အရှင်ပညာနန္ဒ

အညတရအကျဉ်းသားရဟန်းတော်များ (၂၅) ဦးသုန္ဒရ၀ံသ

အရှင်ပညာနန္ဒ

စက်တင်ဘာ ၂၄၊ ၂၀၁၂ 

  (၁)
နိုင်ငံတော်သမ္မတရုံး၏ကြေညာချက်အရ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အကျဉ်းထောင်အသီးသီးမှ လွတ်ငြိမ်းခွင့်ရရှိသော အကျဉ်းသားများ ကို၂၀၁၁ ခုနှစ်၊အောက်တိုဘာလ (၁၂) ရက် နံနက်(၇) နာရီမှ စတင်လွှတ်ပေးခဲ့ရာ မန္တလေးထောင်မှ ဦးသုန္ဒရ (ခ) သန်းအောင်အပါအ၀င် (၁၈) ဦး လွတ်မြောက်လာခဲ့ပါတယ်။

ဆရာတော်ဦးသုန္ဒရ၀ံသဟာ ၈၈ အရေးအခင်းကာလက မြင်းခြံခရိုင် သပိတ်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ မှာ န၀တစစ်အစိုးရရဲ့ နှစ်အကန့်အသတ်မရှိ ဖမ်းဆီးထောင်ချခြင်းခံခဲ့ရပါတယ်။

ဆရာတော်ရဲ့ ထောင်တွင်းဖြတ်သန်းမှုအတွေ့အကြုံအချို့ကို တင်ပြပေးလိုက်ပါတယ်။

(၂)
ဦးဇင်းရဲ့ဘွဲ့ကတော့ ဦးသုန္ဒရ၀ံသပါ။ အများကတော့ ဦးသုန်လို့ပဲ ခေါ်ကြပါတယ်။ ၈၈အရေးအခင်းဖြစ်တော့ ဦးဇင်းလည်း အများနည်းတူပါဝင် လှုပ်ရှားခဲ့တာပေါ့။ အရေးအခင်းကာလမှာ မြင်းခြံသပိတ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ စစ်အစိုးရအာဏာသိမ်းပြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ အဖမ်းခံရပါတယ်။ မြင်းခြံထောင်ထဲရောက်သွားပါတယ်။ ခုထောင်တွင်းမှာ ဦးဇင်းကြုံတွေ့ခဲ့ရတဲ့ဖြတ်သန်းမှု အတွေ့အကြုံတချို့ကိုပြောပြချင်ပါတယ်။

ထောင်တွင်းဖြတ်သန်းမှုကတော့ အခြားနိုင်ငံရေးအကျဉ်းသားများနည်းတူ ဖြတ်သန်းခဲ့ရတာပါဘဲ။ နိုင်ငံရေးအကျဉ်းသားဆိုပြီး သိသာထင် ရှားတဲ့အခွင့်အရေးတော့မရပါဘူး။ နှိပ်ကွပ်ရေးအစီအစဉ်များကတော့ မကြာခဏ ရတတ်ကြပါတယ်။ ၁၉၉၁ ခုနှစ် ဧပြီလ (၂၇) ရက်နေ့မှာ တော့ ဦးဇင်းကို မြင်းခြံထောင်ကနေ မန္တလေးထောင်ကို ရွေ့ပြောင်းခံရပါတယ်။ အဲဒီအချိန်ကစပြီး ရိုက်နှက်-ညှဉ်းပန်းမှုပေါင်းစုံနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ဒေါက်ခြေချင်းခတ်၊ တိုက်ပိတ်၊ ဆားနဲ့ထမင်းရောကြိုထားတဲ့ (ဆားတ၀က် ထမင်းတ၀က်ရောကျိုထားတဲ့) “ဆားကော်” ကို နှစ်ရက်အကျွေးခံရပါတယ်။ ထမင်း ဟင်း လုံးဝမကျွေးပါ။ ကျင်ကြီး ကျင်ငယ်ကို ပလပ်စတစ်ခွက် အကွဲတလုံးထဲမှာဘဲ သွားခွင့်ပေးထားပါ တယ်။

ဒေါက်ခြေကျင်းနဲ့ (၂၈) ရက်လောက်ထားပြီး တပါးထဲတိုက်ပိတ်ထားပါတယ်။ နောက်မှ ဒေါက်ခြေကျင်းပြန်ဖြုတ်ပေးပြီး တိုက်ပိတ်ပြစ်ဒဏ်နဲ့ ဆက်ထားပါတယ်။

ဘယ်လောက်အနေခက်မယ် ဆင်းရဲမယ်ဆိုတာ စဉ်းစားသာကြည့်ပေတော့။ ဦးဇင်းကို သူတို့က လူစုလူဝေးနဲ့ နိုင်ငံရေးလုပ်မှု၊ ထောင်ဖောက် ရန်ကြံစည်မှုနဲ့စွပ်စွဲပြီး စွဲချက်တင်ခဲ့တာပါ။

ပထမအချက်ကတော့ ငြင်းစရာအကြောင်းမရှိပါဘူး။ နိုင်ငံရေးလုပ်လာတဲ့သူက ဘယ်ရောက်ရောက် နိုင်ငံရေးလုပ်နေကြတာပါဘဲ။ ဒုတိယ အချက်ကတော့ လုံးဝမဟုတ်ပါ။ ထောင်ထဲမှာဘဲ ခုံရုံးဖွဲ့စစ်ဆေးတော့ ဦးဇင်းဦးဆောင်တဲ့အပိုင်းက ပြစ်မှုနှစ်ခုလုံး အပြစ်မရှိကြောင်း ငြင်းဆို ပါတယ်။ ကျန်တဲ့သူတွေကတော့ ငြင်းရင်ပိုပြီးပြစ်ဒဏ်ကြီးသွားမှာစိုးရိမ်တဲ့အတွက် ၀န်ခံကြတော့ ထောင်ဒဏ် (၃) နှစ် (၅) နှစ် စသည် ပြစ် ဒဏ်ချမှတ်ခံရပါတယ်။

၁၉၉၁ ခုနှစ်ထဲမှာဘဲ အမိန့်ချခံရတာပါ။ ဦးဇင်းတို့အဖွဲ့ကတော့ ငြင်းဆန်တာမို့ အဲဒီအချိန်မှာ အမိန့်ချမခံရပါ။ အမှုကိုလည်း ဆက်စစ်ခြင်း၊ ရုံးချိန်းပေးခြင်းမရှိဘဲနေခဲ့ရာမှ ၁၉၉၆ ခုနှစ်ရောက်မှ အထူးခုံရုံး (စစ်ခုံရုံး) မဟုတ်ဘဲ အရပ်ဘက်တရားရုံးက ခေါ်ယူစစ်ဆေးတာခံရပြီး နှစ် မှုပေါင်းဒဏ်ငွေ တဦးနှစ်ထောင်စီနဲ့ ပြီးသွားပါတယ်။

၉၆/၉၇ ခုနှစ်တွေမှာတော့ တက္ကသိုလ်နဲ့ဆေးတက္ကသိုလ်တို့က ဆူပူပြဿနာတက်ခဲ့ပြန်လို့ ထောင်ထဲမှာရှိနေတဲ့ ဦးဇင်းတို့ကို အဆောင်တွေ ပိတ်၊ တိုက်တွေပိတ်၊ အဆက်အသွယ်တွေဖြတ်နဲ့ စိတ်မချမ်းသာစရာတွေ ထပ်မံကြုံရပြန်ပါတယ်။ အဲဒီပွဲမှာတော့ ဦးဇင်းတို့အမှုတွဲက ဦး ဇင်း လေးတပါး စိတ်ဖောက်ပြန်သွားခဲ့ပါတယ်။

ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) ၀င်တော့မယ်ဆိုတဲ့သတင်းကြားရတဲ့အချိန်မှာတော့ ထောင်တွင်းဖိနှိပ်မှုတွေ အနည်းငယ် လျော့ကျလာပါ တယ်။ အမြင်ကောင်းအောင် အာဏာပိုင်တွေက မျက်လှည့်ပြတဲ့သဘောပါ။

၉၈ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကစပြီး ဖျာစုတ်ခင်းနေခဲ့ရာမှ သစ်သားကြမ်းခင်းအဖြစ် ပြောင်းလဲပေးခဲ့တယ်။ အရင်က ၁၂ ပေ ၈ ပေလောက် ရှိတဲ့အခန်းထဲမှာ ဖျာစုတ်တွေခင်းပြီး လူခုနှစ်ယောက်ရှစ်ယောက်လောက်အထိ နေခဲ့ရတာပါ။ အခန်းကလည်း ပြတင်းပေါက်မရှိတော့ နံ ပြားဖုတ်တဲ့မီးဖိုအတွင်း ၀င်နေရသလိုပါ။ အရှင်လတ်လတ် ငရဲကျနေရသလိုပါဘဲ။ ၉၃ ခုနှစ် ၁၂ လပိုင်းကစပြီး ဖွင့်ခဲ့တဲ့ မန္တလေး (အိုးဘို) ထောင်သစ်မှာ အဲဒီလိုနေခဲ့ရာမှ မတ်လ ၃ ရက်၊ ၁၉၉၈ မှာတော့ နံပြားဖိုကြီးနဲ့တူတဲ့အခန်းကို တပေခွဲပတ်လည်လောက်ရှိတဲ့ ပြတင်းပေါက် တွေဖောက်ပေးလို့ အနည်းငယ်နေသာထိုင်သာရှိခဲ့ပါတယ်။ အခြားနေ့စွဲများကိုမေ့ပေမဲ့လည်း ငရဲကလွတ်တဲ့ အဲဒီနေ့စွဲကိုတော့ မမေ့နိုင် လောက်အောင်ခံစားရပါတယ်။

၁၉၉၇ ခုနှစ်လောက်မှာ စစ်အာဏာပိုင်တွေက မန္တလေးမဟာမြတ်မုနိဘုရားဗိုက်ဖောက်တဲ့ပြဿနာကြောင့် သံဃာတွေနဲ့ထပ်တိုက် တွေ့ကြ ရာက သံဃာတော်အများအပြားဖမ်းဆီးခံရပြီး ထောင်ထဲရောက်လာတာကို စိတ်မချမ်းသာဘွယ်ရာတွေ့ရပါတယ်။

ထောင်ထဲမှာ စားဝတ်နေရေးဖြေရှင်းတဲ့အနေနဲ့ ၀ါသနာတူတဲ့ဦးဇင်းတွေစုပြီး စိုက်ခင်းတခင်းကို ဖန်းတီးရပါတော့တယ်။ အထူးသဖြင့် သံ ဃာတော်အများစုဟာနယ်က (တောက) ဖြစ်ကြတာကြောင့် မိဘများက ဆင်းရဲကြတာများပါတယ်။ ဒီတော့ ထောင်ဝင်စာပုံမှန်မလာနိုင်ကြပါ ဘူး။ သီးနှံပေါ်ချိန်လေးရောက်မှ တနှစ်မှာတခေါက် နှစ်ခေါက်လောက်သာ လာနိုင်ကြပါတယ်။ တချို့သံဃာတွေဆို ထောင်ဝင်စာလုံးဝမရှိ တာကိုတွေ့ရပါတယ်။ တချို့သံဃာတွေက မိဘတွေစိတ်ဆင်းရဲမှာစိုးလို့ အဆက်အသွယ်မလုပ်တာတွေလည်း ရှိပါတယ်။

၉၇/၉၈/၉၉ ခုနှစ်များမှာတော့ သီးသန့်မှာ အဆောင်နဲ့နေခွင့်ရခဲ့ပါသေးတယ်။ အဲဒီအချိန်မှာ သံဃာတော်များအတွက်သာမဟုတ်ဘဲ အ ဆောင်နေ လူရှစ်ဆယ်ကျော်အတွက် ခရမ်းသီး၊ ခရမ်းချဉ်သီး၊ မုံလာမျိုးစုံ၊ မုံညှင်းမျိုးစုံ၊ ငရုတ်၊ ကန်ဇွန်းရွက်စတဲ့သီးနှံတွေစိုက်ပြီး ကုသိုလ် ဖြစ် ဝေငှပေးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေးမှာ ကူညီသူရော မကူညီသူတွေကိုပါ အားလုံးကို (ဦးဇင်းအပါအ၀င်) ဝေစုကိုညီတူညီမျှခွဲဝေပေးခဲ့ပါတယ်။

ဆင်းရဲဒုက္ခရောက်နေချိန်မှာ စုစည်းညီညွတ်မှုအတွက် အထောက်အကူရစေချင်လို့ပါ။ စိုက်ခင်းကရတဲ့သီးနှံတွေကို ထောင်ရိက္ခာအဖြစ် မသွင်းဘဲ နိုင်ငံရေးအစုအစည်းအတွက်ဘဲ အသုံးပြုခဲ့ပါတယ်။ အဲဒီလိုအခွင့်အရေးကတော့ ထောင်ထဲမှာဖိနှပ်မှုတွေလျှော့ထားချိန်မှာ အကျိုးရှိရှိ အသုံးချရတာမျိုးပါ။

၂၀၀၀ ခုနှစ်၊ နှစ်လည်ပိုင်းမှာတော့ နိုင်ငံအကျဉ်းသားအချို့ရဲ့အားနည်းချက်ကြောင့် ဖိနှိပ်မှုတခုအလုပ်ခံရပါတယ်။ စိုက်ပျိုးခွင့်၊ အဆောင်နဲ့ နေခွင့်လည်းဆုံးရှုံးသွားပြီး အဆောင်တွေကိုအခန်းဖွဲ့ကာ အခန်းထဲမှာ အပိတ်ခံရပြန်ပါတယ်။၂၀၀၃ ခုနှစ်လောက်မှ စိုက်ခင်းပြန်စိုက်ခွင့်ရခဲ့ပြီး ပေ (၂၀) (၁၀) ပေ ခန်းဖွင့်ကျယ်တိုက်ခန်းမှာ နေထိုင်ခွင့်ပြန်ရပြီး ရေအိမ်သာသုံးစွဲခွင့်လည်းရပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ခြင်ထောင်ထောင် အိပ်ခွင့်ရခဲ့ပါတယ်။

နှိပ်ကွပ်ရေးကာလမှာတော့ ထောင်ထဲမှာဘုန်းကြီးမရှိ၊ နိုင်ငံရေးသမားမရှိဆိုတဲ့ ကြွေးကြော်သံနဲ့ အထူးဆက်ဆံတာခံရတာပါဘဲ။ အခြေအ နေကောင်းတဲ့အခါမှာတော့ နည်းနည်း ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြပါတယ်။ အရှင်ဘုရား တပည့်တော် စတဲ့ ဘာသာရေးအသုံး အနှုန်းအတိအကျနဲ့ ဆက်ဆံတဲ့ထောင်မှူးကတော့ အစ္စလာမ်ဘာသာဝင်ထောင်မှူးတယောက်ပါဘဲ။ တပည့်တော် ဗုဒ္ဓဘာသာအပေါ် လေးစားသလို အရှင်ဘုရားတို့ ဘာသာရေးခေါင်းဆောင်တွေကိုလည်း လေးစားပါတယ်လို့ သူကပြောပါတယ်။ သူတာဝန်ကျတဲ့အချိန်တိုင်း ဦးဇင်းတို့ကို သက်တောင့်သက်သာရှိအောင် ဂရုစိုက်ပေးပါတယ်။

၂၀၀၈ ခုနှစ်၊ ၈ လပိုင်း ၂၁ ရက်နေ့မှာတော့ ဦးဇင်းတို့ကို တိုက်မှာမထားတော့ဘဲ အခြားအကျဉ်းသားများနေတဲ့ အဆောင်ကြီးကို ပြောင်းရွှေ့ ပေးခဲ့ပါတယ်။ ဦးဇင်းက သတ်မှတ်ထားတဲ့ နိုင်ငံရေးပုဒ်မတခုမျှမပါဘဲ နိုင်ငံရေးသမားတွေနဲ့အတူ တိုက်မှာဘဲအနှစ် (၂၀) လောက်နေခဲ့ရသူ လို့ဆိုနိုင်ပါတယ်။

ကြည်းတပ်ကာကွယ်ရေးဦးစီးဌာနရဲ့မှတ်ချက်နဲ့ တိုက်မှာဘဲထားခဲ့ကြတာလို့ ထောင်အရာရှိတဦးက ဦးဇင်းကိုပြောပြဘူးပါတယ်။ ထောင်ထဲ မှာ ကိုယ့်ကိုယ်ကို အသက်မသေအောင် ကြိုးစားနေထိုင်ရှင်သန်ခဲ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ရေးအတွက်တော့ အာနာပါန (ထွက် သက် ၀င်သက်ရှုမှတ်ခြင်း) ဘာဝနာတရားကို တတ်နိုင်သမျှအားထုတ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုအတွက်တော့ အစားအစာနဲ့ ဆေး ၀ါးအသိပညာနဲ့ ထိန်းသိမ်းစောင့်ရှောက်ပါတယ်။

အခု (ထောင်ကထွက်လာပြီးနောက်ပိုင်း) သစ်ပင်တွေစိုက်တဲ့စိတ်ထားကတော့ ပဒေသာပင်စိတ်တဲ့ပါ။ မိမိစိုက်တဲ့သစ်ပင်ကို မည်သူစား စားကျေနပ်တယ်။ ချိုးဖဲ့ဖျက်ဆီးသွားလည်း စိတ်မဆိုး။ သူ့အပြစ်သူခံ။ ပြန်စိုက်ပေါ့။ အကယ်၍ ရုတ်တရက်ဒေါသထွက်မိလည်းကြာရှည် အဖြစ်မခံ။ ကုသိုလ်ပင်စိုက်တာ။ အကုသိုလ်အဖြစ်မခံ။ လူရောတိရစ္ဆာန်ပါ သုံးစွဲခွင့်ရှိတယ်။ အဲဒါ ပဒေသာပင်စိတ်ပါဘဲ …။ ။

ထောင်ထဲမှာ မွန်းကြပ်လာတဲ့အခါ ဦးဇင်းခံစားရတဲ့အတိုင်း အောက်ပါကဗျာလေးရေးဖွဲ့မိခဲ့ပါတယ်။

ဦးဇင်းအတွက်တော့ ဒီကဗျာလေးဟာ အဓိပ္ပါယ်များစွာရှိပါတယ်။ မျှဝေခံစားပေးပါ။

ဝိုးတ၀ါးရာသီ
နှင်းခေါ် လေနုတံခါးချဲ့
ဂျစ်ပစီတိမ် ငိုမဲ့မဲ့
ကောင်းကင်တခြမ်းပဲ့ …။

ဦးသုန္ဒရ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts