ကဗျာ

အဖြူလိုတဲ့ … အမည်း (သို့မဟုတ်) အမည်းကူတဲ့ … အဖြူ

ဂေါ်ရှယ်

စက်တင်ဘာ ၂၈၊ ၂၀၁၂ 

 

သူမက …
နူးညံ့တဲ့လေပြေရဲ့ ညင်သာစွာ လာရောက်ထိမှန်မှုကို နှစ်သက်ပေမဲ့
သူက …
ကြမ်းတမ်းစွာတိုက်ခတ်လာတဲ့ လေကိုဆန်ပြီး အန်တုရတာကို သဘောကျတယ် ….။

သူမက …
အရိုးကွဲမတတ်အေးတဲ့ဆောင်းကိုကြောက်ရွံ့ပြီး …
သူက …
ပူပြင်းခြောက်သွေ့လှတဲ့နွေကို မနှစ်မြို့သူပါ …။

သူမက …
အခန်းထဲအောင်းနေပြီး စာတွေမွေနှောက်ဖတ်နေရတာကို ခုံမင်ပြီး …
သူက …
မုဆိုးအတတ်ပညာနဲ့ အမဲလိုက်နေရတာကို ဝါဿနာထုံသူဖြစ်တယ် …။

သူမက …
သက်တောင့်သက်သာနဲ့ သိမ်မွေ့မှုမှာ သာယာပြီး
သူက …
ခက်ထန်မှုနဲ့ စွန့်စားရတာကိုက သူ့အတွက် ပျော်ရွှင်စရာဖြစ်နေခဲ့တယ် …။

သူမက ..
ပြည်သူတွေရဲ့ ဘ၀မှန်တစိတ်တပိုင်းကို ပြည်သူတွေကြားထဲ အရောက်ပို့ပေးရင်း စာတွေရေးနေချိန်မှာ
သူက …
ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသူတယောက်ဖြစ်တယ် …။

ခံစားချက် ခံယူချက် အသိအမြင် ဉာဏ်ပညာ အတွေးအခေါ်
သုံးသပ်မှု အကျင့်စရိုက်
ဘ၀ရဲ့ အတွေ့အကြုံသင်ခန်းစာ
ဘယ်လိုပဲ ဘယ်လောက်ထိကွဲပြားနေပါစေ …
သူတို့မှာ
တူညီတဲ့ ဦးတည်ချက်ကတော့
ပေးဆပ်ချင်တဲ့ ပေးဆပ်နေတဲ့ နှလုံးသားပဲဖြစ်တယ် …။

အဲဒီပေးဆပ်တတ်တဲ့ နှလုံးသားကပဲ
တွဲထားတဲ့လက်တွေကို မြဲမြဲခိုင်စေခဲ့ပါတယ် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts