ရသဆောင်းပါးစုံ

ဒယ်အိုးမှသည် မိုးပေါ်ဆီသို့

အရွင္နႏၵဝံသ (ေဇယ်သုခ ဓမၼရိပ္သာ)
စက္တင္ဘာ ၂၇၊ ၂၀၁၂

 

● အမာရီလိုအကြောင်း သိကောင်းဖွယ်ရာ
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ရှိ အမာရီလိုမြို့လေးသည် လူဦးရေ နှစ်သိန်းဝန်းကျင် မှီတင်းနေထိုင်သော မြို့ပြလေးတခုသာဖြစ် ပါ၏။ ဤဒေသရှိ အမဲရုံများမှနေ၍ အမေရိကန် တစ်နိုင်ငံလုံး၏ အသားထုတ်ကုန် လေးပုံတစ်ပုံကို ထုတ်လုပ်ပေးလျှက်ရှိပြီး တက္ကဆက်ပြည် နယ်အတွင်း အကြီးမားဆုံးစိုက်ပျိုးမွေးမြူရေး ခြံကြီးများ၏ တည်ရှိရာဒေသလည်း ဖြစ်ပါ၏၊ မြို့၏တောင်ဘက် မလှမ်းမကမ်းတွင်မူ အမေရိ ကန်နိုင်ငံ၏ ဒုတိယအကြီးဆုံး (grand canyoun) ချောက်ကြီးတစ်ခုက မင်းမူနေရာယူလျှက်သည်ကိုလည်း တွေ့နိုင်ပါ၏။

ရာသီဥတု အခြေနေကလည်း အေးသည့်အခါ သိပ်အေးလွန်းသလို ပူသည့်အခါမှာလဲ သိပ်ပူပြင်းလှပါ၏။ တိုနေဒိုး မုန်တိုင်းတို့၏ အုပ်စိုးရာ ဒေသတစ်ခုဆိုလျှင်လဲ မှားအံ့မထင်ပါ။ ဒေသ၏ အဓိကထွက်ကုန်များတွင် ကျောက်မီးသွေး၊ ရေနံတို့က ထိပ်တန်းကနေရာယူထားလျှက်  အမေရိကန်နိုင်ငံအတွင်း တတိယမြောက် လေအထန်ဆုံးနေရာဖြစ်၍ မိုးခေါင်းရေရှားပြီး ပျင်းရိဖွယ်ကောင်းသည့် ရာသီဥတုကို ပိုင်ဆိုင်ထား သည့် နေရာဒေသတစ်ခုပါပေ။

ဤဒေသတွင် မှီတင်းနေထိုင်သူနှစ်သိန်းကျော်တွင် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းစုံမှ ရွှေ့ပြောင်းနေထိုင်သူများလည်း အပါအဝင်ဖြစ်ပါ ၏။ နှစ်စဉ် တစ်ထောင်ဝန်းကျင်သော လူသားတို့သည် ကမ္ဘာ့ဒေသအသီးသီးမှ အမာရီလိုမြို့ဒေသသို့ အခြေချနေထိုင်ရန် ပြောင်းရွှေ့ ရောက်လာကြသည်ဟု မှတ်သားရပါ၏။ အမာရီလိုဟူသောအမည်သည် စပိန်ဘာသာစကားမှ ဆင်းသက်လာသည့် ပညတ်အခေါ် တစ်ခု ဖြစ်ကာ အဓိပ္ပါယ်မှာ အ၀ါရောင်ဟုအဓိပ္ပါယ်ရှိပေ၏။ မြန်မာတို့အလို သာသနာရောင်ဖြစ်သောကြောင့် နောင်အခါ သာသနာထွန်းမည့် အ တိတ်နိမိတ်ပေလားဟု တွေးတောခံစားမိပါတယ်။

● ရွှေ့ပြောင်းမြန်မာ မင်းမူလာ
အမာရီလိုဒေသတစ်ဝိုက်တွင်ရှိသည့် ကုန်ထုတ်စက်ရုံများ၌ ၁၉၇၄ ခုနှစ်နောက်ပိုင်းကာလများတွင်  လာအို၊ ဗီယက်နမ်နိုင်ငံများမှ လုပ်သား အများစု မင်းမူနေရာယူခဲ့ကြသလို မက္ကစီကို၊ ဂွာလတီမာလာ စသောနိုင်ငံများမှ တရားမ၀င်ရောက်ရှိလာသူများ၏လုပ်အားဖြင့် သားသတ် စက်ရုံ၊ အမဲရုံများတည်ထောင်ပြီး ကမ္ဘာအနှံ့ တင်ပို့ရောင်းချခဲ့ကြသည်ဟု ဖတ်ရှုမှတ်သားရပါ၏။

၂၀၀၆ ခုနှစ်တွင် တရားမဝင်လုပ်သားများအား လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ဖမ်းဆီးအရေးယူခဲ့သည့်နောက်ပိုင်းတွင် ထိုလစ်လပ်သွား သည့် နေရာများတွင် မြန်မာရွှေ့ပြောင်းလုပ်သားများက တစ်စတစ်စ အစားထိုးဝင်ရောက်လာရာမှနေပြီး ယခုအခါတွင်တော့ အမရီလိုမြို့ ဒေသတစ်ဝိုက်တွင် မြန်မာနိုင်ငံဖွား တိုင်းရင်းသားလူမျိုးပေါင်းစုံ သုံးထောင်ကျော် လေးထောင်ခန့် အခြေချနေထိုင်နေကြသည်အထိ တိုး ပွားလာခဲ့ပါချေပြီ။

● မြန်မာ့စိတ်ရင်း သာသနာလင်းဖို့
ကျောင်းကန်ဘုရားနှင့် အနေဝေးရင် စိတ်လက်မရွှင်ပြဖြစ်တတ်ကြသော မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ မိသားစုများတို့သည် မိမိတို့ရဲ့ ချွေးနဲ စာလေးများထဲမှထုတ်နှုတ်ပြီး စုပေါင်းစုဆောင်းကြ၍ ရောက်ရာဒေသမှာ ဘုန်းတော်ကြီးကျောင်းများတည်ထောင်ကြလေ့ရှိရာ အမာရီလိုမြို့ ရောက် ရွှေ့ပြောင်းမြန်မာတို့လည်း ထိပ်ဆုံးကပါဝင်မယ်ဆိုတာ ယုံကြည်ရပါတယ်။

မိမိတို့ရဲ့ အမျိုး၊ ဘာသာ၊ သာသနာနဲ့ စာပေယဉ်ကျေးမှုပြန့်ပွားရေးကို ရှေ့ရှုကြပြီး ရောက်ရာဒေသ အားမာန်ပြကာ ကျောင်းတော်တွေ တည် ထောင်လှူဒါန်းကြခြင်းဟာ ဗုဒ္ဓမြတ်စွာ၏ အဆုံးမတို့တည်ရာ သာသနာတော်ကြီး ကမ္ဘာအတွင်းမှာ အမှောင်ခွင်း၍ အရောင်လင်းဖို့သာ ဖြစ်ပေမယ်လို့ တွေးမိလိုက်ပါရဲ့။

● ဗြဟ္မာမှလာ … ဒို့မြန်မာ
ရှေးတုန်းကတော့ မြန်မာဟူသည် ဗြဟ္မာကြီးများမှ ဆင်းသက်လာပေသလား အထင်မှားရလောက်အောင်ပင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားတို့ကို လက်ကိုင်ကျင့်သုံးသူများဖြစ်ကြတယ်လို့ တဆင့်စကား မှတ်သားရဘူးပါတယ်။ ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားပြီး အများအတွက် ကောင်းကျိုးဆောင်လေ့ရှိတတ်သူများပီပီ ရောက်ရာဒေသမှာ ဘာသာသာသနာအတွက် ရည်ရွယ်ချက် နဲ့ စည်းလုံးညီညွတ်စွာ အများအကျိုး သယ်ပိုးဆောင်ရွက်ကြတာတွေ့ရတော့ ဟုတ်လောက်ပါရဲ့လို့ ခံယူမိလိုက်ပါတယ်။

● ဒယ်အိုးနီးလာ ဒို့မြန်မာ
မူလဓါတ်ခံစိတ်ရင်းက သိပ်ပြီးကောင်းကြပါသော်လည်း ဖြတ်သန်းရသည့်ဘ၀လမ်းနှင့် ကျင်လည်ခဲ့ရသော ဒေသပတ်ဝန်းကျင်တို့ရဲ့ ဓလေ့ အယူတို့က လူကိုအနိုင်ယူသွားသောအခါ မြန်မာတို့လည်း မေတ္တာခေါင်းပါးလို့ ကရုဏာတရား နဲပါးလာခဲ့ကြချေပြီပေါ့။ မုဒိတာ နှလုံးသား နဲ့ လူသားကိုရှာတွေ့ဖို့ ခက်ခဲလာသလိုစိတ်ဓါတ်တွေ ပိုမိုခက်ထန်ကြမ်းတမ်းလာကြလေသလားပင် ထင်မိပါရဲ့။

ကြည့်လေ ..တစ်နေကုန် … လုပ်ငန်းစုံတွင် အလုပ်ဝင်ကြရင်း လောဘ ဒေါသ မောဟ မာန်မာနတို့နှင့်သာ ထွေးလုံးရစ်ပတ်နေကြရသလို အားလပ်ပြန်တော့လဲ အချို့သူတွေဟာ ဘီယာအရက်သောက်ခြင်း၊ ဖဲကစားခြင်း၊ ကာစီနိုသွားခြင်း၊ ငါးမျှားခြင်း၊ တောလိုက်ခြင်း၊ ဈေးဝယ်အပန်းဖြေထွက်ခြင်းများဖြင့်သာ အချိန်ကို ဖြုန်းနေကြပေ၏ ဒီနည်းဖြင့်သာ ရှေ့ခရီးဆက်ကြရင်ဖြင့် ဒယ်အိုး (အဝီစိငရဲ) နဲ့ နီးသထက် နီး လာပေတော့မယ့်ဟု တွေးတော စိတ်ပူလာမိပါတော့တယ်။

● ကိုယ်တိုင်ဟောပြ  အားမရခဲ့
မြန်မာနိုင်ငံဖွားတိုင်းရင်းသား ဗုဒ္ဓဘာသာအများစုတို့သည် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးမတို့နှင့် ဝေးဝေးမနေနိုင်ကြသူများဖြစ်ကြသည့် အ လျောက် ရောက်ရာဒေသတွင် ဘုန်းတော်ကြီးကျောင်းတွေ တည်ထောင်နိုင်အောင် အရင်ဆုံးစီစဉ်ကြသည်သာ များပါ၏။ ယခုလည်း ကြည့်ပါချေ။ အမာရီလိုမြို့လေးတွင် အခြေချနေလျှက်ရှိသော ဗုဒ္ဓဘာသာမိသားစုများတို့သည် မိမိတို့အားထားကိုးကွယ်ဆည်းကပ်ရာ ဗုဒ္ဓ မြတ်စွာ သာသနာတော်ကြီး ထွန်းလင်းတောက်ပစေဖို့ ကျောင်းတော်တစ်ခုကို တည်ထောင်လာခဲ့သည်မှာ ငါးနှစ်ကျော် ခြောက်နှစ်တင်း တင်းပင် ရှိခဲ့ပါချေပြီ။

စာရေးသူသည် ၂၀၁၁ ဧပြီလတွင် ဤကျောင်းလေးသို့ သာသနာ့တာဝန်များ ထမ်းဆောင်နိုင်ရန် ရောက်ရှိခဲ့ပါ၏။ ရောက်ရှိလာချိန်မှ ယနေ့ အထိ တစ်နှစ်ခွဲကာလအတွင်း ကျောင်းတော်ဘက်စုံ မွမ်းမံပြင်ဆင်မှုများနှင့်အတူ ဘာသာရေး သာသနာရေးပွဲတော်များကို ကြိုးစားရွက် ဆောင်ခဲ့ရာ ယခုအခါ အမျိုးကောင်းသား အမျိုးသမီးပေါင်း (၁၀၀) ဝန်းကျင်အား  ရှင်၊ ရဟန်း၊ သီလရှင်များ အဖြစ်ဖြင့် သာသနာဘောင်အတွင်း သွတ်သွင်းနိုင်ခဲ့ပြီး ဖြစ်သလို တရားစခန်း လေးကြိမ်ဖွင့်လှစ်၍ တရားဓမ္မများကို ဓမ္မဒါနအနေဖြင့် ဆောင်ရွက်ကုသိုလ်ယူနိုင်ခဲ့ပြီးဖြစ်ပါ၏။

ထို့မျှမက.. ရေနံချောင်းဆရာတော်၊ နယူးယောက်ဆရာတော်၊ ဆရာတော်ဦးဇာဂရ (စာရေးဆရာ ကံထွန်းသစ်) ဝေဠုမြိုင်ဆရာတော်၊ မီ ဝေါကီးဆရတော်၊ ဖို့ဝိန်း ဇေတဝန်ကျောင်းဆရာတော်၊ ဒါးလက်စ်ဆရာတော် စသည်ဖြင့် ဆရာတော်များစွာကို ပင့်ဖိတ်ပြီးလည်း သြဝါဒ ခံယူခြင်း၊ သိမ်နှုတ် သိမ်သမုတ်ခြင်း စသည့် သာသနာရေးဆိုင်ရာများကို ကြိုးစားပြုလုပ်နိုင်ခဲ့ပါ၏။

မြန်မာနွယ်ဖွား တိုင်းရင်းသားပေါင်းစုံတို့အား မြန်မာစာ ရေး၊ ဖတ်သင်ပေးခြင်း၊ ယဉ်ကျေးလိမ်မာသင်တန်းများဖွင့်လှစ်ပြီး ဗုဒ္ဓဘာသာ ယဉ် ကျေး မှုသင်ခန်းစာများကို ပို့ချကုသိုလ်ယူခဲ့ရာ (၁၀၀) ကျော်သော ကျောင်းသူ ကျောင်းသားအပေါင်းတို့အတွက် အသိဉာဏ် ဗဟုသုတ တိုးတက်စေခဲ့သလို ဘာသာ သာသနာအကြောင်းလဲ အထိုက်အလျှောက် သဘောပေါက်သိမြင်စေနိုင်ခဲ့ပါပြီ။ သို့သော်လည်း အားရတင်း တိမ်ခြင်း မရှိနိုင်ခဲ့ပါချေ။ မိမိထက် တတ်သိ တော်ပြီး ပိဋကစာပေအရာ ကျွမ်းကျင်နားလည်သော ကျော်စောထင်ရှား ဆရာတော်များအား ပင့်ဆောင်၍ တရားအလှူ ပေးလှူလိုသော စေတနာပေါက်ဖွားခဲ့ပါ၏။

● ဒယ်အိုးမှသည် မိုးပေါ်ဆီသို့
ဤအတွေးများနှင့် အတူ စာရေးသူသည် မိမိအား ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းနေသူ ကျေးဇူးရှင်များအား ကျေးဇူးဆပ်လိုသော စိတ် စေတနာနှင့် မိမိတည်နေရာ ဒေသပတ်ဝန်းကျင်နေ များစွာသော ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေအား သတိ သံဝေရပါစေဟူသော စိတ်စေ တနာဖြင့် ဓမ္မဒါန ဓမ္မပူဇာ တရားအလှူတော်ပွဲကြီးတခု ကျင်းပနိုင်အောင်ကြိုးစားခဲ့ပါတော့တယ်။

ထိုကြိုးစားမှု၏ ပထမဆုံးခြေလှမ်းအနေဖြင့်  ယခု ၂၀၁၂ စက်တင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့ အထိ နိုင်ငံကျော် ဓမ္မကထိက ကမ္မဋ္ဌာနာစ ရိယအကျော် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) အား အထူးပင့်လျှောက်ထား၍ တရားအလှူပွဲကြီးကို ဆင်ယင်ကျင်းပ လှူဒါန်းခဲ့ ရာ အမရီလိုမြို့ဒေသ အခြေချနေထိုင်ကြသော မြန်မာနိုင်ငံဖွား ဗုဒ္ဓဘာသာများစွာတို့က နေ့ညမစဲ တရားပွဲသို့အားခဲ လာရောက်နာယူ ကြ ပေရာ များစွာမှကြည်နူးဝမ်းသာစရာ ဖြစ်ခဲ့ပါချေပြီ။ ဆရာတော်ကလဲ ရောက်သည့်ရက်မှ ပြန်တဲ့ရက်အထိ မေတ္တာကရုဏာ ကြီးမားစွာဖြင့် ကိုးကြိမ်ကြိမ်တိုင်တိုင် အားရပါးရ ဟောဖေါ်ညွန်ကြားခဲ့ပါ၏။

တရားပွဲကာလ တလျှောက်လုံး အေးချမ်းသာယာခဲ့ပြီး တရားပွဲ ပြီးဆုံးသည့်ညတွင်တော့ သိကြားမင်းကပင်ဆင်း၍ သာဓုခေါ်လေသလား မသိချေ။ သုံးရက်တိုင်တိုင် မိုးဖြိုင်ဖြိုင် ရွာချုလေတော့၏။ ဆရာတော်၏ ကမ္ဘာကျော်လောက်သော အတွေးအခေါ်အယူအဆ ဟောပြောပို့ချ ချက်များကြောင့် တရားနာယူသူတို့၏ ရင်အတွင်းမှာ အသိဉာဏ်ဗဟုသုတတို့လည်း တိုးပွားထင်လင်းတောက်ပလာသလို အမာရီမြို့တွင်းလဲ တကယ် သာသနာရောင်လင်းခဲ့ပြီဟု ဆိုရမည်သာဖြစ်ပါ၏။

အချုပ်အားဖြင့်ဆိုရသော် မြတ်စွာဘုရားဟောကြားအပ်သော ပိဋကတ်တော်လာ ဒေသနာများဖြင့် တန်ဆာဆင်၍ နိုင်ငံကျော်ဒယ်အိုးဆရာ တော် ဟောကြားပြခဲ့သော တရားတော်များကို နာယူမှတ်သား လိုက်နာကျင့်ကြံရသောကြောင့်  ဒယ်အိုး (အဝီစိ ငရဲ) ရောက်သွားနိုင်သည့် ဒုစရိုက် အတွေးမိုက်အကျင့်များကို ရှောင်ရှား၍ ကုသိုလ်သုစရိုက်တရားတွေ ကြိုးစားအားထုတ်ပါမူ ဒယ်အိုးဘေးမှကင်းဝေးပြီး နတ်ပြည် ဗြဟ္မာ့ပြည်တို့တည်ရာ မိုးပေါ်ဆီသို့ ရောက်နိုင်ပါသည်ဟုသာဆိုက်လိုက်ချင်ပါတော့သတည်း … ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဒယ်အိုးမှသည် မိုးပေါ်ဆီသို့
  1. ဆ၇ာတော်ဘု၇ား၇ဲ.ဆောင်းပါးများကိုတပည်.တော်အမြဲတမ်း၇ှာဖွေဖတ်၇ု.ဖြစ်ပါတယ်။အမျိုးဘာသာသာသနာအတွတ်တန်ဖိုးမဖြတ်နိုင်သောစာပေများဆက်လက်ေ၇းသားပေးပါဘု၇ား။ဆ၇ာတော်ဘု၇ားမလေး၇ှားမှာ၇ှိစဉ်တုံးကလိုအမေ၇ိကန်မှာဘာသာသာသနာအကျိုးဒိထက်ပိုပြီးဆောင်၇ွက်နိုင်ပါစေဘု၇ား။ဆ၇ာတော်ဘု၇ားသက်တော်၇ာကျော်၇ှည်ပါစေ။

Comments are closed.