မှတ်စုမှတ်တမ်း အခန်းဆက်များ

ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၃) – Exile Reporter

ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၃)
အဝေးရောက် သတင်းထောက်တဦး 
စင်ပြိုင်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖြစ်သူ ဒေါက်တာစိန်ဝင်း


အမေရိကန်ကွန်ဂရက်နှင့်ဆက်နွယ်၍      
ဆိုခဲ့ပြီးသည့်အတိုင်း၊ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ကို သိသူထောက်ခံသူမှာ၊ အင်္ဂလန်နိုင်ငံတွင်မှအပ၊ အခြားနိုင်ငံများတွင် အလွန်ရှားပါးလှ၏။ “Burma”ဟုပြောလျှင် “Bahama” (ဘဟားမားဟုခေါ်သော ဖလော်ရီဒါပြည်နယ်နှင့် ကျူးဘားနိုင်ငံ အကြား ရှိကျွန်းစုများ) ဟုထင်တတ်ကြသော အမေရိကန်နိုင်ငံ၌ ကွန်ဂရက်အမတ်များ၊ အစိုးရအဖွဲ့ဝင်များထည်းမှပင် သိကျွမ်းသူ နည်းပါး ခဲ့သည်။ မြန်မာနိုင်ငံနှင့်ပါတ်သက်သော ကြေငြာချက်များထုတ်လျှင်၊ စစ်အစိုးရကခေါ်ဝေါ်သုံးနှုံးလေ့ရှိသော ဒေါ်စုကြည် ဟူသည့် အမည်ကို သုံးတတ်ကြ၏။
ထို့ကြောင့် ကျွန်တော်က စစ်အစိုးရသည် ပြည်သူအားလုံးက လေးစားကြည်ညိုသော မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏အမည်ကို၊ သမီးဖြစ်သူ၏အမည်၌ပူးတွဲကာ အမည်ရင်းအတိုင်း ခေါ်ဆိုရန်ဝန်လေးနေကြကြောင်းနှင့်၊ သူ၏ အမည်ရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ကြောင်းရှင်းပြရသည်။ နောက်ပိုင်းတွင် အမေရိကန်အစိုးရနှင့် ကွန်ဂရက်အမတ်များ က၎င်း၊ စာနယ်ဇင်းများက၎င်း၊ စုကြည်ဟု ခေါ်ဝေါ်သုံးစွဲမှုအလွန်နည်းပါးသွား၏။
အမေရိကန်သံအမတ်များ ခန့်လိုလျှင်၊ အမေရိကန်အထက်လွှတ်တော်ဟုခေါ်ရမည့် ဆီးနိတ်ကအတည်ပြုမှ ခန့်အပ်နှိုင်၏။ ဆီးနိတ် အမတ်များက ၁၉၈၈ခုနှစ်တွင် ဆန္ဒပြသူထောင်နှင့်ချီ၍ ရက်စက်စွာသတ်ဖြတ်ခဲ့သော စစ်အစိုးရကို ကန့်ကွက်သည့်အနေဖြင့် မြန်မာ ပြည်သို့ သံအမတ်သစ်စေလွှတ်ရန် လုံးဝသဘောမတူကြ။ ကွန်ဂရက်အမတ်အများစုနှင့် မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေသူ အားလုံးနီးပါး၏ ဆန္ဒမှာလည်း ဆီးနိတ်အမတ်များ အယူအဆအတိုင်းပေပင်။ ကျွန်တော်သတိထားမိသလောက်၊ ပေါ်ပေါ်ထင်ထင် မြန်မာပြည်သို့သံအမတ်စေလွှတ်ရေးလိုလားသူ သုံးဦးသာရှိခဲ့သည်ထင်၏၊ မြန်မာပြည်အရေးကို အနီးကပ်လေ့လာပြီး၊ တိုင်းပြည်၏ စီးပွားတိုးတက်ရေးကိုလည်း အလွန်စိတ်ဝင်စားသော ပါမောက္ခ ဒေးဗစ်ဒ်စတိုင်းန်ဘာ့ဂ် (Dr. David Steinberg)နှင့် လူမျိုးစုများ အရေးကိုစိတ်ဝင်စားသည့် ပါမောက္ခဂျိုးဇက်ဖ် ဆေးလ်ဗားစတိုင်း (Dr. Josef Silverstein)တို့အပြင်၊ ကျွန်တော်လည်း ပါဝင်သည်။
သမတ ဂျော့ဂ်ျဘွတ်ရှ်က မြန်မာပြည်ဆိုင်ရာသံအမတ်အဖြစ်ခန့်အပ်ရန် နိုင်ငံခြားရေးဌာနဝန်ထမ်းဟောင်း မစ္စတာ ဖရက် ဒရစ်ခ် ဗရီးလင်းဒ် (Ambassador Mr. Frederick Vreeland)ကိုလျှာထားခဲ့၏။ ၁၉၉၁ခုနှစ်တွင်တဖန် မစ္စတာပါကားဘော့ဂ်(Ambassador Mr. Parker Borg)ကို လျှာထားပြန်သည်။ သူတို့နှစ်ဦးလုံးပင် မြန်မာနိုင်ငံဆိုင်ရာသံအမတ်များ ဖြစ်မလာကြဘဲ၊ မစ္စတာဗရီးလင်းဒ်က မော်ရိုကို (Morocco)သို့၎င်း၊ မစ္စတာပါကားဘော့ဂ်က အိုက်စ်လင်းဒ် (Iceland)သို့၎င်း၊ သံအမတ်များအဖြစ် သွားရောက် အမှုထမ်းကြရလေ၏။      ရှားရှားပါးပါး သူတို့သံအမတ်ဖြစ်လာစေရေး အားပေးဆောင်ရွက်သော ကျွန်တော့အပေါ် သူတို့သဘောထားကို ခန်မှန်းနှိုင်ကြမည် ထင်၏။ မြန်မာပြည်အခြေအနေကို နေ့စဉ်သတင်းပေးပြီး လိုအပ်သောဖိအားပေးမှုကိုမျှော်လင့်ခဲ့၏၊ ထို့ကြောင့်၊ ထိုစဉ်ကပေါ်စ ဖက်က်စ် စက် (Facsimile)ကိုသုံးပြီး၊ နေ့စဉ်မြန်မာ့နိုင်ငံရေး တိုးတက်မှုအခြေအနေကို သတင်းပို့သော ကျွန်တော့ကို (Faxman)ဟု သံအမတ် ဗရီးလင်းဒ်က အမည်ပေးထားသည်ဟုသိရ၏။
  မြန်မာပြည်၏ လူ့အခွင့်အရေးချိုးဖေါက်မှုများ၊ နိုင်ငံရေးဖိနှိပ်ချုပ်ချယ်မှုများကို ထိထိရောက်ရောက် ပြောဆိုကန့်ကွက်ရာ၌၎င်း၊ နိုင်ငံရေးအပြောင်းအလွဲနှင့်၊ အတိုက်အခံဒီမိုကရေစီအင်အားစုများအား ဆက်သွယ်ကူညီအားပေးရန်လိုအပ်ချိန်၌၎င်း၊ သံအမတ် အဆင့် မှတပါး ထိရောက်မှုမရှိနှိုင်ဟု ကျွန်တော်တို့ကယုံကြည်ကြ၏။ သို့ရာတွင် ဆီးနိတ်ကွန်ဂရက်၌ဩဇာအာဏာကြီးမားသော ဆီနိတ်တာ မိုနီဟင်န်က မြန်မာပြည်သို့သံအမတ်လွှတ်ရေးဆွေးနွေးခွင့်ပင်မပြုခဲ့ချေ။ ထို့ကြောင့် စစ်အစိုးရ၏နှိပ်စက်ညှဉ်းပမ်းမှုများကို တိုင်းသိ၊ ကမ္ဘာသိ၊ ပြည်တွင်းမှနေ၍ ဝေဖန်ပြစ်တင်ရှုံ့ချနှိုင်သူကင်းမဲ့နေခဲ့လေသည်။      ယင်းအခြေအနေနှင့်ပါတ်သက်ကာ၊ ကျွန်တော်တို့ အပေါင်းအဖေါ်များညှိနှိုင်းတိုင်ပင်ကြပြီး၊ ကျွန်တော်တာဝန်ယူရသည့် အစီအမံ တရပ်ပေါ်ပေါက်လာခဲ့၏။
ယင်းသည်ကား မိမိအိမ်အတွင်းအကျယ်ချုပ် ချထားခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ပိုမိုထိရောက် စေသောနည်းဖြင့်၊ ဆန္ဒဖေါ်ထုတ်နှိုင်စွမ်းရစေရေးပင်။ ဒေါ်အောင်ဆန်းစုကြည်သာ ကမ္ဘာပေါ်တွင် ထင်ရှားကြော်ကြား အများတကာ လေးစားသော ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်ဖြစ်ပါက၊ ကိုယ်တိုင်သာမက၊ သူ့ကိုယ်စား မြန်မာ့ဒီမိုကရေစီအရေး မီးမောင်းထိုးကြိုးစားပေးမည့် နိုင်ငံတကာခေါင်းဆောင်များပေါ်ပေါက်လာနိုင်၏။ ထို့ပြင် ဤစွမ်းဆောင်ချက်ကို ကျွန်တော်တယောက်ထည်း ချွေးတဒီးဒီးကျအောင်၊ နိုင်ငံတကာလှည့်လည်၍၊ အကူအညီတောင်းခံနေရန်လည်းမလိုပါ။ စိတ်ရောကိုယ်ပါ စွမ်းဆောင်မည့်အပြင်၊ ဥရောပ၌အဆက်အသွယ် လည်းကောင်းလှသူရှိနေပြီးဖြစ်၏။ ဤသည်ကားအခြားမဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်း ဒေါက်တာမိုက်ကယ်လ်အေးရစ်စ် ပေပင်။      ကျွန်တော်တို့တတွေ နိုဘဲလ်ဆုအကြံရကြခြင်းမှာလည်း၊ သူ့လုပ်ဆောင်ချက်များကို မှီခိုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်း စုကြည်၏ ဒီမိုကရေစီအရေး အနစ်အနာခံဘဝပေးတိုက်ပွဲဝင်မှုနှင့် ဒေါက်တာအေးရစ်စ်၏စွမ်းဆောင်ကြိုးစားမှုတို့ကြောင့်၊ ဥရောပ ပါလီမန်က၊ ၁၉၉၀ခုနှစ်အတွက် တတိယအကြိမ် ဆာခါရော့ဗ်ဆုကိုဒေါ်အောင်ဆန်းစုကြည်အားချီးမြှင်ခဲ့၏။ ထို့ပြင် နော်ဝေးနိုင်ငံက ချီးမြှင့်သော ရပ်ဖ်တိုလူ့အခွင့်အရေးဆုကိုလည်း ၁၉၉၁ခုနှစ် အတွက်ရရှိခဲ့၏။ ယင်းဆုရရှိသူမှာ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရရန်လည်း အလားအလာ အလွန်ကောင်း၏။ ဒေါ်အောင်ဆန်းစုကြည် ဆာခါရော့ဗ်ဆုနှင့် ရပ်ဖ်တိုဆုရသည့်သတင်းများကို The Burma Reviewစာစောင်တွင် အကျယ်တဝင့်ရေးသားဖေါ်ပြပေးခဲ့ပြီးနောက်၊ နိုဘဲလ်ဆုဆက်လက်ရရှိရေးကိုလုံးပမ်းခဲ့သည်။

အမေရိကန်ကွန်ဂရက်အမတ်များက ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးနိုဘဲလ်ဆုပေးရေး အဆိုတင်ကြရန် ချဉ်းကပ်ခဲ့၏။ ကျွန်တော်၏ကြိုးပမ်းမှုများမှာ ပါတီနိုင်ငံရေးလုံးဝမဟုတ်ဘဲ၊ ဒီမိုကရက်တစ်ပါတီဝင်များရော ရီပါတ်ဘလီကင်ပါတီဝင်များကပါ ထောက်ခံ အားပေးသည့်၊ ဒီမိုကရေစီစံနစ် မြန်မာနိုင်ငံ၌ပြန်လည်ထွန်းကားရေးသက်သက်သာဖြစ်၏။ ထို့ကြောင့်လည်း အမေရိကန်နိုင်ငံရေးပါတီ နှစ်ခုလုံးမှ အမတ်များ၏ အကူအညီကိုရရှိခဲ့၏။
အောက်လွှတ်တော်ဟုခေါ်နှိုင်သည့် အမေရိကန်ကွန်ဂရက်၏ (House of Representatives)မှ အ မတ်များစွာကကူညီခဲ့ကြရာတွင် နိုင်ငံခြားရေးကော်မီတီ၊ အာရှနှင့် ပစိဖိတ်ဆိုင်ရာကော်မီတီခွဲနာယက မစ္စတာစတီဗင်န်ဆိုးလာ့ဇ်၊ ကာလီဖိုးနီးယားအမတ် မစ္စတာဒေနာ ရိုးရာဘတ်ခါ၊ ယခုဟဝိုင်ယီပြည်နယ်ဝန်ကြီးချုပ်နှင့် ယခင်အမတ်မစ္စတာအားဘားခရွန်ဘီ (Rep. Neil Abercrombie)၊ ကာလီဖိုး နီးယားအမတ်နှင့် ကွန်ဂရက်လူ့အခွင့်အရေးအဖွဲ့ တွဲဘက်နာယက မစ္စတာသောမတ်စ်လန်းတို့စ် (Rep. Thomas Lantos)၊ နယူးမက်ဆီကို ပြည်နယ်ဝန်ကြီးချုပ်ဟောင်းနှင့် ယခင် အမတ်မစ္စတာဘေလ်ရစ်ချတ်ဆင်န်(Rep. Bill Richardson) စသူတို့မှာ အတက်ကြွဆုံးဖြစ်၏။
ကွန်ဂရက်အမတ် မစ္စတာလန်းတို့စ်၏ဇနီး မစ္စစ်အင်နက်တ်လန်းတို့စ် (Mrs. Annette Lantos)သည်၊ ကွန်ဂရက်လူ့အခွင့်အရေး ဖေါင်ဒေးရှင်း၏ ဥက္ကဌအဖြစ်ဆောင်ရွက်နေသူဖြစ်၏။ သူတို့ဇနီးမောင်နှံမှာ၊ ကမ္ဘာ့မည်သည့်နေရာ၌မဆို၊ လူ့အခွင့်အရေးများ ဆိပ်သုံး ခနေသည်ဆိုပါက၊ ရှေ့တန်းမှနေ၍၊ တိုက်ပွဲဝင်ပေးနေသူများလည်းဖြစ်ကြသည်။ ယူ၂တီးဝိုင်းအဖွဲ့မှ ဦးဆောင်အဆိုတော် ဘိုနိုက မစ္စတာလန်းတို့စ်ကို လူ့အခွင့်အရေးနှင့်၊ လူတကာရရှိသင့်သည့် ဂုဏ်ကြက်သရေ မညှိုးနွမ်းစေအောင် ထိမ်းသိမ်းရေးတို့အတွက် ဆိုလျှင်၊ မည်သည့်နေရာ၊ မည်သူနှင့်မဆို၊ သက်လုံ ပြည့်ဝစွာဖြင့်၊ အောင်ပန်းဆွတ်ခူးနိုင်သည်အထိ၊ ကြိမ်ဖန်များစွာ တိုက်ခိုက်နှိုင်သူ ဖြစ်သည်ဟု မှတ်ချက်ချ၏။      သူတို့က ကျွန်တော်၏မြန်မာပြည်တွင် ပြည်သူတရပ်လုံးလူ့အခွင့်အရေးများ အပြည့်အဝရရှိစေရေး ကြိုးစားလုံးပမ်းနေသည်ကို ထောက်ခံအားပေးကြ၏။ အမေရိကန်နိုင်ငံအမှတ်တံဆိပ် ရွှေရောင်စွန်ပုံနှင့်၊ မစ္စတာလန်းတို့စ်၏ အမည်ပါသော ကွန်ဂရက်အမတ် လိပ်စာကပ်ပြားများကို သူလက်မှတ်ထိုးထားသော စာရေး စက္ကူတထပ်နှင့်အတူ ကျွန်တော့အား ပေးထားသည်အထိ ကူညီခဲ့၏။
သူ၏ လက်တဝါးစာစာရွက်ကလေးပေါ်တွင်၊ ပူးတွဲပါစာရွက် စာတမ်းတွေကို မိတ်ဆွေတို့စိတ်ဝင်စားမယ်တယ်ထင်လို့” ဟုရေးသားထား၏။ ကျွန်တော် အသုံးလိုသည့်အခါတိုင်း၊ ကျွန်တော်ပို့သည့်စာများနှင့် ပူးတွဲပေးပို့ပါဟုလည်း မှာသည်။       မစ္စတာရိုးရာဘတ်ခါ၏ အကြံပေးလက်ထောက် မစ္စတာပေါလ် ဘေရင်ဒ်စ် (Mr. Paul Behrends)နှင့် ကျွန်တော်မှာ ယခင်က ဂျာမနီ၌ နေထိုင်ပညာသင်ခဲ့ဘူးသူများဖြစ်၍၊ အလွန်အဖွဲ့ကျ၏။
ရီပါတ်ဘလီကင်သမရိုးကျသမားများကား၊ ဘုရားတရားလည်း အလွန် ကြည်ညိုကြ၏။ တနေ့ညနေခင်း အလုပ်ပြီးချိန်တွင် ပေါလ်က သူတို့ရီပါတ်ဘလီကင်ကွန်ဂရက်အမှုထမ်းများ သောင်္ကြာနေ့ ညနေတိုင်း စုဝေးရာ ခရစ်ယာန်ဘုရားကျောင်းသို့ ကျွန်တော့ကိုခေါ်သွားသည်။ ထိုသို့လူစုမိသည့်အခါတိုင်း၌၊ ပြည်တွင်းပြည်ပအရေးအခင်းများကို တိုင်ပင် ဆွေးနွေးလေ့ရှိသည်ဟုပေါလ်ကပြောပြ၏။ အမတ်များ၏နိုင်ငံရေး အကြံပေး၂၀ ခန့်ရှိမည်ထင်သည်။ ပထမဆုံး သူတို့အားလုံး ဘုရားရှိခိုး ဆုတောင်းပွဲများပြုလုပ်ကြသည်။ ယင်းနောက် ပေါလ်က ကျွန်တော့ကို သူ့လုပ်ဖေါ်ကိုင်ဖက်များနှင့် မိတ်ဆက်ပေးပြီး၊ မြန်မာပြည်၏ လက်ရှိနိုင်ငံရေးအခြေအနေကိုရှင်းလင်းပြရန် မေတ္တာရပ်ခံလေသည်။ သူတို့အားလုံးအတွက် မြန်မာပြည်နိုင်ငံရေး အခြေအနေမှာ အလွန်အလှမ်းဝေး သစ်ဆန်းနေသေး၏။ ကျွန်တော့အတွက်မှာကား ရေငတ်နေစဉ်ရေတွင်းထည်းသို့ကျခြင်း မည်ပါ လိမ့်မည်။
လွတ်လပ်ရေးရ၊ ဒီမိုကရေစီထွန်းကားပြီး၊ အချမ်းသာဆုံး အရှေ့တောင်အာရှနိုင်ငံအဖြစ်မှ၊ ပြည်တွင်းစစ်အဓွန့်ရှည်ကာ စစ်တပ်က ကြီးစိုးပြီး၊ အာဏာသိမ်း၊ လူသတ်၊ လူ့အခွင့်အရေးခေါင်းပါးလျှက်၊ တိုင်းပြည်လည်းချွတ်ချုံကျခဲ့ရပုံကို အသေးစိပ်ရှင်းလင်းတင်ပြခဲ့၏။ ဆက်လက်၍ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲအနိုင်ရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရခဲ့လျှင်၊ မထင်ရှားမကြော်ကြားသော မြန်မာ့ဒီမိုကရေစီအရေးကျိုးပမ်းမှု ပိုမိုထင်ရှားကာ၊ တောင်အာဖရိကနိုင်ငံတွင် သူတို့ ခေါင်းဆောင် မစ္စတာနယ်လ်ဆင်မန်ဒေးလာ   (Mr. Nelson Mandela)ကိုဗဟိုပြုလှုပ်ရှားခဲ့သကဲ့သို့ အောင်မြင်မှုရလာနိုင်သည် ဟုတင်ပြခဲ့၏။ နိုင်ငံငယ်များ၏ပြည်တွင်းရေးအခြေအနေကို နိုင်ငံကြီးများက စိတ်ပါဝင်စားမှုရှိလာစေရန်ခဲယဉ်းသော်လည်း၊ ထိုတိုင်းပြည် မှ ထင်ရှားပြီး လူသားတဦးအနေဖြင့် ကိုယ်ချင်းစာနာမေတ္တာသက်ဝင်စရာပုဂ္ဂိုလ်ကို ဦးတင်လိုက်လျှင် အများက ပို၍စိတ်ဝင်စား ကြသည်မှာ ဓမ္မတာပင်။       မြန်မာ့အရေးကိုအတော်အသင့်သိနေသော ပေါလ်က ကူညီရှင်းပြတိုက်တွန်းမှုကြောင့်၊ အားလုံးက မြန်မာ့ဒီမိုကရေစီအရေးကို ကူညီရန်ဂတိပြုကြသော်လည်း၊ ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုရနိုင်ရေးမှာ အလွန်အလှမ်းဝေးသည်ဟု မှတ်ချက်ချကြသည်။
အထူး သဖြင့် ၁၉၉၀ခုနှစ်တွင် ဆိုဗီယက်ခေါင်းဆောင် မစ္စတာဂေါ်ဘာချော့ဗ် (Mr. Mikhail Gorbachev) ငြိမ်းချမ်းရေးနိုဘဲလ် ဆုရပြီးနောက်၊ လစ်သူ ယေး နီးယား   (Lithuania)  လွတ်လပ်ရေးဗိသုကာ၊ မစ္စတာဗီတိုတာ့စ် လန်းဒ်စ်ဘဲရ်ဂစ်စ် (Mr. Vytautas Landsbergis)ဆုရလိမ့်မည်ဟုအများကယူဆနေကြ၏၊ `
   ရီပါတ်ဘလီကင် နိုင်ငံရေးအကြံပေးများက၊ မစ္စတာလန်းဒ်စ် ဘဲရဂစ်စ်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် ဆုရရေးအဆိုပြုပါက ကျွန်တော်တို့အတွက် အခွင့်သာနှိုင်ကြောင်းနှင့်၊ သူတို့အားလုံး ကူညီမည်ဖြစ်ကြောင်း ထပ်လောင်းဂတိပြုကြ၏။
     သူတို့တွက်ကိန်းလုံးဝမမှားပါ။ သို့ရာတွင်  မစ္စတာလန်းဒ်စ် ဘဲရဂစ်စ်မဟုတ်ဘဲ ဆုရရန်ထိပ်ဆုံးမှရာထားခြင်းခံရသော၊ ကွယ်လွန်သူ ချက်ခ် (Czech)သမတမစ္စတာဗားစလပ်ဗ်ဟားဖဲလ် (Mr. Vaclav Harvel)က၊ ကိုယ်ကျိုးစွန့်ကာ၊ ဒေါ်အောင်ဆန်းစုကြည် ကို ဆုချီးမြှင့်ရေးအဆိုပြုခဲ့လေသည်။
မစ္စတာလန်းဒ်စ်ဘဲရဂစ်စ်မှာ ဂျူးလူမျိုးများစွာကိုသတ်ဖြတ်ခဲ့သည့် လစ်သူယေးနီးယားနိုင်ငံသားအချို့ ကို လွတ်ငြိမ်းခွင့်ပေးခြင်းနှင့်ပါတ်သက်သည့်အမှုများ အပေါ်ကာကွယ်ခဲ့ခြင်းကြောင့် ဆုနှင့်ဝေးသွားခဲ့ရသည်ဟုဆိုကြ၏။ သူ့ကိုနော်ဝေး ပြည်သူတို့၏ ၁၉၉၁ခုနှစ် ငြိမ်းချမ်းရေးဆု ပေးခဲ့လေသည်
ဆီနေတာနှင့် ကွန်ဂရက်အမတ်များစွာတို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးခဲ့ကြ၏၊ အမှတ်ရမိသလောက် ဆီနေတာ များဖြစ်ကြသော နယူးယောက်မှ မိုနီဟင်န်၊ ချီကာဂိုမှ ပေါလ်ဆိုင်မွန်န် (Sen. Paul Simon)၊ ကာလီဖိုးနီးယားမှ အယ်လင်န် ခရစ်စ်တင်န် (Alen Cranston)၊ ကွန်ဂရက်အမတ်များအနက် ဆိုးလာ့ဇ်၊ ရိုရာဘတ်ခါ၊ လန်းတို့စ်၊ အားဘားခရွန်ဘီ။ အီလီနွိုင်း(Illinois) မှ ဂျွန်န်ပေါ်တာ (Rep. John Porter) နှင့် ကွန်ဂရက်လူ့အခွင့်အရေးအဖွဲ့ဝင်အမတ်များက နိုဘဲလ်ကော်မီတီသို့ ထောက်ခံစာများပေးပို့ခဲ့ကြ၏။ ဆီနေတာကင်နေဒီကမူ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကို လေးစားအားပေးသော်လည်း၊ သူ့မဲဆန္ဒ နယ်မြေတွင်နေထိုင်သော လစ်သူယေးနီးယင်းလူမျိုးအများအပြား၏ခေါင်းဆောင် မစ္စတာလန်းဒ်စ်ဘဲရ်ဂစ်စ်ကိုထောက်ခံ ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုရသည့်အခါတွင်၊ ဆီးနိတ်အတွင်း၌၊ ပထမဆုံး ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့သည်။
စောစောပိုင်းက ဖေါ်ပြခဲ့သော မစ္စတာပေါလ်ဘေရင်ဒ်စ်မှာ၊ ၁၉၉၅ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်အကျယ် ချုပ်မှလွတ်လာသောအခါ၊ ကွန်ဂရက်နိုင်ငံရေးအကြံပေးများအဖွဲ့ကိုဦးဆောင်ပြီး၊ သွားရောက်တွေ့ဆုံဆွေးနွေးသူဖြစ်၏။ စစ်အစိုးရ၏ နံမည်ပျက်စာရင်းဝင်တဦးလည်းဖြစ်ခဲ့လေသည်။
အမေရိကန် နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများကို၊ နိုဘဲလ်ဆုရရေးထောက်ခံကြရန်နှိုးဆော် တိုက်တွန်းသကဲ့သို့၊ နိုင်ငံတကာမှအမတ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများကိုလည်း မေတ္တာ ရပ်ခံခဲ့၏။ ဩစတြေးလျမှ ဒေါက်တာသန်းလွင်၊ ဂျပန်မှဒေါက်တာထွန်းအေး၊ ဒေါက်တာဝင်းနိုင်နှင့် ဒေါ်မြမြဝင်း၊ ဂျာမနီမှဦးနွယ်အောင်၊ အင်္ဂလန်မှ ဦးညွန့်အောင်၊ အမေရိကန်ပြည်ထောင်စု၊ မေရီလင်းဒ်မှဦးဘသောင်းနှင့်၊ ဖလော်ရီဒါမှဆရာဦးသောင်း စသူတို့မှာ အမာခံ စည်းရုံးရေးသမားများဖြစ်ကြ၏၊ အရှေ့အာရှနိုင်ငံကြီးတခုမှ အမတ်အချို့ကမူ၊ ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုရရေးထက်၊ မြန်မာပြည် ဒီမိုကရေစီရရှိရေးကိုသာ ဦးစားပေးဆောင်ရွက်သွားမည်ဟု ပြန်ကြားခဲ့ကြသည်။
ခရစ္စတိုဖာဂန်းနက်စ်
               မြန်မာပြည်၏ ၈၀စုနှစ်ကုန်ပိုင်းနှင့် ၉၀စုနှစ်များအတွင်းနိုင်ငံ ရေးလှုပ်ရှားမှုများကို ရေးသားလျှင်၊ ထိုစဉ်က အင်္ဂလန်ဘီဘီစီ ရေဒီယို သတင်းထောက် မစ္စတာခရစ္စတိုဖာဂန်းနက်စ် (Mr. Christopher Guinness) ကိုမဖေါ်ပြပါက လုံးဝပြီးပြည့်စုံမည်မဟုတ်။ မြန်မာပြည် ၌ဒီမိုကရေစီထွန်းကားရေးကို ကိုယ်တိုင်သက်ဆိုင်မှုလည်းမရှိ၊ ကိုယ်ကျိုးလည်းမပါပါဘဲနှင့်၊ သူ့လောက်စိတ်ပါဝင်စား၊ အားပေးကူညီ သည့် မြန်မာမဟုတ်သူ၊ ကျွန်တော်လုံးဝမတွေ့ဘူးပါ။
     ပြည်တွင်း၌ ၈၈ခုနှစ် အရေးအခင်းကြီး၏ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူများ၊ သာမန်ပါဝင်ဆင်နွှဲခဲ့သူများနှင့် အားပေးအားမြှောက်ခဲ့ သူများအားလုံးနီးပါးက၊ ရေဒီယိုမှသူ၏ရေးသားထုတ်လွှင့်ချက်များကြောင့်၊ လူထုပိုမိုအုံကြွစည်းလုံးမှုရခဲ့ကြသည်ဟု ချီးမွမ်းကြ၏။ ထိုစဉ် က ခရစ်စ်သည်၊ ဘီဘီစီ၏ ဘင်္ဂလားဒက်ရှ်၌ တာဝန်ကျနေခဲ့သည့် သတင်းထောက်သာဖြစ်သည်။ ခရစ်စ်ကို နယူးယောက် ကုလသမဂ္ဂ ရုံးချုပ် ဘီဘီစီသတင်းဌာနသို့ ၁၉၉၀ခုနှစ်အတွင်းပြောင်းရွှေ့ခန့်ထားခဲ့သည်။ အမှန်မှာ ကုလသမဂ္ဂ သတင်းများကိုရေးသားရန်သာ ဖြစ်သော်လည်း၊ သူ့အတွက် မပြီးဆုံးသေးသော မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်ဆာင်ရွက်ရန် အခွင့်ပေးသည့်နှယ်ဖြစ်လာခဲ့၏၊
     ခရစ်စ် နယူးယောက်တွင် တာဝန်ကျလာသည့်အကြောင်းကို ဒေါက်တာအေးရစ်စ်က ကျွန်တော့အားသတင်းပါးပါသည်။ ကျွန်တော့ အနေနှင့် အလွန်အားတက်သွား၏။ နယူးယောက်တိုင်းမ်စ် သတင်းစာကြီး (TheNew York Times)၏ ညွှန်ကြားရေးမှူး အယ်ဒီတာချုပ် မစ္စတာဂျိုးဇက်ဖ် လဲလီဗဲလ်ဒ် (Mr. Joseph Lelyveld)သည်၊ ၆၀စုနှစ်ဦးပိုင်းအတွင်း ပြည်ပသတင်းထောက်အဖြစ် မြန်မာပြည်၌တာဝန်ကျခဲ့ဘူးပြီး၊ ဆရာဦးသောင်းနှင့်လည်း အလွန်ရင်းနှီး၏။ မြန်မာ့အရေးကိုအလွန်စိတ်ဝင်စားသော်လည်း၊ သူနှင့်လက် တွဲ ဆောင်ရွက်ခွင့်ရရန်မှာ၊ စဉ်းပင်မစဉ်းစားနိုင်။ သူသတင်းစာ၌ တာဝန်ထမ်းဆောင်နေဆဲတွင်၊ ခဏတဖြုတ် နှစ်ကြိမ်သုံးကြိမ် သာဆုံနှိုင်ခဲ့၏။
     မြန်မာ့နိုင်ငံရေး၏ အမာခံပုဂ္ဂိုလ်တဦးအဖြစ်၊ သတ်မှတ်ရမည် ဖြစ်သော်လည်း၊ ခရစ်စ်မှာ သိမ်မွေ့နူးညံ့သူဖြစ်၏။ လူမှုရေးအရလည်း အလွန်ရည်မွန်ဖေါ်ရွေသည်။ သူရောက်လာပြီး ရက်ပိုင်းအတွင်း ကျွန်တော်တို့နှစ်ဦး ရင်းနှီးခင်မင်သောမိတ်ဆွေများဖြစ်လာကြ၏။
     မြန်မာ့နိုင်ငံရေးအခြေအနေမှာ လုံးဝမတိုးတက်ပါ။ စစ်အစိုးရ၏ အဖမ်းအဆီးများ မလျှော့သည့်အပြင်၊ ပိုမိုဆိုးဝါးလာနေ၏။ ယိုးဒယား နယ်စပ်ရောက်၊ ပြည်သူ့ကိုယ်စားလှယ်များအနက်မှ နှစ်ဦးက သဘောထားကွဲလွဲမှုများကြောင့်၊ ဘန်ကောက်ရှိ မြန်မာသံရုံးမှတဆင့် ပြည်တွင်းသို့ပြန်သွားကြ၏။ ၁၉၉၁ခုနှစ် ဧပြီလတွင် နောင်ထိပ်တန်းအာဏာရှင်ဖြစ်လာမည့်၊ ထိုစဉ်က ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် အာဏာသိမ်းဒုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲအနိုင်ရပါတီသို့ လုံးဝအာဏာလွှဲပေးမည်မဟုတ်ကြောင်း၊ အတိ အလင်းကြေငြာခဲ့လေသည်။
                ဘီဘီစီမြန်မာပိုင်းအစီအစဉ်မှ ဦးအောင်မြင့်ထွန်း၏ ကျေးဇူးဖြင့်၊ အမေရိကန်နိုင်ငံမှ မြန်မာပြည်နှင့် ပါတ်သက်သောသတင်းများကို၊ ကျွန်တော်ပြည်တွင်းသို့ ထုတ်လွှင့်ခွင့်ရရှိခဲ့၏။  အိမ်ဖေါ်များမှလွဲ၍၊ မိသားစုနှင့်ပင်ဆက်သွယ်ခွင့်မရဘဲ၊ အထီးကျန်ဘဝသို့ပို့ထားခြင်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၊ စိတ်အားထက်သန်စေရေးအတွက်၊ ပြည်ပအင်အားစုများက ဒီမိုကရေစီအရေး မည်သို့လှုပ်ရှား ကူညီနေကြသည်ကို သတင်းပေးရန် အဓိကရည်ရွယ်ခဲ့၏။ ယင်းသို့သတင်းပို့သည့်အခါတိုင်း၊ စတူဒီယိုရှိသော ခရစ်စ်ကအကူအညီ ပေးခဲ့သည်။ အလွန်ပင်ပန်းပြီး၊ ငွေကုန်ကြေးကျလည်းများ၊ ဝင်ငွေမယ်မယ်ရရလည်းမရှိသော အလုပ်ဖြစ်သော်မင့်၊ ကိုယ်တိုင်ကလည်း ဝါသနာပါ၊ တိုင်းပြည်အတွက်လည်း အကျိုးရှိသည်ဟု ယူဆသဖြင့်၊ ပျော်ပျော်ကြီး ဆောင်ရွက်ခဲ့သောအလုပ်ဖြစ်ပါသည်။
                ပြည်ပရှိ ဒီမိုကရေစီဘက်တော်သားများက မမေ့ကြကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြသသောအားဖြင့်၊ သူ့မွေးနေ့များကို ကျင်းပကာ၊ အခြားနိုင်ငံရေးသတင်းများနှင့်ရောပြွမ်းလျှက် အသံလွှင့်ပြီးအသိပေးခဲ့၏။ အထည်းကျန်ဘဝနှင့် အကျဉ်းကျနေစဉ်အတွင်း၊ မိမိ၏မွေးနေ့ကို တစိမ်းတရံစာများက အမှတ်တရကျင်းပသည်ကို၊ မည်သို့သောသူက၊ ဝမ်းမသာ၊ မကြည်နူးဘဲနေနှိုင်ပါအံ့နည်း။
                ၁၉၉၀ခုအောက်တိုဘာလတွင်၊ကျွန်တော်တို့ အိုင်အင်န်ဒီဘီက၊ ဝါရှင်တန်မြို့မှ အမေရိကန်အသင်းများဖြစ်သော၊ နိုင်ငံတကာဖွံ့ဖြိုး ရေးအဖွဲ့ (International Center)၊ အမေရိကန်ဒုက္ခသည်များ ကော်မီတီ (US Committee for Refugees) တို့နှင့်ပူးတွဲကာ ဝါရှင်တန်တွင်  မြန်မာပြည်ဆိုင်ရာ  ဆွေးနွေးပွဲတခုပြုလုပ်ခဲ့၏၊ ဆွေနွေးပွဲကို ကွန်ဂရက်အမတ်ဒေနာရိုးရာဘတ်ခါက မိန့်ခွန်းပြောကြား ဖွင့်လှစ်ခဲ့သည်။ ဂျပန်မှခေါင်းဆောင်များဖြစ်သည့် ဒေါက်တာထွန်းအေး၊ ဒေါ်မြမြဝင်းနှင့် ဒေါက်တာဝင်းနိုင်၊ ဩစတြေးလျမှ ဒေါက်တာသန်းလွင်၊ ဥရောပမှဦးနွယ်အောင်၊ ဦးညွန့်အောင်တို့ကို ဖိတ်ကြားခဲ့သော်လည်း၊  ဒေါက်တာသန်းလွင်တဦးထည်းသာလာ ရောက်နှိုင်ခဲ့၏။
     ဆွေးနွေးပွဲ၌ အာရှ လူ့အခွင့်အရေးစောင့်ကြပ်ရေးအသင်း (Asia Watch)အမှုဆောင်ညွှန်ကြားရေးမှူး မစ္စဆစ်ဒ်နီဂျုန်းန်စ် (Ms. Sidney Jones) ၊ မာ့ဂျီးအဖွဲ့ (Majee)ခေါင်းဆောင်မစ္စအီးဒစ်သ်မီရန့်တီ (Ms. Edith Mirantee)၊ ကြေးမုံဦးသောင်း၊ ဝါရှင်တန် လူ့အခွင့်အရေးအဖွဲ့ (Human Rights Watch)မှ ဦးသန့်မြင့်ဦး (ကုလအတွင်းဝန်ချုပ်ဦးသန့်၏မြေး)၊ ဝါရှင်တန်ရှိ နိုင်ငံ တကာလူ့အခွင့်အရေးရှေ့နေများအသင်း (International Human Rights Law Group)မှ မစ္စတာစတီဗင်ရှနေးဘောင်းမ် (Mr. Steven Schneebaum)၊ ပါမောက္ခဂျိုးဇက်ဖ်ဆီးလ်ဗားစတိုင်းန်နှင့်၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးစုများအရေး  ကြိုးပမ်းနေ သော၊ မြန်မာ့အလှမယ်ဟောင်း နော်လွီဇာဘင်ဆင်တို့က စာတမ်းများဖတ်ကြားကြ၏။
            ဆွေးနွေးပွဲ၏ရည်ရွယ်ချက်မှာ၊ ပါတီနိုင်ငံရေးနှင့် လုံးဝမပါတ်သက်ဘဲ၊ မြန်မာပြည်တွင် လူ့အခွင့်အရေးချိုးဖေါက်နေမှုများကို အများက သိလာစေရေး၊ လူမျိုးစုများအရေးစသည်တို့သာဖြစ်၏။ တချိန်ထည်းတွင် လက်နက်အားကိုးဖြင့်ပြည်တွင်း၌ မည်မျှဖိနှိပ်ချုပ်ချယ်နေစေ ကာမူ၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ လုံးဝပျောက်ကွယ်သွားမည်မဟုတ်သည်ကို စစ်အာဏာရှင်တို့ထင်ထင်လင်းသိစေရန်ပြလိုက်ခြင်း လည်းဖြစ်၏။
အမေရိကန်နိုင်ငံရှိ ပြည်နယ်အတော်များများ၌ နေထိုင်ကြသောမြန်မာများ၊ ကနေဒါမှဒီမိုကရေစီ အင်အားစုများ၊ ယိုးဒယား မြန်မာနယ်စပ်ဒေသများမှတဆင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာကြသော ၈၈အရေးတော်ပုံကျောင်းသားများ၊ မြန်မာ့အရေး စိတ်ဝင်စားသော အမေရိကန်များ၊ ကွန်ဂရက်နှင့် အမေရိကန် အစိုးရအဖွဲ့အမှုထမ်းများနှင့် သံတမာန်များ တက်ရောက်ခဲ့ကြသည်။ နှစ်ရက်ကြာပြုလုပ်သောဆွေးနွေးပွဲသတင်းကို၊ ဘီဘီစီအတွက် ခရစ္စတိုဖာဂန်းနက်စ်ကတာဝန်ယူရေးသားထုတ်လွှင့်ပေးပြီး၊ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်အတွက်၊ ဦးခင်မောင်ဝင်းနှင့် ဦးတင်မြတို့ကနေ့စဉ် အပြည့်အစုံအသံလွှင့်ပေးခဲ့ကြ၏။
              အလားတူ ဆွေးနွေးပွဲတခုကို၊ ကွန်ဂရက် လူ့အခွင့်အရေးအဖွဲ့ကကြီးမှူးကျင်းပနှိုင်ရန်လည်း၊ ကျွန်တော်ကပင်လိုအပ်သောစာရွက် စာတမ်းများ၊ ဗီဒီယိုများရှာဖွေပေးခဲ့သည့်ပြင်၊ အစည်းအဝေး ဖိတ်ကြားရေးကိုပါ တာဝန်ယူခဲ့ရ၏။
   
မြန်မာများနှင့်အမေရိက၌နိုင်ငံရေးခိုလှုံခွင့်
               အမေရိကန်နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်ဗီဇာဖြင့် ကျွန်တော်ဝင်ရောက်လာခဲ့ခြင်းဖြစ်၏။ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းရင်း၊ မထင် မှတ်ဘဲ အမေရိကတွင်သောင်တင်နေသောအခါ၊ တရားဝင်ဆက်လက်နေထိုင်ခွင့်ရရေးအတွက်၊ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခဲ့သည်။
     အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနက ကျွန်တော့အားခေါ်ယူတွေ့ဆုံမေးမြန်း၏။ ထို့နောက် အမေရိကန်နိုင်ငံခြးရေးဝန်ကြီးဌာနကို မေးမြန်းစုံစမ်းရာ၊ ဝန်ကြီးဌာနလက်အောက်ရှိ လူ့အခွင့်အရေးနှင့်လူမှုရေးဌာန၏ နိုင်ငံရေးခိုလှုံခွင့်ကိစ္စရပ်များရုံးက သူတို့အနေနှင့် ကျွန်တော့ အခြေအနေကိုလည်း မသိ၊ မြန်မာပြည်၌လည်း ပြဿနာတစုံတရာမရှိလေဟန်စာပြန်လေသည်။ ယင်းစာကိုအခြေခံလျှက်၊ ကျွန်တော့လျှောက်ထားချက်ကို ပါယ်ချရန်ရည်ရွယ်ကြောင်း၊ ၁၉၈၉ခုနှစ်ကုန်ပိုင်း၌၊ လူဝင်မှုကြီးကြပ်ရေးဌာနက အကြောင်းပြန်၏။
                Burmaနှင့် Bahamasကိုသာမန်ပြည်သူများက ခွဲခြားမသိသည်ထက်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်၏ နိုင်ငံရေးအခြေအနေကိုလုံးဝမသိခြင်းမှာ ဆိုးဝါးလှချေ၏။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် ငြိမ်းချမ်းစွာဆန္ဒပြသော ပြည်သူ ထောင်ပေါင်းများစွာ ကိုသတ်ဖြတ်ပြီး၊ အာဏာသိမ်းယူခဲ့သည့် စစ်အစိုးရကိုကန့်ကွက်ကာ၊ အမေရိကန်အစိုးရအနေဖြင့်၊ သံအမတ်ပင် မလွှတ်ဘဲထား၏။
     ကျွန်တော်က နိုင်ငံခြးရေးဝန်ကြီးဌာနမှစာကိုကိုင်လျှက်၊ ထိုစဉ်က ဆီးနိတ် လူဝင်မှုကြီးကြပ်ရေးနှင့်၊ ဒုက္ခသည်များကော်မီတီ၏ နာယက ဆီနေတာ မစ္စတာကင်နေဒီရုံးသို့သွားရောက်ခဲ့သည်။ ဆီနေတာကင်နေဒီ၏ နိုင်ငံရေးဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာ ဂဲ့ယာ စမစ်သ်(Mr. Gere Smith)နှင့်ကျွန်တော်အလွန်ရင်းနှီး၏။ နယူးယောက်ဆီနေတာ မိုနီဟန်က မြန်မာ့အရေးကို အထူးစိတ်ဝင်စားပြီး၊ အကူအညီအပေးဆုံးဟု မြန်မာအများစုကယူဆကြ၏။ ကျွန်တော့အမြင်နှင့် အတွေ့အကြုံအရရော၊ အခြားသူများ၏ဝေဖန်သုံးသပ် ချက်ပါတင်ပြရလျှင်၊ ဆီနေတာကင်နေဒီက မြန်မာတို့အပေါ်များစွာ ပိုမိုစေတနာထားပါသည်။ ဆီနေတာမိုနီဟင်န်၏နိုင်ငံရေးအကြံပေး အရာရှိ၏ဇနီးမှာ မြန်မာပြည်ဖွား ရှမ်းအမျိုးသမီးဖြစ်၍၊ သူ့မေတ္တာရပ်ခံချက်အရ၊ ဆီနေတာမိုနီဟင်န်က မြန်မာ့အရေးကူညီနေခြင်း ဖြစ်သည်ဟု အချို့စာစောင်များကရေးကြ၏။
     မည်သို့ပင်ဆိုစေ။ ရနှိုင်သမျှအကူအညီမှာ၊ ကျွန်တော်တို့အတွက်အမြတ်ချည်းပင်။ ၁၉၈၉-၉၀ခုနှစ်များတွင် ကွန်ဂရက်အမတ် မစ္စတာ ဒေနာရိုရာဘတ်ခါ၏ကောင်းမှုဖြင့်၊ ယိုးဒယားမြန်မာနယ်စပ်ရောက် ကျောင်းသားများကို၊ ဒေါ်လာနှစ်သန်းထောက်ပံ့ရန် အောက် ကွန်ဂရက်ကဆုံးဖြတ်ခဲ့သော်သည်။ ဆီးနိတ်သို့ရောက်သောအခါ၌၊ ဘဏ္ဏာရေးကော်မီတီနာယက ဆီနေတာမိုနီဟန်က၊ ဒေါ်လာ တသန်းဝက်သို့လျှော့ချလိုက်၏။ ထိုထောက်ပံ့ငွေနှင့် ပါတ်သက်၍ပြောကြလျှင် ဆီနေတာမိုနီဟန်၏ကျေးဇူးကြောင့်ရသည်ဟုသာ နံမည် ထွက်၏။
    သမတဂျော့ဂ်ျဘွတ်ရှ်၏ နိုင်ငံခြားရေးဌာနမှ စာကိုဖတ်ပြီး၊ ကွန်ဂရက်မှ ဒီမိုကရက်နှင့် ရီပါတ်ဘလီကင်အမတ်များ၏ရုံးများသာမက၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများကလည်း၊ ပြစ်တင်သလျှော်ကြသည်။ မစ္စတာဂဲ့ယာစမစ်သ်က မြန်မာများ၏အခြေအနေနှင့် ပါတ်သက်ကာ၊ တိတိကျကျ ဆွေးနွေးအကူအညီပေးနှိုင်ရေးအတွက်၊ ဆီနေတာကင်နေဒီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ဒုက္ခသည်များ ကော်မီတီ (Senate Judicial Subcommittee on Immigration and Refugees)မှ ညွှန်ကြားရေးမှူး မစ္စတာ မိုင်းယားစ် (Mr. Meyers)ရုံးသို့ ကျွန်တော့ကိုခေါ်သွားသည်။
   ကျွန်တော်က စစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုလက်အောက်တွင် မနေထိုင်နှိုင်သဖြင့် နိုင်ငံခြားသို့ထွက်ခွာလာကြသူများ၊ ၈၈ခုနှစ် ဆန္ဒပြပွဲများအပြီး စစ်အစိုးရကလိုက်လံဖမ်းဆီးနေသဖြင့်၊ ရှောင်တိမ်းလာကြသူများမှာ၊ အားကိုးရာမဲ့ဖြစ်နေကြကြောင်း။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက၊ နိုင်ငံရေးခိုလှုံခွင့်တောင်းသော မြန်မာလူမျိုးများကို သက်ညှာစွာစဉ်းစားသင့်သောသူများအဖြစ် မသတ်မှတ် ကြောင်း။ မြန်မာနိုင်ငံ၌ ဒီမိုကရေစီမထွန်းကားသေးမှီ၊ အမေရိကန်နိုင်ငံသို့ ရောက်ရှိလာသော မြန်မာများကိုခိုလှုံခွင့်ပြုရေးဦးစားပေး စဉ်းစားသင့်ကြောင်း တင်ပြလိုက်ပါသည်။ မစ္စတာ မိုင်းယားစ်က သူတို့ကော်မီတီအနေဖြင့် ကျွန်တော်တင်ပြမေတ္တာရပ်ခံချက်များကို အမြန်ဆုံးလေ့လာပြီး ကူညီမည်ဖြစ်ကြောင်းပြန်ကြား၏၊
    ကျွန်တော်၏ နိုင်ငံရေးခိုလှုံခွင့်နှင့်ပါတ်သက်၍၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာပြည်ဆိုင်ရာရုံးက ကျွန်တော့ကိုထပ်မံတွေ့ဆုံစစ်မေး ရန်၊ လူဝင်မှုကြီးကြပ်ရေးဌာနသို့ တိုက်ရိုက်ပန်ကြားခဲ့၏။ သို့ရာတွင် ပေါ့စေလို၍ကြောင်ရုပ်ထိုး၊ ဆေးအတွက်လေး ဆိုသကဲ့သို့၊ နိုင်ငံခြား ရေးဌာနက ဝင်ရောက်စွက်ဖက်ဖိအားပေးမှုကို မကြေမနပ်ဖြစ်ကာ၊ ဒုတိယအကြိမ်တွင်၊ ကျွန်တော် ဂျာမနီ၌နေထိုင်ခဲ့ဘူးသည်ကို အကြောင်းပြပြီး၊ လျှောက်ထားချက်ကို ပါယ်လိုကြပြန်၏။ နောက်ဆုံးတွင်၊ တရားရုံးသို့ရောက်လျှက်တရားသူကြီးက ကျွန်တော့အား ခိုလှုံခွင့်ပြုသောအခါ၊ လူဝင်မှုကြီးကြပ်ရေးဌာနက အထက်ရုံးသို့ အယူခံဝင်ခဲ့သေးသည်။ သို့ရာတွင်သူတို့ရှူံးပြန်ပါသည်။
    ကျွန်တော့နေထိုင်ခွင့်မှာသာ တဆင့်ပြီးတဆင့်၊ အခက်အခဲများစွာရှိခဲ့သော်လည်း၊ ၁၉၉၀ခုနှစ် နှစ်လည်ပိုင်းခန့်မှစကာ၊ နိုင်ငံရေး ခိုလှုံခွင့်တောင်းသော မြန်မာများနှင့်ပါတ်သက်၍၊ မူဝါဒများပြောင်းလဲလျှက် လွယ်လွယ်ကူကူနေထိုင်ခွင့်ပြုခဲ့၏။ ထောင်ပေါင်းများစွာ သော မြန်မာလူမျိုးတို့၊ အမေရိကန်နိုင်ငံတွင် တရားဝင်နေ ထိုင်ခွင့်ရရှိသွားကြသည်။ ဤသို့မူဝါဒပြောင်းလဲရေးအတွက် ကြိုး စားကြသူများစွာအနက် ကျွန်တော်၏ကြိုးပမ်းမှုမှာလည်း အနည်းနှင့်အများ ပါဝင်ခဲ့သည်ဆိုပါက၊ ပင်ပန်းရကျိုးနပ်နိုင်ပါ၏။
( အပိုင်း ၄ ကို ဆက်လက်ဖေါ်ပြပါမည်)
(ဤ ဆောင်းပါးသည့် ဆောင်းပါးရှင်၏ အာဘော်မျှသာဖြစ်ပါသည်။ သမိုင်းအဖြစ်အပျက် ဆိုင်ရာ အချက်အလက်များ နောင်လူများအတွက် တန်ဖိုးတစုံတရာရှိမည်ဟု ယုံကြည်ပါသဖြင့် ဖေါ်ပြပေးလိုက်ပါသည်။ မိုးမခအယ်ဒီတာ)


 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၃) – Exile Reporter
  1. သတင်းများနှင့် ပတ်သက်ပြီး ဒီထက်မက များများတင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်……

Comments are closed.