ဓာတ်ပုံသတင်း

နယူးယောက်မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် ကွင်းစ်ကောလိပ်ခန်းမမှာ တွေ့ဆုံ

 နယူးယောက်မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည် ကွင်းစ်ကောလိပ်ခန်းမမှာ တွေ့ဆုံ

မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၂၂၊ ၂၀၁၂ (ဓာတ်ပုံ မိုးကျော်(နီဝါစိမ်း)
ယနေ့ နေ့ခင်းက ပြုလုပ်တဲ့ နယူးယောက်မြို့တော်၊ ကွင်းစ်ကောလိပ်မှာ ပြုလုပ်တဲ့ မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲမှာ ဧည့်ပရိသတ် ၂၀၀၀ ကျော် တက်ရောက်ကြတာကိုတွေ့ရပါတယ်။ ကြိုတင်ဧည့်လက်မှတ် ထုတ်ပေးခြင်းမရှိဘဲ တန်းစီစနစ်နဲ့ ၀င်ရောက်ကြရတာမို့ နံနက်စောစောကတည်းက မြန်မာ့အရေး စိတ်ဝင်စားသူများ၊ ဒေါ်စုနှင့် တွေ့ဆုံလိုသူများ ကြိုတင်တန်းစီးနေကြတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပွဲခင်းထဲက တင်သွင်းတဲ့ မေးခွန်းစာရွက်များကို မဲနှိုက်ပြီး ဖြေကြားပေးသွားပါတယ်။
အခမ်းအနားစီစဉ်သူတဦးဖြစ်ပြီး အင်န်အယ်ဒီလူငယ်အဖွဲ့ဝင်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနေတင်မြင့်က ပြောကြားရာမှာ … မြန်မာမိသားစုနဲ့ ၀ါရှင်တန်ဒီစီင်္အပြီး တွေ့ဆုံတဲ့ ဒုတိယမြောက်ပွဲမှာ အတော်ကျေနပ် အားရစရာကောင်းပါတယ်။ ဆရာတော်တွေအပြင် တိုင်းရင်းသားအဖွဲ့တွေ၊ မြန်မာမိသားစုတွေကို အဆင်ပြေအောင် နေရာစီစဉ်ပေးနိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းတွေကို တက်တက်ကြွကြွ နွေးနွေးထွေးထွေးနဲ့ ဖြေကြားသွားတယ်။ ပရိသတ်ကလည်း ပျော်ရွှင်ကျေနပ်ကြတယ်။ ပြီးတော့ မြန်မာမိသားစုများကိုယ်စား ကဗျာဆရာကြီး မောင်စွမ်းရည်က ကျေးဇူးတင်စကား၊ နှုတ်ဆက်စကားပြောကြားသွားပါတယ် လို့ ဖြေကြားသွားပါတယ်။
DVB အပါအ၀င် ဖေ့စ်ဘွတ်နဲ့ ဒေသခံတီဗီတွေက ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲ ရုပ်သံတွေ ဝေမျှတင်ဆက်ကြတာမို့ ပရိသတ်အများအပြားက တက်ရောက်ကြည့်ရှုနိုင်ကြတယ်လို့ သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts