နိုင်ငံတကာရေးရာ

မြန်မာပြည်ရဲ့ ဘလော့ဂါ နေဘုန်းလတ် အိုင်အိုဝါစာရေးဆရာအစီအစဉ် တက်ရောက်လျက်ရှိ

မြန်မာပြည်ရဲ့ ဘလော့ဂါ နေဘုန်းလတ် အိုင်အိုဝါစာရေးဆရာအစီအစဉ် တက်ရောက်လျက်ရှိ

မိုးမခအထောက်တော် ၀၀၂၊ အောက်တိုဘာ ၂၄၊ ၂၀၁၂

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ အင်တာနက်လှုပ်ရှားမှုတွေ လုပ်တယ်လို့ စွတ်စွဲခံရပြီး ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ခြင်း ခံခဲ့ရသူ၊ ၂၀၁၂မှာမှ ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာပြည်ရဲ့ ဘလော့ဂါ ကိုနေဘုန်းလတ် အမေရိကန်ပြည်၊ အိုင်အိုဝါတက္ကသိုလ်ရဲ့ နိုင်ငံတကာစာရေးဆရာများအစီအစဉ် (fall semester) ကို တက်ရောက်နေတာ ပြီးဆုံးတော့မှာမို့ လာမည့် နိုဝင်ဘာလကုန်မှာ မြန်မာပြည်ကို ပြန်တော့မယ် ဖြစ်ပါတယ်။

အမေရိကန်ပြည်သို့ သူရောက်ရှိနေခိုက်မှာ တက္ကသိုလ်အစီအစဉ်တွေနဲ့ မအားလပ်တာမို့ သူ့ကို ချစ်ခင်လေးစားတဲ့ ပြည်တွင်း ပြည်ပက ပရိသတ်တွေနဲ့ စာပေမိတ်ဆွေတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိမပေးနိုင်ခဲ့ဘူးလို့ မိုးမခကို ပြောကြားပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရက ခရီးသွားပတ်စ်ပို့တွေကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် ထုတ်ပေးဖို့ ကန့်သတ်တာတွေ၊ ချုပ်ကိုင်တာတွေ ရှိနေလို့ အခုလို အမေရိကန်ခရီးစဉ်ကို လာရောက်နိုင်ဖို့လည်း နောက်ဆုံးအချိန်ထိ မသေချာခဲ့ဘူးလို့ ဆိုပါတယ်။

မြန်မာပြည်ကို မပြန်ခင်မှာ ၀ါရှင်တန်ဒီစီ၊ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမြို့တော်တွေကို ၀င်ရောက်လို့ မိတ်ဆွေများနဲ့ တွေ့ဆုံပြီးမှ ပြန်တော်ပြန်မယ်လို့ သူက ပြောပါတယ်။ နိုဝင်ဘာ ၆ မှာ ဒီစီ၊ ၉ ရက်နေ့မှာ နယူးယောက်၊ ဒီနောက် ၁၃ မှ ၁၇ အထိ ဒီစီကို သွားရောက်မှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၈ ကနေ ၂၆ ရက်အထိ ဆန်ဖရန်စစ္စကို လာရောက်ပြီးမှ အမေရိကန်ပြည်က ထွက်ခွာမယ်လို့ သိရပါတယ်။

အကျဉ်းထောင်က လွတ်မြောက်ပြီးနောက်ပိုင်း ကိုနေဘုန်းလတ်က မိမိမိတ်ဆွေ လူငယ်များကို စုစည်းပြီးတော့ မြန်မာအိုင်စီတီလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ရေး ကိုယ်ထူကိုယ်ထလုပ်ငန်းတွေကို (MIDO)ဆိုတဲ့ အဖွဲ့ကလေးဖွဲ့ပြီး ဆောင်ရွက်လျက်ရှိပါတယ်။

နေဘုန်းလတ်ဟာ မြန်မာစစ်အစိုးရရဲ့ အင်တာနက်ကန့်သတ်ချုပ်ချယ်မှု၊ မတရားဖိနှိပ် နှိမ်နင်းမှုတွေနဲ့ ဖမ်းဆီးထောင်ချခြင်း ခံရတဲ့ ထင်ရှားတဲ့ဘလော့ဂါလူငယ်တဦးဖြစ်ပါတယ်။ သူလွတ်မြောက်ဖို့ နိုင်ငံတကာရှိ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အရေးဆိုတဲ့ အဖွဲ့အစည်းများက လှုံဆော်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူအကျဉ်းကျနေစဉ်မှာ နယ်စည်းမခြားသတင်းထောက်များရဲ့ ဆု၊ PEN အဖွဲ့ရဲ့ ဂုဏ်ပြုဆုတွေ ရရှိခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် TIME မဂ္ဂဇင်းကြီးရဲ့ သြဇာကြီးသူ ၁၀၀ စာရင်းဝင်အဖြစ်လည်း ရွေးချယ်ခြင်း ခံရသူ ဖြစ်ပါတယ်။ ၂၀၀၈ နှစ်ကုန်ပိုင်း နိုင်ငံတကာလူ့အခွင့်အရေးနေ့ ဂုဏ်ပြုတဲ့အစီအစဉ်အနေနဲ့ အဲသည်တုန်းက အမေရိကန်သမ္မတ ဘွတ်ခ်ျက နိုင်ငံတကာက တော်လှန်တဲ့ဘလော့ဂါတွေကို အိမ်ဖြူတော်ကို ဖိတ်ခေါ်ပြီး တွေ့ဆုံတဲ့ဆီမှာ မြန်မာပြည်က နေဘုန်းလတ်ကို ရည်ရွယ်ပြီး ပြည်ပကမြန်မာဘလော့ဂါတဦးကို ကိုယ်စားဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။

“အဲသည်တုန်းက ကျနော်က ဖားအံထောင်မှာ အကျဉ်းကျနေတဲ့အချိန်ပေါ့။ သမ္မတဘွတ်ခ်ျက အိမ်ဖြူတော်မှာ ကျနော်ကိုယ်စား မြန်မာဘလော့ဂါတဦးနဲ့ တွေ့တယ်ဆိုတော့ ကျနော့်ကို ထောက်လှမ်းရေးက ထောင်ထဲအထိ လာပြီးတော့ ခေါ်စစ်တယ်။ အဲသည်လူနဲ့ မင်းသိသလားဆိုပြီးတော့” လို့ ကိုနေဘုန်းလတ်က မိုးမခကို ပြန်ပြောင်း ပြောပါတယ်။

ကမ္ဘာကြီးကျဉ်းတာကို ပြောရရင် ကိုနေဘုန်းလတ်ကိုယ်စား သွားရောက်နိုင်ဖို့ အဲသည်တုန်းက ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ စာရေးဆရာမ ဒေါ်မေငြိမ်းကို လာရောက်ဖို့ USCB က ကိုအောင်ဒင်က တိုက်တွန်းခဲ့ပေမယ့် အဆင်မပြေတာကြောင့် အမေရိကန်ပြည်အခြေစိုက် မိုးမခမီဒီယာက မောင်ရစ်ဆိုသူက ကိုယ်စားတက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုရောက်ရင်တော့ သူ့ကိုယ်စား အိမ်ဖြူတော်သွားခဲ့တဲ့ မောင်ရစ်ဆိုတဲ့သူနဲ့ ကိုနေဘုန်းလတ်တို့ တွေ့ကြမှာ ဖြစ်တယ်လို့ ထင်ပါတယ်။

(ဓာတ်ပုံ ၂၀၁၂ ဇန်န၀ါရီ ၁၃၊ ကိုနေဘုန်းလတ် လွတ်မြောက်လာစဉ် မိသားစုနှင့် တွေ့ဆုံသည့်ပုံ၊ ကိုနေဘုန်းလတ်နှင့် မိတ်ဆွေများ ဆောင်ရွက်နေသည့် မြန်မာအိုင်စီတီဖွံဖြိုးတိုးတက်ရေးအလုပ် လက်ကမ်းစာရွက်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts