စာပဒေသာ ရသဆောင်းပါးစုံ

ဘုရင့်နောင် နဲ့ ညစာ – Bayingnaung bridge and dinner makers

ညွန့်ထွေး

နိုဝင်ဘာ  ၁၃၊ ၂၀၁၂

 

 

မနေ့ က ညနေပိုင်း ရန်ကုန်မြို့ အပြင်ဖက်ရောက်နေရာကနေ မြို့ထဲ ကို ပြန်ပြီး ဦးတည်လာခဲ့တယ်။ ဧရာတိုင်းရဲ့ ၀င်ပေါက်ကြီး ဖြစ်တဲ့ ဘုရင့်နောင်တံတားကြီးကို ဖြတ်ရင်းပေါ့.. ။

နည်းနည်း ထူးဆန်းသွားတာက.. Toll Gate မှာ တန်းစီထားတဲ့ကားတွေ များလှချည့်လို့ ကြည့်လိုက်ဖြစ်တယ်.. အဲ.. ရှေ့မှာ ကားတန်းရှည်ကြီးမြင်လိုက်ရော..

အင်း.. ဒီအတိုင်းတော့ ဖြစ်သေးဘူး.. ဟိုဖက် အောင်ဇေယျ တံတားဖက်က သွားကြည့်ရရင်ကောင်းမလားပေါ့လေ..။

စိတ်ကူးမိတာက နောက်ကျသွားပြီ..၊ ကွေ့မရ ဆုတ်မရ ကိုယ့်နောက်မှာလည်း ကားတွေ.. ကားတွေ.. ခက်ကပြီ.. ရှေ့ဆက်တိုးဖို့မှ အခြားမရှိပြီ..။

သည်းခံငါ့ရှင် .. ရံဖန်ရံခါ.. ဖြစ်တတ်သည်..

ကားထဲမှာ သီချင်းလေးဖွင့်.. လေအေးစက်လေး တမြမြနဲ့ သည်းခံလိုက်ရင် မကြာပါဘူးလို့ သက်သာသလိုတွေးရပါတော့မည်..။

တလက်မချင်းတိုးရင်း တပေချင်းတိုးရင်း နာရီဝက်ကြာပါပြီ..။ တောင်ကြည့် မြောက်ကြည့်မျက်လုံးတွေကလည်း ညောင်းစပျိုးပြီ။

ဒီလိုနဲ့.. တရွေ့ရွေ့ တိုးလာနေတုန်းဘဲ..တဖြည်းဖြည်း တံတားကြီး အစပ်နား မရောက်တရောက်မှာ.. လေတွေတိုက်ပါလေရော.. အော် .. မိုးလည်းကုန်ပါပြီ..

ဘယ်လိုဖြစ်တာပါလိမ့်.. တွေးရင်း ကားမှန်ကိုချ အပြင်ကိုအကြည့် ရုတ်တရက်မြင်ရတာက လူအုပ်ကြီး.. တံတားကြီး တဖက်တချက် ဆီက အပြေးတပိုင်း ဆင်းချလာနေကြတာ..။

တချို့လည်း အကျီမကပ်တော့ဘူး.. ထမင်းချိုင့်တွဲလွဲဆွဲတွေက အများစုကြီး.. ခါးဖြတ် ကျောပိုးအိတ် အငယ်တွေ ကိုယ်စီနဲ့ ယောင်္ကျားမိန်းမ အရေအတွက် မနည်းမနော..။

ဘာဖြစ်တာလဲလို့ တအံ့တသြ ယဉ်မောင်းကို မေးအကြည့်.. “ကားတွေကမရွေ့တော့ဘူးလေ.. ဒီလူအုပ်ကြီးထဲမှာ အိမ်ရောက်မှ ဆန်ဝယ် ချက်စားရမဲ့သူတွေ ပါနေတယ်..

ကလေးတွေက အူနဲ့ဟောင်းလောင်း အိမ်က စောင့်နေကြပြီ ဆိုတော့ .. မရွေ့တော့တဲ့ ကားပေါ်က ခုန်ဆင်း၊ တံတားကြီးကို ခြေလျင်ကျော်.. တဖက်ကမ်းကို လွတ်ထွက်ရောက်လာမဲ့ ဘယ်ကားပေါ်မဆို ကုတ်ကပ် တွယ်တက်ပြီး အိမ်ပြန်မယ်.. ဆိုတဲ့ လူတွေပါ” တဲ့။

ရုတ်တရက် ကင်မရာထုတ် ဓါတ်ပုံရိုက်မိတော့ သိတ်မသဲကွဲ.. camera setting က လွဲနေတော့လေ..

မတတ်နိုင်ပြီ.. နောက်တချက်ထပ်ရိုက်တော့ flash က ပွင့်သွားလို့  လူတွေက လှမ်းကြည့် ရိပ်မိ.. ဒေါသဖြစ်တဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်လိုက်ရ..။

အလွန် အားနာ ရှက်ကြောက်သွားမိပါသော်ကောလေ..။ နောက်ထပ် မရိုက်ဖို့စဉ်းစားရင်း အတော် သိနေပုံရတဲ့ ကိုယ့်ယာဉ်မောင်းကိုဘဲ အကျိုးအကြောင်း မေးကြည့်ရပါတယ်..။

“ဘုရင့်နောင် မိုးပျံ ကားလမ်း ဆောက်နေလို့.. ကားလမ်းဝဲယာတချို့ သုံးမရ ဖြစ်နေတာကို အခိုက်အတန့်သည်းခံပါဆိုတဲ့ ဥာဏ်ကြီးရှင်တွေလေ..။ တကယ့်လူထု ရဲ့ ဒုက္ခကို

တခြားနည်းနဲ့ဖြေရှင်းပေးဖို့တော့ စိတ်မကူးဘဲ.. မော်တော်ပီကယ်လေး တယောက်စ နှစ်ယောက်စ တာဝန်ပေးပြီး .. ဒီလောက် ကြပ်တာကို ဒီအတိုင်း လွှတ်ထားတာ။

တကယ်ဆို အောက်ဖက်မှာ ဇက်ဆိပ်တခုထား၊ အရေးကြီးတဲ့ ဘတ်စကားပဲ အားကိုးရတဲ့ လူထုကို ဇက်နဲ့ ပုံမှန်ကူးပေး .. ဟိုဖက် ဒီဖက် ကားတွေ စောင့်ပေးလိုက်ရင် ဘာမှ ခက်တာ မဟုတ်ပါဘူးဗျာ.. ကျနော်တို့တောင် စဉ်းစားလို့ရပါတယ်.. ဒီကောင်တွေက ဥာဏ်ဘဲ မရှိလို့လား.. အရေးဘဲ မလုပ်လို့လား မသိတော့ပါဘူး ဆရာရယ် တဲ့..”

ကိုယ့်ယဉ်မောင်းကို အံ့သြတကြီးကြည့်နေမိစဉ်မှာ အထုပ်အလေးကြီးရွက်လျက် မိန်းမလတ် တဦး အပြေးအလွှား ကိုယ့်ကားဘေးက ဖြတ်သွားတာ တွေ့လိုက်တော့.. မျက်နှာပူလွန်းလို့.. ခေါင်းသာ ငုံ့ထားမိတော့တယ်..။ ငုံ့ရင်း မြင်နေရပြန်တာက ကားထဲမှာ ဖွင့်ထားတဲ့ DVD..။ လက်ရှက်ရှက်တွေနဲ့ပဲ ခလုတ်ဆီရောက်ရှိ ပိတ်မိပါတော့တယ်..။

တချိန်ထဲလောက်မှာ မိုးပေါက်တွေ ဝေါကနဲ သွန်ကျလာလေတော့ ရင်ထဲ ဗလောင်ဆူ။

ကားကတော့ တံတားပေါ်ရောက်နေပါပြီ..။

လက်က နာရီကြည့်လိုက်တော့ ည ၈.၀၂ မိနစ်အတိ..။

အဲ.. ၈း၅၉ မှာတော့ တံတား ဟိုဖက်အစပ် ရောက်လာပါပြီ..။

စောင့်ရတဲ့ အချိန်ကို စာမဖွဲ့ဝန့်ပြီ.. မိုးထဲလေထဲမယ် ပြေးဟယ်လွှားဟယ် လုပ်နေကြတဲ့ လူအုပ်ကြီးကို ရှက်ရင်းနဲ့..  ဘာမှလည်း မကူတတ်.. အဟုတ်.. ။

ဒီဖက်ကို ထွက်လာဖြစ်တော့ မြင်ရပြန်ပါတယ်.. ရဲ က တယောက်ထဲ.. ။

ဘုရင့်နောင် ကုန်စည်ဒိုင်ကို တန်းစီဝင်နေတဲ့ ဧရာမ ကုန်ကားကြီးတွေနဲ့ ဘုရင့်နောင်ကို ရန်ကုန်ဖက် အ၀င်လမ်းက ပိတ်နေသကိုး..။

အိုး.. ဟို.. ဒါကြောင့်ကိုး လို့ စိတ်တိုတိုနဲ့မြင်ရ..။ နဂိုကမှ ကျဉ်းရတဲ့အပေါ် ကုန်ကားတွေတန်းစီလို့ လမ်းတခြမ်းဘဲ သုံးရလေတော့..လမ်းတခြမ်းခင်းဘွဲ့ရ ဟိုလူကြီးသာ သတိရမိရင်း .. ဘယ်သူ့ကိုမှန်းမသိ ကျိန်ဆဲနေမိတော့။

၆း၄၇
၁၀း၀၀

ဒုက္ခရစရိယာ ကျင့်ရင်း ဘုရင့်နောင်လမ်းမကြီးဖက် ကွေ့ ထွက်လာဖြစ်တော့ ပိတ်နေပြန်ပါပြီ.. ပါရမီ မီးပွိုင့်ဆီ.. ။

သွင်းချင်ဦးဟဲ့ ကားတွေ.. စည်းမရှိကမ်းမရှိ.. ဖင်မှန်းခေါင်းမှန်း မသိတဲ့ က-ည-န..။

ယဉ်စည်းကမ်းထိမ်းသိမ်းမှုကြည့်တော့လည်း.. ကုတ်ချိချိ .. ရဲအင်အားမလောက်ဘူးတဲ့ ဗျာတို့ ။

ပြီးတော့ လမ်း တွေကလည်းဗျာ.. ရှိတာလေးကို  အခု အလုအယက်ခင်းနေပေမဲ့ တချို့နေရာတွေမှာ တခြမ်းဘဲ သုံးလို့ရတုန်း..။

တလိမ့်ချင်းလိမ့်ရင်း.. ထွက်လာတော့ ည ၁၀ နာရီပါ ခင်ဗျာ.. ဘုရင့်နောင် Toll Gate ရောက်ချိန်က ၆း၄၇ ပါခင်ဗျ..။

ကျနော်တို့ ဘယ်သူ့ကို တိုင်ပြောရမလဲဗျာ ပြောကြပါဦး .. အရပ်ကတို့ရေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဘုရင့်နောင် နဲ့ ညစာ – Bayingnaung bridge and dinner makers
  1. ဒီဇာတ်လမ်းမှာကွယ် ကိုယ်ရယ် – မင်းရယ် – လမ်းတစ်ချမ်းခင်းကြီးတို့ ပါကွယ်။ ကိုယ်ရယ် ဆိုတာကတော့ – ကိုယ်ပိုင်အမှတ်ပါတဲ့ ယဉ်ထိန်းရဲတွေပါ၊ မင်းရယ် ဆိုတာကတော့ စပယ်ရာ အစုတ်ပလုပ် နဲ့ ဒလိုင်ဘာ အုန်နာတွေပါဘဲ၊ လမ်းတစ်ချမ်းခင်းကြီးဆိုတာကတော့ မြို့ တော်ဝန် နဲ့ စည်ပင်ကို ခေါ်တယ်လို့  မပြောဝန့် ဘောင် – ပြောဝန့် ဘောင် ပါခင်ဗျာ။ ခရီးသွားပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေပေ့စေ၊ အထက်ပါ သုံးဦးကတော့ ဒို့ နဲ့ မဆိုင်၊ ဒို့ နားမကြား၊ ဒို့ မမြင်ဘောင် ဆိုပြီးရေငုံ နှုပ်ပိတ်နေပေမဲ့ အတွင်းထဲမှာတော့ ငါကွ ဆိုပြီး ပုဆိုးချုံထဲက လက်သီးပြနေကြတာ
    မောင်ပျာလောင်တို့  မွေ မွေ ခြင်း ချေမြင်ပါတယ်လေ။ မနက်ကားထွက်ကထဲက အလစ်သုတ်ပြီး ကျင်နာကြေးမပေးတဲ့ ကားတွေသိမယ်ကွာဆိုပြီး အိပ်ချင်မူးတူးနဲ့ ရောက်လာတဲ့ အကိုယ်ကြီး ဟိန်း ဟောက်လိုက်ထာ ဘုရင့်နောင်တံတားကြီး တုန်ခါသွားကထဲက အပြန်မှာ ကျားနဲ့ ဆင်တံတားပေါ်မှာတွေ့ ကြတော့မယ်လို့ စပယ်ရာအချင်းချင်း နောက်ဆုံးပေါ် အိုင်ပက်နဲ့  ချေဆေးရင်းကားပေါ်ကို သတင်ရောက်လာပါတယ်။ ဘာရမလည်း စပယ်ရာတွေကလည်း အိုင်ပက်နဲ့ ဘဲ လမ်းတစ်ချမ်းဖွင့်ဖွင့်ပေးဘို့ ပြန်လိုက်တယ်။ ဒါပေမဲ့ နှာဆီးနေပြီး နှာပေါက်တွေပိတ်နေတယ်လို့ ပြန်လာတာကြောင့်၊ နားလယ်တဲ့ စပယ်ရာ ဒလိုင်ဘာတွေက နီးစပ်ရာထမင်းဆိုင်တွေမှာ နေရာယူပြီးဖြစ်နေပါတယ်။
    ဦးညွန့် ထွေး ရယ် ကျနော်ပြောတာတွေ အကုန်နားလယ်မယ်မထင်ပါ။ တိုတိုနဲ့ လိုရင်းကိုပြောရရင် ဘုရင့်နောင်တံတားကြီး ပေါ်မှာ ကားတန်းရှည်ကြီးဖြစ်နေတာ အထက်လူသုံးဦး စီမန်ထားတဲ့ သုံးပွင့်ဆိုင် ဘော်လီဘောပုတ် ပွဲကြီးပါ၊ ခရီးသွားလူထုကတော့ အပုတ်ခံဘောလုံးပါ။

Comments are closed.