ရသဆောင်းပါးစုံ

အရင်းအနှီးကြီးသော ဆုံးဖြတ်ချက်တခု (Thaw Dar (Ma Gwe))

အရင်းအနှီးကြီးသော ဆုံးဖြတ်ချက်တခု

သော်တာ(မကွေး)၊ နိုဝင်ဘာ ၁၅၊ ၂၀၁၂

          ” ဟာ…ဦးလေး ..အလည်လာတာလား ”

တစ်ညနေ အပြင်ကအပြန် အမေ့မောင်အငယ်ဆုံးကို ကျနော် တအံ့တသြနှုတ်ဆက်မိတယ်၊ မအံ့သြလို့လည်းမနေနိုင်ဘူးဗျ၊ ဦးလေးကရွာမှာ အလုပ်နဲ့လက်ပြတ်တယ်မရှိဘူး၊ ကျနော်ရွာကို သုံးလေးနှစ်နေမှတစ်ခေါက်ရောက်ရင်တောင် ညစာစားပြီးထိုင်ရင်းလုပ်ရတဲ့ ကြိုးကျစ်တာတို့၊ နှီးဖျှာတာတို့လုပ်ရင်း တူဝရီးနှစ်ယောက် စကားပြောဖြစ်တာလေ။

          ” မင်းဦးကြီး (ဗဂျီး) ဦးခေါင်းထိပ်က အဖုကြီးလာလို့ ဆေးခန်းလာပြတာ” တဲ့၊

          ဦးလေးပြောမှ အိမ်ထောင့်က ခေါက်ကုလားထိုင်ပေါ်မှာ လျော့တိလျော့ရဲထိုင်နေတဲ့ အမေ့အကိုဦးခေါင်းကို သတိထားလိုက်မိတယ်၊ ပြောင်နေအောင်ရိတ်ထားတဲ့ ဦးခေါင်းထိပ်တည့်တည့်မှာ တစ်လက်မလောက်ရှိတဲ့ အဖုကြီးတစ်ခုတွေ့ရတယ်။

ဦးလေးတို့ရွာကမြို့နဲ့ အလှမ်းမဝေးလှပါဘူး၊ ကျန်းမာရေးအသိတော့ တော်တော်လေးကို နည်းတယ်၊ ရွာမှာက ကျန်းမာရေးဆေးခန်းလည်းမရှိဘူးလေ၊ ကျန်းမာရေးနှင့်ပတ်သက်လို့ တစ်ခုခုဖြစ်ရင် ကိုပိန်ကိုပဲ အားကိုးနေကြရတာ၊ ကိုပိန်မှာလည်းတရားဝင်ဆေးကုသခွင့် ရှိဟန်မတူပါဘူး၊ သူမြို့မှာ အထက်တန်းကျောင်းတက်တုန်းက ရှေးဦးသူနာပြုသင်တန်းတော့တက်ခဲ့ဘူးလေရဲ့ ..ဒါနဲ့ဆွေမျိုးနီးစပ်တွေ  ရွာနီးချုပ်စပ်တွေလှည့်ပြီးဆေးကုရင်းက အပ်ပုန်းဆရာလေးဖြစ်လာတာ၊ ရွာအကြောင်းတွေဘဲပြောနေလို့ ဆုံးမှာမဟုတ်ဘူး၊ မနက် ဦးကြီးနှင့်ဦးလေးကို ခွဲစိတ်ပါရဂူဆေးခန်း လိုက်ပို့ပေးရဦးမယ်။

          ” သွေးကြောပြတ်နေတာ ဒီမှာကတိုင်းအဆင့်ဆိုပေမယ့် အခြေခံအချက်အလက်တွေ လိုအပ်နေသေးတော့ ရန်ကုန် ဒါမှမဟုတ်ရင် မန္တလေးကို သွားနိုင်မှကောင်းမယ်၊ ဒါတောင် အခြေအနေက တစ်ဝက်လောက်ဘဲ ကိုယ့်ဖက်မှာရှိတယ်”

လို့ ဆေးစစ်ချက် စာရွက်စာတမ်းတွေကြည့်ရင်း ပါရဂူကြီးကပြောတယ်။

          ဦးကြီးဆိုတာကလည်း အနီးဆုံးမြို့ကလွဲပြီး ခရီးဝေးသွားဖူးတယ်မရှိခဲ့တော့ စိုးရိမ်စိတ်ကြီးကြီးနဲ့ ……

          ” နေပါစေကွာ ငါ့အတွက်က အကြောင်းမဟုတ်တော့ပါဘူး”တဲ့။

 အနှစ် (၆၀) ကျော်ဘ၀ကို ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်လာခဲ့သူတစ်ယောက်ရဲ့ လှော်တက် ထောင်လိုက်တဲ့ စကား ကျနော်ရင်ထဲနက်ရှိုင်းစွာ တိုးဝင်သွားတယ် မျှားတစ်ချောင်းစိုက်လိုက်သလိုဘဲ။

          ” ဘယ်လိုဖြစ်ရတာလည်း ဦးလေးရာ ”

ကျနော်မချိတင်ကဲမေးမိတယ်၊ ဦးလေးကပြောတယ်……

          ” ဘာဖြစ်ရမလဲကွာ ခေါင်းကအပူကြိတ်ထွက်တယ်ထင်လို့ ရွာမှာတင်ဆေးကုနေကြတာ ”တဲ့၊

          ” ဒါဆိုအဖုက ဘာလို့ကြီးကြီးလာရတာလည်း”လို့ မေးတော့မှ…..

          ” ဆရာလေးကိုပိန်လေ ဒီလောက်ကပါးပါးလေးပါဆိုပြီး တီးထည့်လိုက်တာ သေသေချာချာကို လုပ်ပေးခဲ့ဆိုဘဲ၊ နှစ်ရက်လောက်နေတော့ အဖုကကြီးကြီးလာလို့ ဒီကိုပြေးလာခဲ့တာကွ” လို့ ဦးလေးက အပြည့်အစုံ ရှင်းပြလာတယ်။

          ဦးခေါင်းငယ်ထိပ်နားမှာပေါက်တဲ့ အပူကြိတ်လို့ထင်တဲ့အဖု ခွဲစိတ်ကုသကောင်းလို့ သွေးကြောမလွတ်ဘဲ တဖြေးဖြေးအဖုကြီးလာတဲ့ ကျနော့်ဦးကြီး  ဘ၀ကိုရင်းလို့ တစ်လကျော်ကျော် လောက်အကြာမှာ ဆုံးရှာတာပါဘဲဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts