ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၄၃) – Mar Mar Aye

မာမာအေး
အောက်တိုဘာ ၂၈၊ ၂၀၁၂

   

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ပြီးခဲ့တဲ့ မာအေးရဲ့ အစီအစဉ်မှာ လွတ်လပ်ရေး ခေတ်ဦး ပန်းဆိုးတန်း ၀င်းဝင်းရုံ ပြဇါတ်တွေ တင်ဆက် ကပြနေချိန်က “ဗိုလ်ကလေးတင့်အောင်”  ရေးစပ်ခဲ့တဲ့ “မျှော်တလင့်လင့်”   သီချင်းကလေးတပုဒ် ရှိတဲ့အကြောင်း၊
သူရိုက်ကူးခဲ့တဲ့ “မြခြူသံ” ဇါတ်ကါးရဲ့ လှုပ်ရှားသရုပ်ပြမှုတွေဟာလဲ ဇါတ်ခုံနဲ့ မီငြမ်း ခံစားနိုင်လေ ကေါင်းလေလေမို့ အမေကြည်ကြည်ဋ္ဌေးနဲ့ သမီးမာအေးတို့ အသံတွေကိုရောယှက်၊ ဖန်တီးချက်ကဖြင့် ဘယ်ပုံဘယ်နည်းပါလို့ ပြောအပြီးမှာ “မျှော်တလင့်လင့်”  သီချင်းက ထွက်ချမလာတော့ကါ၊ စိတ်ထဲမှာ ဟာတာတာ ကျန်ရစ်ရှာကြလိမ့်မယ် ထင်ပါရဲ့နော်။ ရေဒီယိုပရိသဒ်ကို အားနာလိုက်တာရှင် လို့ဘဲ အရင် စကါးဆိုပါရစေ။

မာအေးကလဲ ချစ်ဆွေတို့လိုဘဲ အရပ်သူကလေး မအေးမြင့် အနေနဲ့ BBC ကို ရေဒီယိုအသံလှိုင်းကဘဲ အပြီးထိ ဖွင့်တတ်နားထောင်တတ်တာနဲ့ ကိုယ်ချင်းစာမိနေတာပါ။
ဟိုတုန်းကလို တနင်္ဂနွေညမှာ တခါထပ် ပြန်အသံလွှင့်တာမို့ ကိုယ်အသံလွှင့်ခွင့်ရှိတဲ့ အချိန်ထဲကို ရှေ့အစီအစဉ်တွေက အချိန်စူးမလာဘူး၊ သတင်းထူးမရှိဘူး ဆိုရင်တော့ သီချင်းကလေး ပြန်ကြားနိုင်ဘို့ မျှော်တလင့်လင့် ဖြစ်နိုင်သေးတာပေါ့။ ခုတော့ တကြိမ်ထဲကိုး။

BBC က မီဒီယာကွန်ယက်တွေ ဤခေတ်ကြီးနဲ့အမီ တင်ထားတာတွေတေါ့ ရှိတာပေါ့လေ။ ကိုယ့်အမိမြေ ကျေးလက်နေတို့၊ မြို့ပေါ်နေတို့ အသီးသီးမှာ အင်တာနက် ဆိုတာ ရှိဦးမှ၊ ကွန်ပြူတာ သုံးနိုင်ဦးမှ၊ ဘာတွေ ဘယ်လုပ်ရတယ် ဆိုတာတွေလဲ သိဦးမှပါ။ မာအေးလို ခတ်တုံးတုံးဆို ဘယ့်နှယ်လုပ်ပါ့မလဲ။ “မလှန်းနိုင်ဘူးတော်ကြီးရေ” လို့ ဆိုပြရပုံပေါက်တယ်ရှင့်။ အခု ရေဒီယိုဘဲဖွင့်တတ်လို့ သီချင်းပြတ်ကျန်ခဲ့တာကို သိတာလေ။ မီဒီယာမှာ ရှာတတ်တဲ့ မိတ်ဆွေတွေဆီ – အဲဒီဝက်ဆိုက်ဆိုတာမှာရော သီချင်းမှ ပါသွားရဲ့လား မေးကြည့်ရသေးတယ်။ ပါပါတယ် ဆိုမှ ဟင်းချရပါတယ်။ ညွှန်းလိုက်တဲ့သီချင်း ဘယ်ဒင်းမှန်း မသိရင်၊ စီစဉ်တဲ့သူ အူတူတူ လို့ အထင်ခံရမှာမို့လားရှင်။

ပြောပြချင်တာတွေကလဲ တပုံကြီးကိုး။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကိုယ့်အသက် (၇၀) တင်းတင်း ပြည့်တဲ့ မွေးနေ့ရက်မှာ တည့်တည့်ကျနေပါလားလို့တေါင် သတိမထားမိဘူး။ ပြောရမယ့် ကိစ္စသာ သူ့ရက်ရောက်လာရင် ခေါင်းထဲဝင်လာတော့တယ်။ အသံလွှင့်တဲ့အလုပ် စလုပ်ခဲ့တုန်းကဆို မြန်မာ့အသံမှာ ဘာပြီးရင် ဘာအသံလွှင့်မယ် ဆိုတာမျိုး ကျေညာပေးရတဲ့ ‘အနောင်ဆာ’ လုပ်ရပါတယ်။ အစီအစဉ်ထဲမှာ သီချင်းဓါတ်ပြားဖွင့်ဘို့ရာလဲပါ၊ ကဏ္ဍအသီးသီးရဲ့ တိတ်ကြိုးခွေလဲပါ၊ လူကိုယ်တိုင်ဖတ်တဲ့သတင်းလဲ ပါတာပေါ့နော်။ အလုပ်သံယေါဇဉ်က အိပ်မက်ထဲထိအောင် လိုက်ဒုက္ခပေးတာမျိုးရှင့်။ အသံလွှင့်နေတုန်း တိတ်ခွေပြတ်လို့ ဘာလုပ်ရမှန်းမသိ ဖြစ်ရတာတွေ၊ ဘယ်သီချင်းကို နားဆင်ကြပါရှင်လို့ ကျေညာလိုက်ပြီးကါမှ ဖွင့်ရမယ့်ဓါတ်ပြား၊ အသံလွှင့်စက်ခန်းကို ပါမလာလို့ မီတာတစ်ရာ စံချိန်မက ပြေးယူရတာတွေ အိပ်မက်ပြီး ဇောချွေးပြန် လန့်နိုး – အတော့်ကို ဆိုးတဲ့အောင် အစွဲကြီးဖူးခဲ့ပါတယ်။ ခုလဲ ဒါမျိုးဘဲ၊ ကိုယ့်မွေးနေ့ မေ့တာလောက်များ သနားတယ်ပေါ့။

ကိုယ်မေ့သွားပေမယ့် ကိုယ်စားလှူပေးသူတွေ မေ့မသွားလို့ တော်သေးရဲ့နော။ သီရိလင်္ကါနိုင်ငံ UNIVERSITY OF KELANIYA မှာ ကြွရောက်ပြီး ဗုဒ္ဓဓမ္မစာပေ စာအမွန် အားသွန်ကျက်မှတ် လေ့လာလတ်သော မြန်မာရဟန်တော် ထေရ်ဘုန်းမော်တို့က မွေးနေ့ဆွမ်းကို  ကိုယ်စီချက်ကပ် အမြတ်ဒါနပြုပေးခဲ့ကြပါတယ်။

အမိမြေ ဦးပိန်တံတားအနီး အင်းကြီးတောင်တမန်၊ ဂယက်သံနာခံရင်း၊ စာကဗျာမိတ်ဆွေများ စည်တကါးနှင့် အရှင့်ဝိဟာ အမရပူရ ဦးပညာကျောင်းတော်မှာလဲ ဆွမ်းကပ်လှူပွဲ၊ အကျော်ပွဲနဲ့ အပျော်နွှဲသည့်အခါ ကိုယ်သာမပါတာပါ၊ လှူဖြစ်အောင် ဆောင်ရွက်ပေးတဲ့ စာပေ့မိခင် လူထုဒေါ်အမ်ာရဲ့ မျိုးဆက် သားသမီးများကို ကျေးဇူးတင်ရပါဦးမယ်။

မင်းကွန်း တိပိဋက ဆရာတော်ကြီးရဲ့ အမွေခံ တိနိကျောင်းတော်မှာလဲ ရာသက်ပန်ဆွမ်းပဒေသာပင် သီးပြီးမို့ ကိုယ်မရှိလဲ လှူပေးဦးမှာပေါ့ရှင်။

မာအေးရဲ့ အဆိုကျောင်းက ပထမသင်တန်းမှာ တက်ရောက် အောင်မြင်ထားတဲ့ မောင်သိန်းလွင်ဟာ သတ္ထုတွင်း အင်ဂျင်နီယာဘွဲ့ရ ကလေးပါ။ အေးလွင်အောင် နာမည်နဲ့ အသံလွှင့်ခဲ့ဖူးတယ်။ မြို့မအဖွဲ့နဲ့ CD သွင်းတာလဲ တွေ့ပါတယ်။ အခု လင်းလွန်းခင်စာပေ လို့ စာအုပ် အလုပ် ဆက်ဖြစ်နေပြန်လို့ မာအေးရဲ့ ဇါတ်လမ်းရှည်ကြီးကို ထုတ်ဝေနိုင်မလား စမ်းကြည့်လိုက်မိတာ တကယ်ထုတ်ဝေခွင့် ရသွားလို့ စာအုပ်အဖြစ် ရောက်ခဲ့သတဲ့ရှင်။ အဲဒါ တိုက်ဆိုင်စွာဘဲ မွေးနေ့ပွဲနဲ့ ကြုံမှာမို့ တွဲပြီး စာအုပ်မိတ်ဆက်လိုက်သတဲ့။ U.S.A မှာလဲ “ရင်ဖွင့်ကြည့်ပါသူငယ်ချင်း” စာအုပ်ကို ရီဂျစ်စတာလုပ်ပြီး ထုတ်လိုက်ပါသေးတယ်။ ထိုင်းကနေ အမေရိကန်ပို့၊ ကြားမှာ ပျောက်သွားလို့တဲ့ရှင်၊ အုပ် နှစ်ရာလောက်ပဲ စာဖတ်သူတို့လက်ထဲ ရောက်မှာပါ။ စာပေ စာနယ်ဇင်းလောက – ဂီတ ရုပ်ရှင် သဘင်လောက အနုပညာမောင်နှမတွေ လာပျော်ကြ ဆိုကြတဲ့ သတင်းတွေလဲ ရတာကြောင့် ၀မ်းသာရတာပေါ့ရှင်။ မာအေးရဲ့ ကျေးဇူးရှင် မိဘများသာမက လူ့ဘ၀ထဲကို အခက်အခဲ တိုက်ပွဲတွေကြားက လာရောက် မွေးထုတ်ပေးခဲ့တဲ့ ကုရင် အမေကြီး ဒေါ်အိုင်ဒါတို့ အသက်ပျောက်မတတ် ကျောက်ရောဂါ ကပ်ချိန်က အိမ်မှာ လျှို့ဝှက် ကုချက်ပိုင်စွာ ဓနုဖြူမြို့က ဆေးဆရာကြီးကိုပါ သတိရ ဦးချ အမျှဝေဘို့ရာ သံဃာတော်များကို လျှောက်ထား ဆွမ်းကပ် – ကုသိုလ်တွေ ဒရစပ် ပြုဖြစ်တာ အမြတ်ပါဘဲရှင်။

တီထွင်ဖန်တီး ကြံတွေးရှင်လို့ မာအေးက အဖေကြီး ဗိုလ်ကလေးတင့်အောင်ကို မြင်နေရတယ်လို့ ပြောခဲ့တာကို လက်တွေ့ ပြောချင်လို့ – ဒီသီချင်းလေး – ရသလေါက် နားဖေါက်လိုက်စမ်းပါရစေ။ အတီးသံကို ဂရုစိုက် နားထောင်ပေးကြပါနော်။

*(ရွှေတိုင်ညွန့်ရေး – ၀ိစိတြသီချင်းမှ)

အဇာတော ယေ၀ ပီတုရညောသတ္တု …  အဇာတော ယေ၀ = မမွေးဖွားမီက ပီတုရညော = အဖမင်းမြတ်၏၊ သတ္တု … ရန်သူမည်သတဲ့ (ဟောကါပြပါ … မမကြည်အောင်၊ နားထောင်စမ်းပါရစီ) လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော၊ ဂေါတမ မုနိ အစိန္တေယော၊ ရှင်တော်ဂေါတမမြတ်စွာဘုရားသခင် … ရှိစဉ်တုန်းခါ … (သနားစရာ ဘုရာ့ဒကါကြီးရဲ့အမည်၊ ဘုရင် ဗိမ္မိသာရ၊ ကျောင်းအမ ဝေဒေဟီ) ၂ xxx မဟာဗဟိုစည်နဲ့ ရာဇဂြိုဟ်ပြည် … ဘုန်းတန်ခိုးပွင့်လင်းပေသည် xxx

ဝိဘာဂ၀ဋ်တရား တားမရလေပြီ၊ သူ့ဆရာ ဒေ၀ဒတ်နဲ့ ကြီးကြပ်ကါစံမည်၊ ထီးပြဿဒ်ကြံစီ၊ သားတော်မောင် အဇာတသတ်ရယ်က နန်းရပ်ထီးဖြူ လုယူလေတော့သည်xxx


ဆရာကြီးရွှေတိုင်ညွန့် ရေးခဲ့တဲ့ ‘၀ိစိတြ’ အမည်ရ သီချင်းထဲက ကေါက်နှုတ်ထားတဲ့ တပုဒ် ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ပါဠိရော အနက်ပါ ကြားနေတာဘဲဟာ မပြောတော့ပါဘူး။ မိဘမေတ္တာနဲ့တဆက်ထဲ နားထောင်ရင် သင်္ခဏ်းစာ အကြီးကြီး ရနိုင်ပါတယ်။ ကြားဖူး ကြိုက်ဖူးပြီးသား လူအများက ကိုယ့်သမီးသားကို မေတ္တာထားကြောင်း သိစေချင်ရင် ဖွင့်သာပြထား အမှားမရှိတဲ့ လက်ရာပါရှင်။ ဂီတသံမှာ ရောပါနေတဲ့ ကြိုးတတ်တူရိယာသံလေး – ကြားတယ်မို့လား သောတရှင်။ အဲဒါ ဆရာ ဗိုလ်ကလေး ကိုယ်တိုင် ၀င်တီးပေးနေတဲ့ လက်သံ အမှန်ဘဲ။ ကဲ – အချိန်နဲနေလို့ နောက်တပါတ်မှ ဆက်ကြစို့နော်။

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts