သန်းဝင်းလှိုင်

သမိုင်းတကွေ့မှ ဗိုလ်မင်းခေါင် (ရဲဘော်သုံးကျိပ်)

သန်းဝင်းလှိုင်

အောက်တိုဘာ ၁၊ ၂၀၁၂

  

တပ်မတော်အမြုတေ ရဲဘော်သုံးကျိပ်ဝင်များ

 

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်၏အမည်ရင်းမှာ ဦးစောလွင်ဖြစ်သည်။ တို့ဗမာအစည်းအရုံးသို့ ဝင် ရောက်သောအခါ သခင်စောလွင်ဖြစ် လာသည်။ ဂျပန်စစ်သင်တန်းတက်ရောက်စဉ်က ဂျပန်အမည်မှာ ယာမာ အိုကာရှီ (Yama Okashi) ဖြစ်သည်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်မင်းခေါင်ဖြစ်လာခဲ့သည်။

ပါလီမန်လွှတ်တော်အမတ်၊ ပြည်ထောင်စုပါတီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအလုပ်သမားအဖွဲ့ ချုပ်ဥက္ကဋ္ဌ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်၊ ရွှေတူဂျာနယ်အယ်ဒီတာချုပ်၊ နိုင်ငံဂုဏ်ရည်ဘွဲ့ ပထမဆင့်ရ ဗိုလ်မင်းခေါင်ကို ၁၉၂၀ ပြည့်နှစ်တွင် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့၌ အဖဦးသောကြာ၊ အမိဒေါ်ကြော့တို့မှ ဖွားမြင်ခဲ့သည်။

ငယ်စဉ်က ကြို့ပင်ကောက်မြို့မ အမျိုးသားအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်တွင် ကြို့ပင်ကောက် ကျောင်းသားသမဂ္ဂအဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၄၈ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ဝင်ရောက်၍ နိုင်ငံရေးဆောင်ရွက်သည်။ ၁၉၃၉ တွင် ကြို့ပင်ကောက်မြို့ တို့ဗမာအစည်းအရုံး အ လုပ်အမှုဆောင်အဖြစ်ဆောင်ရွက်သည်။ ထို့နောက် သခင်ချစ်၏စည်းရုံးမှုဖြင့် ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန်စေလွှတ်သည့် ဒုတိယ အသုတ် မြန်မာမျိုးချစ်လူငယ်များနှင့်အတူ ၁၉၄၁ ဧပြီ ၁၃ တွင် ကိုင်ရိုမာရူးသင်္ဘောဖြင့် ရန်ကုန်မြို့မှထွက်ခွာ၍ ဧပြီ ၂၈ တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ရောက်ရှိခဲ့သည်။ ၁၉၄၁ မေ ၉ တွင် တိုကျိုမြို့မှတဆင့် လေယာဉ်ဖြင့် ဟိုင်နန်ကျွန်းသို့သွားရောက်၍ ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတို့တွင် စစ်ပညာများသင်ကြားခဲ့သည်။

၁၉၄၁ ဒီဇင်ဘာလ ၂၆ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာလူမျိုး မျက်စိအထူးကုဆရာဝန်ကြီး ဦးလွန်းဖေနေအိမ်တွင် လက်မောင်း သွေးဖောက် သစ္စာအဓိဋ္ဌာန်ပြုရာတွင် ပါဝင်ခဲ့သည်။

၁၉၄၂ ဇန်နဝါရီ ၂ တွင် ဗိုလ်ရန်နိုင်၊ ဗိုလ်တောက်ထိန်နှင့် ဗိုလ်မင်းခေါင်တို့ပါဝင်သော ကာနယ်ဟိရာယမဦးစီးသည့် ရေကြောင်းချီတပ်ဖွဲ့ (မြိတ်စစ်ကြောင်း) ဖြင့် မြန်မာနိုင်ငံတွင်း ဗြိတိသျှတို့ကိုတိုက်ထုတ်ရန် ထိုင်းနိုင်ငံမှ စတင်ချီတက်ခဲ့သည်။ မော်လမြိုင်မြို့အနီး ကျိုက္ခမီမှ တဆင့် ရန်ကုန်မြို့သို့အဝင် ဗိုလ်မင်းခေါင်ဦးစီးသည့် စက်လှေအုပ်စုသည် ဗြိတိသျှရေတပ်အုပ်စု၏ ဖမ်းဆီးခြင်းခံရသည်။ ၁၉၄၂ မတ် ၃ ရက်တွင်မှ ဗိုလ်မင်းခေါင်သည် မိမိတပ်ဖွဲ့နှင့်အတူ ရန်ကုန်ထောင်ကြီးကိုဖောက်ထွင်း၍ လွတ်မြောက်ခဲ့သည်။

၁၉၄၂ မတ် ၁၈ တွင် ဗိုလ်မင်းခေါင်ဦးစီးသည့် ဘီအိုင်အေတပ်ဖွဲ့သည် ရခိုင်ပြည်နယ်တောင်ပိုင်းသို့ချီတက်၍ ငြိမ်ဝပ်ပိပြားရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ဇူလိုင် ၂၇ တွင် ဘီအိုင်အေဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသောအခါ ဗိုလ် မင်းခေါင်သည် ဗိုလ်ကြီးအဆင့်ဖြင့် တပ်တွင်တာဝန်ထမ်းရွက်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရံတော်တပ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးကာလတွင် ရှေ့တန်းစစ်ဌာနချုပ်တွင် တာဝန်ကျကာ ဖက်ဆစ်ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့သည်။ ဗိုလ်မှူးမင်း ခေါင်ဦးစီးသည့် အမှတ် ၁၀၆ တပ်ရင်း (ရန်ကုန်တပ်ရင်း) သည် ပဲခူးရိုးမမှဆုတ်လာသော ဖက်ဆစ်ဂျပန်တပ်များကို စစ်တောင်းမြစ်ဝှမ်းတ ဝိုက်၌ ချေမှုန်းသုတ်သင်နိုင်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးအပြီးတွင် တပ်မတော်မှနှုတ်ထွက်ကာ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ဇန်နဝါရီလ၌ဖွဲ့စည်းခဲ့သော ပြည်သူ့ရဲ ဘော်တပ်ဖွဲ့တွင် အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ဧပြီ ၉ တွင် တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲတွင် ဖဆပလ အမတ်လောင်းအဖြစ် ရန်ကုန်ကြည့်မြင် တိုင်တောင်ပိုင်းမဲဆန္ဒနယ်မြေမှ ဝင်ရောက်အရွေးခံရာ လွှတ်တော်အမတ်အဖြစ် ရွေး ကောက်တင်မြှောက်ခံရသည်။ ၁၉၄၇ ဇူလိုင်တွင် မြန်မာပြည်သောင်းကျန်းမှု နှိမ်နင်းရေးတပ်ရင်း (၂) ၏ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ကျန်းမာရေးနှင့် အလုပ်သမားဌာန ပါလီမန်အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၉ ဧပြီ ၁ တွင် ပါလီမန်အတွင်းဝန်ရာထူးမှနှုတ်ထွက်ခဲ့သည်။ ၁၉၄၉ ဇူလိုင် ၁၆ တွင်ဖွဲ့ စည်းခဲ့သော လက်ဝဲညီညွတ်ရေးကောင်စီတွင် ပြည်သူ့ရဲဘော်အဖွဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။ ဗမာပြည်ဆိုရှယ်လစ်ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဖဆပလအဖွဲ့ချုပ်တွင်ပါဝင်ရာ နိုင် ငံရေးဆောင်ရွက်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ် ဧပြီ ၂ ရက် ပညာရေးပြည်သူ့လုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးဌာန ပါလီမန်အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၀ အောက်တိုဘာ ၂ တွင် တစ်ကြိမ်၊ ၁၉၅၂ မတ် ၁၆ တစ်ကြိမ် ပြည်သူ့လုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၁ ဇွန် ၁၂ တွင်ကျင်းပသော ရွေးကောက်ပွဲတွင်လည်းကောင်း၊ ၁၉၅၆ ဧပြီ ၂၇ တွင်ကျင်းပသော ရွေးကောက်ပွဲ တွင်လည်းကောင်း ကြို့ပင် ကောက်မဲဆန္ဒနယ်မြေ လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

ထို့နောက် ၁၉၅၅ စက်တင်ဘာလတွင် ထောက်ပံ့ရေးဌာနဝန်ကြီးအဖြစ်လည်းကောင်း၊ စာတိုက်နှင့် ကြေးနန်းဌာနဝန်ကြီးအဖြစ်လည်း ကောင်း၊ ၁၉၅၇ မတ် ၁ တွင် သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန် ကြီးဌာနဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၅၈ ဇွန် ၅ မှ အောက် တိုဘာ ၈ အထိ ပြည်ထဲရေးဝန်းကြီးဌာန၊ သယ် ယူပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်းကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း ဆောင် ရွက်ခဲ့သည်။

ထို့ပြင် ၁၉၅၅ မှ ၁၉၆၀ ပြည်နှစ်အထိ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး (ဗတလစ) တွင် အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၇ မှ ၁၉၅၈ ခုနှစ်အထိ အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ် (ဗမာနိုင်ငံ) တွင် အလုပ်အမှုဆောင်အဖြစ် ဆောင် ရွက်ခဲ့သည်။

၁၉၅၈ ခုနှစ် ဧပြီလတွင် ဖဆပလ နှစ်ခြမ်းကွဲသောအခါ သန့်ရှင်းဖဆပလအဖွဲ့၏ တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ ပြည်နှစ် ဖေဖေါ်ဝါရီလတွင် ပြည်ထောင်စုပါတီတွဲဖက် အထွေထွေအတွင်း ရေးမှူးနှင့် ပြည်ထောင်စုအလုပ်သမားအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ ဒီဇင်ဘာလတွင် ပြည်ထောင်စုပါတီအတွင်းဦး၊ ဗိုလ်၊ သခင်အုပ်စုဟူ၍ကွဲသောအခါ ဦး၊ ဗိုလ်အုပ်စု၏ ခေါင်း ဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၁ မတ် ၁၇ တွင် ပြည်ထောင်စုပါတီ အမှုဆောင်အဖွဲ့တစ်ဖွဲ့လုံးနှင့်အတူ နှုတ်ထွက်ခဲ့သည်။

၁၉၆၈ ဒီဇင်ဘာလ ၄ တွင် တော်လှန်ရေးကောင်စီ ကြေညာချက်အမှတ် ၇၂ ထုတ်ပြန်၍ ဖွဲ့စည်းပေးသည့် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည် တွင်းညီညွတ်ရေး အကြံပေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည်။

ဗိုလ်မင်းခေါင်သည် ရွှေတိဂုံစေတီတော် ဂေါပကအဖြစ် ၁၉၇၇ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၂ တွင် တစ်ကြိမ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၂ တွင် ရွှေတိဂုံစေတီတော်ကြီး၏ ၁၃ ကြိမ်မြောက် စေတီယင်္ဂဏ ပရိယတ္တိအသင်းဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

ဗိုလ်မင်းခေါင်သည် စာပေဝါသနာထံသူတစ်ဦးလည်းဖြစ်ရာ ၁၉၄၃ တွင် လွတ်လပ်ရေးကြိုးပမ်းမှု ကိုယ်တွေ့ဖြစ်ရပ်များကို အခြေခံထား သည့် “ရွှေတူ”စာအုပ်ကို ရေးသားခဲ့သည်။ ၁၉၆၈ ဒီဇင်ဘာလတွင် “ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်”စာအုပ်ကိုထုတ်ဝေခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ရွှေတူဂျာနယ်ကို ထုတ်ဝေခဲ့သည်။ ၁၉၇၄ တွင် “ရွှေတူ၏မြစ်ဖျားခံရာ” စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။

ဗိုလ်မင်းခေါင်သည် ဂျပန်နိုင်ငံ၌ စစ်ပညာသင်ကြားစဉ်ကပင် သင်တန်းသားကောင်းတံဆိပ်နှင့် ရွှေစလွယ်တို့ကို ရရှိခဲ့သည်။ ၁၉၃၉ – ၁၉ ၄၅ ခုနှစ်အတွင်း ဗြိတိန်နိုင်ငံ သူရဲကောင်းထူးထွန်ဆုကိုလည်းကောင်း၊ ၁၉၅၄ မှ ၁၉၅၅ ခုနှစ်အတွင်း အီသီယိုးပီးယားနိုင်ငံ၏ လူစွမ်း ကောင်းဘွဲ့တံဆိပ်နှင့် အမြင့်ဆုံးသူရဲကောင်းဆုတံဆိပ်များ ရရှိခဲ့သည်။

၁၉၅၉ မတ်လ ၂၇ တပ်မတော်နေ့တွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ ဘဲ တိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေး အတွက် သက်စွန့်ဆံဖျားကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) တံဆိပ်ချီးမြှင့်ဂုဏ်ပြုခံရသည်။ ထို့ ပြင် ၁၉၈၀ ပြည့်နှစ် ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံတော်ကောင်စီမှပေးအပ်ချီးမြှင့်သည့် နိုင်ငံဂုဏ်ရည် (ပထမဆင့်) ရရှိခဲ့သည်။

၁၉၈၃ သြဂုတ် ၂၄ တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့လေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts