်သည်။ ထိုစဉ်က စတိးဝဲလ်စစ်မျက်နှာတွင် ဂျပန်တပ်မှာ အရှုံးနှင့်ရင်ဆိုင်နေရသည်။ သို့သော်လည်း စစ်နယ်ကျွံ နေသောဂျပန် တပ်မတော်သည် အိန္ဒိယထိုးစစ်ကို အကျအနပြင်ဆင်နေသည်ကို မောင့်ဘက်တန်တို့ စဉ်းစား၍မ ရနိုင်ပေ။

ထိုစဉ်အတွင်း ၁၉၄၃ သြဂုတ်လ ၁ ရက်နေ့မှ ၁၉၄၄ သြဂုတ်လ ၁ ရက်နေ့အထိ တနှစ်တာကလအတွင်း မြန်မာတို့သည် ဂျပန်ဆန့်ကျင်ရေး စိတ်ဓါတ်များ ပို၍ ပြင်းထန်လာခဲ့သည်။ မြန်မာတမျိုးသားလုံး ဂျပန်ကို မုန်းတီးဆန့်ကျင်ကြသည်။ တော်လှန်ရေးသမားများက ဂျပန်တို့ကို နည်းမျိုးစုံနှောင့်ယှက်ကြသည်။ လက်နက် ကိုင်ဆန့်ကျင်ရေးပင်ပြုလုပ်လာကြသည်။ လူထုကမူ ဂျပန်နှင့်မပူးပေါင်းရေး ၊ အကူအညီမပေးရေးနည်းများဖြင့် မသိမသာဆန့်ကျင်ကြသည်။ ယင်းအခါကာလတွင်ပင် နိုင်ငံရေးပါတီတို့မှာ သဘောထားကွဲလွဲ ချက်များ ကို မေ့ထား၍ ဂျပန်ဆန့်ကျင်ရေးလမ်ကြောင်းပေါ်၌  စုစည်းရပ်တည်ကြသည်။

၁၉၄၂ နှစ် ဆန်ပိုင်းတွင် ဂျပန်တို့နှင့် လက်တွဲကာ ဗြိတိသျှအစိုးရကို မောင်းထုတ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း သည် မဟာမိတ်တို့ဘက်သို့ ပြောင်းလွဲထောက်ခံလျက် ဗြိတိသျှတို့ကိုလည်း အကူအညီပေးလာခဲ့သည်။  ဘုရင်ခံ ဒေါ်စမစ်နှင့် ၁၉၄၂ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံ ဗြိတိသျှအစိုးရ အ တွက်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်သူအားပေးသစ္စာဖောက်တဦး ဖြစ်သောကြောင့် သေဒဏ်စီရင်ခံ ထိုက်သူဟု ဗြိတိသျှတို့ကယူဆသည်။

သို့သော်မောင့်ဘက်တန်က ဗြိတိသျှတို့ကိုဆန့်ကျင်ပြီး နိုင်ငံရေးခံယူချက်ကြောင့်ရန်သူတို့နှင့် ပူးပေါင်းခဲ့မိသူများအပေါ် မည်သူကိုမဆို ထိုလုပ်ရပ်ကြောင့် အရေးမယူရဟု ညွှန်ကြားချက် ထုတ်ပြန်ခဲ့ သည်။သူသည် မြန်မာပြည် သူလူထု၏ ဆန္ဒနှင့်စေတနာမှန်တို့ကိုယခင်ကအတိုင်း ထိန်းထိန်းသိမ်းသိမ်း ဆက်လက်ရှိနေစေရန်အရေးကြီးလှကြောင်းသိထားသူဖြစ်သည်။ထို့ကြောင့်မောင့်ဘက်တန် ဦးစီးသော မဟာ မိတ်တပ်များသည် ၁၉၄၅ မတ်လတွင်မြန်မာနိုင်ငံရှိ ဂျပန်တပ်များကို ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော ပြည်သူ တပ်မတောနှင့် အတူပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးပြီးနောက် ၁၉၄၅ အောက်တိုဘာလ ၁၆ တွင်မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသော ဘုရင်ခံဆာ ဒေါ်မန်စမစ်နှင့် စစ်ပြေးအစိုးရသည် စက္ကူဖြူစီမံကိန်းဖြင့် မြန်မာနိုင်ငံကို ပြန်လည်အုပ်ချုပ်ရန်ပြင်ဆင်တော့သည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ၁၉၄၆ မတ်လ၂၇ တွင်ဘုရင်ခံ အိမ်တော်၌ ကျင်းပသောအစည်းအဝေး၌ စစ်ကြီးအတွင်း သထုံမြို့အနီးတွင် ကုလားလူမျိုးရွာသူကြီးတစ်ဦးအား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးရန်စည်းဝေးခဲ့ကြသည်။ ဘုရင်ခံ ဒေါ်မန်စမစ်နှင့် မောင့်ဘက်တန်တို့က ဗိုလ်ချုပ်အောင် ဆန်းကို ဖမ်းမည့်အစီအစဉ်ကို လုံးဝပယ်ချခဲ့သည်။၁၉၄၆ မေ ၃၀ တွင်အာရှအရှေ့တောင်ပိုင်းမဟာမိတ်စစ်သေနာပတိချုပ်လော့ဒ်လူဝီမောင့်ဘက်တန်ရာထူးသက်တမ်းကုန်ဆုံး  ပြီးနောက်အိန္ဒိယဘုရင်ခံချုပ်ရာထူးထမ်းရွက်ရသည်။ထို့နောက်ဗိုလ်ချုပ်အောင်ဆန်းနှင့်အစေးမကပ်သောဘုရင်ခံဒေါ်မန်စမစ်ကို ၁၉၄၆ ဇွန်လတွင် အင်္ဂလန်သို့ပြန်ပို့၍ သူ့အစား ၁၉၄၆ ဇူလိုင် ၃၁ တွင် ဆာဟူးဘရန့်စ်အား မြန်မာနိုင်ငံဘုရင်ခံ အဖြစ် ခန့်အပ်ခဲ့သည်။

ဘုရင်ခံဆာဟူဘရန့် စ်သည် ၁၉၄၆ စတင်ဘာလ ၂၇တွင် ဗိုလ်ချုပ်အောင်ဆန်းအား ဘုရင်ခံ အမှု ဆောင်ကောင်စီတွင်ဒုသဘာပတိ၊ကာကွယ်ရေးနှင့် ပြည်ပရေးရာဝန်ကြီး ခန့်အပ်၍ မြန်မာနိုင်ငံ ဘုရင်ခံကောင်စီ အမှုဆောင်အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းစေသည်။ ၁၉၄၇ ဇန်န၀ါရီလ ၂ ရက်နေ့တွင် ဗြိတိသျှအစိုးရနှင့် မြန်မာ့ လွတ်လပ်ရေးအတွက် ဆွေးနွေးစေခဲ့၍ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ကို ဖိတ် ခေါ်ခဲ့သည်။

ထို့နောက် ၁၉၄၇ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် လန်ဒန်မြို့၌ ဗြိတိသျှနန်းရင်ဝန် အက်တလီနှင့် တွေ့ဆုံ ဆွေးနွေး၍ `အောင်ဆန်း အက်တလီ ´ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် မြန်မာ နိုင်ငံသည် သူ့ကျွန်ဘ၀မှလွတ်မြောက်၍ ၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နံနက် ၄း ၂၀ နာရီတွင် လွတ်လပ်သော နိုင်ငံအဖြစ်ပေါ်ထွန်းနိုင်ခဲ့လေသည်။

အိန္ဒိယဘုရင်ခံချုပ်အဖြစ်ထမ်းရွက်ခဲ့သော လော့ဒ်မောင့်ဘက်တန်သည် ၁၉၄၈ ဇွန်လတွင် လွတ်လပ် သော အိန္ဒိယသမ္မတနိုင်ငံပေါ်ထွန်းခဲ့ပြီးနောက် ၁၉၄၈ အောက်တိုဘာလတွင် ဗြိတိသျှရေတပ်မတော်အတွင်း အမှုတော်ကို ပြန်လည်ထမ်းရွက်၍မြေထဲပင်လယ်ဒေသ ဆိုင်ရာအမှတ် (၁) သင်္ဘောအုပ်စု၏ ဦးစီးမှူးအဖြစ် ထမ်းရွက်ခဲ့သည်။

ယင်းနောက် ၁၉၄၉ ခုနှစ်မကုန်မီအတွင်း၌ ပင် မောင့်ဘက်တန်သည် ဗြိတိသျှရေတပ်သင်္ဘော တစ်ခုလုံး၏ စတုတ္ထတာဝန်ခံဗိုလ်ချုပ်အဖြစ်ခန့်အပ်ခံရပြန်သည်။ တဖန် ၁၉၅၂ မေလတွင် မြေထဲ ပင်လယ် ဒေသဆိုင်ရာ ရေတပ်မတစ်ခုလုံး၏ တပ်မှူးချုပ် ဗိုလ်ချုပ်ကြီးအဖြစ် တိုးမြှင့်တာဝန်ပေး အပ်ခံရသည်။ ထိုမှတဖန် မြေထဲပင်လယ် ဒေသဆိုင်ရာ မဟာမိတ်တပ်ပေါင်းစုံစစ်သေနာပတိချုပ်အဖြစ် ပူးတွဲတာဝန် ပေးခဲ့ပြန်၏။ ထိုတာဝန်မှာ မဟာမိတ်ဆိုင်ရာတပ်ပေါင်းစုံ စစ်သေနာပတိချုပ် အဖြစ် ဒုတိယအကြိမ်တာဝန် ပေးခံရခြင်းဖြစ်သည်။ ထိုမှတဖန် ၁၉၅၅ တွင် ဗြိတိသျှဝန်ကြီးချုပ် ဟောင်းချာချီ၏ ထောက်ခံချက်ဖြင့် ရေတပ်မတော်ဆိုင်ရာတာဝန်ခံဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ပေးအပ် ခံရပြန်သည်။ ၁၉၅၆ ခုနှစ် ဇန်န၀ါရီလ တွင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရက မြန်မာ့လွတ်လပ်ရေးကို စိတ်ရင်းကောင်းစေတနာဖြင့် အဆင်ပြေချော မွေ့စေရေးအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့ သော လော့ဒ်လူဝီ မောင့်ဘက်တန်အား မြန်မာနိုင်ဧ။် အမြင့်ဆုံး ဖြစ်သောအဂ္ဂမဟာသီရိသုဓမ်မဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်ချီးမြှင့်ခဲ့ လေသည်။ထိုသို့ဖြင့် မောင့်ဘက်တန်သည် ဗြိတိသျှရေတပ်မတော်၏ဦးစီးချုပ်ဗိုလ်ချုပ်ကြီးအဖြစ်လေးနှစ်ခန့်တာဝန်ထမ်ဆောင်ခဲ့ရာထိုလေးနှစ်တာကာလသက်တမ်းအတွင်းရေတပ်မတော်လုပ်ငန်းများနှင့်ပတ်သက်၍အပြောင်းအလဲအများအပြားကိုပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုလုပ်ငန်းတာဝန်များမှာ မောင့်ဘက်တန်အတွက် နောက်ဆုံးမဟုတ်သေးပေ။ ၁၉၅၉ တွင်ဗြိ တိသျှ ကာကွယ်ရေးဌာန၏ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး အဖြစ်ခန့်အပ်တာဝန်ပေးခြင်း ခံရပြန်သည်။ ဤတာဝန် ထမ်းဆောင်နေရစဉ်အတွင်း ဗြိတိသျှတိုက်ခိုက်ရေးတပ်များ၏ သမိုင်း၌ မကြံခဲ့ဘူးသော အပြောင်းအလဲ ကြီးများကိုဆောင်ရွက်ပေးခဲ့ပြန်သည်။ အဓိကဆောင်ရွက်ချက်မှာ ဗြိတိသျှကာကွယ်ရေး တပ်များသမိုင်းတွင် ကြည်၊ရေ၊လေ ၀န်ကြီးဌာနသုံးခုသီးခြားဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှ ကာကွယ်ရေးဝန်ကြီးဌာန ဟုဝန်ကြီးဌာန တစ်ခု တည်း ပူးပေါင်းဖွဲ့စည်းပေးလိုက်ခြင်းဖြစ်သည်။

၁၉၆၂ တွင်မောင်ဘက်တန်သည် အငြိမ်းစားယူလုပ်သက်စေ့သွားပြီဖြစ်သော်လည်း အနားမယူသေးဘဲ ဆက်လက်တာဝန်ထမ်းဆောင်သွားရန် ၀န်ကြီးချုပ် မက္ကမီလန် ကိုယ်တိုင်က ပန်ကြားခံခဲ့ရ၏။ သို့ဖြင့် မောင့်ဘက်တန်သည်  ၁၉၅၆ ခုနှစ်ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ရပေသည်။ ၁၉၆၅ ခုနှစ်အငြိမ်းစာယူပြီး နောက်  ဗြိတိသျှ ဘုရင်မ ကမ်းတက် တပ်မှူးချုပ်ရာသက်ပန်ဗိုလ်မှူးကြီး အဖြစ်လည်းကောင်း တာဝန်များအပ် နှင်းခံရသည်။

ထို့နောက် အငြိမ်းစားဘ၀ဖြင့်လော့ဒ် မောင့်ဘက်တန်သည် အိုင်ယာလန်သို့ အနားယူအပန်းဖြေ ခရီးထွက်စဉ် ၁၉၇၉ခုနှစ်သြဂုတ်လ ၂၇ ရက်တွင် ချိန်ကိုက်ဗုံးဖောက်ခွဲ လုပ်ကြံခံရ၍ ကွယ်လွန်သွားခဲ့ရ လေသည်။မောင့်ဘက်တန်မိသားစုတို့သည် နှစ်စဉ်နှစ်တိုင်း အိုင်ယာလန်သို့ အနားယူအပန်းဖြေခရီး ထွက်ကြ သည့်အ တိုင်း အပျော်စီးသင်္ဘောဖြင့် ခရီးထွက်နေစဉ် မသမာသူတို့ကြိုတင်ထောင်ထားသော ဗုံးပေါက်ကွဲမှု ကြောင့် ကွယ်လွန်ရခြင်းဖြစ်သည်။ ဘက်တန်နှင့် အတူမြေးဖြစ်သူ နီကိုလပ်ဗရာဗွန် ၊ နီကိုလပ်၏အဖွား လေဒီ ဗရာဗွန်နှင့် သင်္ဘောသားတစ်ဦးတို့ သေဆုံးကြရသည်။ လော့ဒ် မောင့်ဘက်တန်၏ သမီးငယ်ပက် ထရစ်ရှား၊ သားလော့ဒ်ဂျွန်ဗရာဗွန်နှင့် အမြွာညီအစ်ကို တင်မိုသီတို့မှာဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ဗုံးပေါက်ကွဲလုပ်ကြံမှုနှင့် စပ်လျဉ်း၍ အသက်၃၁ နှစ်အရွယ်ရှိ အိုင်းရစ်လူမျိုးသောမတ်မက္ကမဟွန် ဆိုသူ အား တရားရုံးက ထောင်ဒဏ်တသက်တစ်ကျွန်း ပြစ်ဒဏ်စီရင်ခဲ့လေသည်။မောင့်ဘက်တန်သည် ၁၉၂၂ ခုနှစ် ဗိုလ်မှူးကြီးဝီလဖရက်အက်ရှလေ ၏သမီး အက်ဒွီးနာအက်ရှလေးနှင့် လက်ထပ်၍ ပက်ကရစ်ရှားနှင့် ပင်မလာအမည်ရှိ သမီးနှစ်ယောက်ထွန်းခဲ့သည်။

မည်သို့ဆိုစေ … မြန်မာပြည်အား သံယောဇဉ်ရှိသောမြန်မာပြည်သူတို့အား ချစ်ခင်မြတ်နိုးခဲ့သည့် မြန်မာနိုင်ငံ မိတ်ဟောင်းဆွေဟောင်းကြီးဖြစ်သော မောင့်ဘက်တန်သည် ၄င်း၏ အမည်ကို မြန်မာပြည်၏မောင့်ဘက်တန် ဟူ၍ရာသက်ပန်ခံယူခဲ့သလို၊ လက်မှတ်ရေးထိုးရာ၌ ပင် Lord Mountbatten of Burma ဟူ၍ ရေးထိုးလေ့ရှိသည်။

ကိုးကား
၁။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၀)စာပေဗိမာန်၊၁၉၈၁။
၂။ မောင်ဝံသ၊ မြန်မာချစ်သောမောင့်ဘက်တန် အားမာန်သစ် စာပေဒုတိယအကြိမ် ၂၀၀၂
၃။ John Terrace, The Life and Times of Lord Mountbatten ,Arrow Books,1970


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts