ငါသည် အန္ဓ လူ့ဗာလ
ကျော်မိုး (စကားဝါမြေ)
နိုဝင်ဘာ ၁၅၊ ၂၀၁၂
ငါ၏ရုပ်သွင်
ဟိုယခင်က ဆံပင်မဲနက်
ဖွေးညက်စိုပြေ အသားရေနှင့်
သွားတွေခိုင်မာ စားလိုရာကို
ဝါးကာမျိုချ လွန်အားရ၏ ….။
ရွှင်ပြစိတ်ပျို ခြေလက်ထိုက
လိုရာသို့ပါ ကိုယ်ကျန်းမာ၍
ရာထူး,အာဏာ ငွေ,ပညာဖြင့်
နေရာတကာ “ငါ … ငါ …ငါ” ဟု
ငါမှ ငါကွ တကြွကြွလုပ်
မာနတံခွန် ထူခဲ့၏ …။
ယခုချိန်တွင် ငါ့ရုပ်သွင်က
ဆံပင်ဖြူကျဲ မွဲခြောက်တွန့်ကြေ
အသားရေဖြင့် ခါးတွေကကိုင်း
နားကထိုင်းလျက် လိုတိုင်းမပါ
ခြေလက်နာ၍ ခန္ဓာကပြို
စိတ်ကအိုပြီ စားလိုသမျှ
အဟာရ၌ သွားကမရှိ
ဝါးမျိုကြည့်လဲ မသိရသာ
ဖြစ်ရပါ၍ ရင်မှာသောက
ဗျာပါဒနှင့် ပရိဒေဝ
တောက်လောင်လှ၏ …။
အိမ်ကစီးပွား
သားမယားလဲ ခံစားအပူ
မကူနိုင်ပြီ တူသားဆွေဖေါ်
ကျွန်တော် မျိုးတော် သောက်ဖော် မိုက်ဖက်
မိတ်ဆွေပျက်တို့ ဝင်ထွက်မလုပ်
နောက်သို့ဆုတ်ကာ ကျုပ်ကိုခွာပြီ
ရာထူး,အာဏာရှိစဉ်ခါလို
ဂါရဝမှု မပြုလေပြီ
နေသည်မစဲ မလင်းမြဲတည်း
လလဲဝင်းပ သူကွယ်ရသို့
ဘဝတိုတို ငါ၏ကိုယ်တွင်
အို,နာ,သေလမ်း နိမိတ်သမ်းမှ
သင်္ခန်းစာရ ဘုရားတရင်း
ဘဝကုန်ချိန် စောင့်နေ၏ …။
နေ့စဉ်စိတ်မှာ ခြောက်လှန့်လာ၍
အနာဂါတ်ရေး မျှော်ရှုတွေးသော်
နာဘေး,သေဘေး ဘယ်မဝေးပြီ
ကလေးမှသည် အိုချိန်ဆီထိ
ဆောက်တည်သီလ လှူဒါနနှင့်
ဘာဝနာမှု ငါမပြု၍
ယခုနောင်တ ငါလေရမိ
လောဘ,ဒေါသ မာန်မာနဖြင့်
“ငါမှငါ” ထုံး အတ္တဖုံးလျက်
သုံးခဲ့ သက်လုံး လူဖြစ်ရှုံးကို
ယူကြုံးမရ ပြန်တမ်းတရင်း
မလှသမိုင်း အတိတ်ရိုင်းကို
ဟုတ်တိုင်းမှန်စွာ ဖွင့်ဆိုပါ၏
ငါသည် အန္ဓ လူ့ဗာလ ….။ ။