သရော်စာ သောင်းပြောင်းထွေလာ
“နောက်ပြန်မလှည့်ဘူး ရှေ့ ဆက်တိုးမှာ” – Moving Forward
ဂျော်ဒီး
စက်တင်ဘာ ၂၁၊ ၂၀၁၂
ဂျီးဒေါ်တို့ မိုးမခရွာကြီးမှာ ခုတလော အပြောင်းအလည်းတွေက   ဗလောင်းဗလဲကို ဖြစ်နေသည်။ ရွာတံခါးမှာ ၀င်သူထွက်သူတွေနဲ့ စည်စည်ကားကားပျားပန်းခပ်လို့။ အိမ်သာလို့ဧည့်လာတာလားတော့ မသိ။  ဧည့်သည်အတော်များများကတော့ သွားရည် တမျှားမျှားနဲ့မို့ သွားရည်ခံလေးတွေတောင် ခံထားရဆိုပဲ။
ရွာနဲ့    အနှစ်(၂၀)ကျော် ဝေးကွာနေရရှာသူများ ခမျာမှာလည်း   အမေနဲ့ ရွာ ကို လွမ်းလှပြီမို့ ရွာတော်ပြန်ရေး မျှော်တငေးတငေး ဖြစ်နေကြတာမဆန်း။  ဆန်းတာက ရွာတော်ဝင်ခရီးအတွက်  ငြိမ်းချမ်းရေးပွဲစားကြီးတွေက   အထူးသီးသန့်မျက်နှာမဲကြီးတွေကိုမှ  ရွေးချယ် အကျိုးတော်ဆောင်ကြသည် တဲ့ ။
သူတို့နဲ့ ချိတ်ဆက်ထားတဲ့   ဗဟုသီဟဖင်နှစ်ခွ  အဖွဲ့ က  ရွာဂံခြားပြန် ပြင်ညာရှင် ဒေါက်ချာကြီးတွေကတော့…ရွာတော်ဝင်ရေး တံခါးမရှိဓါးမရှိ ခွေးတိုးပေါက်ကတောင် အထူး ၀င်ခွင့် ရထားသေးသည် တဲ့။ တချို့  ပြင်ညာရှင်ကြီးတွေကတော့  မိုးမခ  ရွာသားတွေကို  ဆင်းရဲမွဲတေ ဖွတ်ဘိုးအေဖြစ်ပြီး ရှိသမျှ ဒွါရအပေါက်တွေ အနှစ်(၂၀)ကျော် အပိတ်ခံထားရသူတွေမို့လို့  အလွန်ပင် သနားတော်မူလှသည် တဲ့ ။
ဂျီးဒေါ်ဖြင့်  ကြားရတာ  နားမလည်ဘဲ မျက်စိတွေပဲ လည်သည်။ ဂျီးဒေါ်လည်း  ကိုယ့်ကိုကိုယ် ကပ်ပါးစတီး နိမ့်ပါး လှချည်ရဲ့လို့ကပ်ပါးစတီး သင်တန်းတွေတက်ဖို့ မေးစမ်းကြည့်ပါသေးသည်။ အသက်က (၃၀)ကျော်လာတာ   အနှစ်(၅၀)ရှိနေလို့အိုဗာဒိတ်ဖြစ်နေတဲ့ အပြင်  ကပ်ပါးစတီ မြှင့်တင်ရေး သင်တန်းတွေတက်နိုင်ဖို့  ကပ်ပါး အတတ်တတ်ရသေးသည်တဲ့ ။ တကယ့်ကို မလွယ်ပါဘူး။
နောက်ပြီး ဟိုဟိုဒီဒီချာပါတီ ၀င်တွေကို  ကပ်ပါးစတီးတွေ မြှင့်ဖို့   ရွာဂံခြားတွေကို လွှတ်နေသေးသည် တဲ့။ ရွာဂံခြားကို  သွားချင်လို့ အချင်းချင်း အကြိတ်အနယ် အောင်မောင်း ခြေထိုးတွေတောင်  ကကြရသည် တဲ့။ ဒီတချက်နဲ့ တင် ခေတ်ပြောင်းတယ်ဆိုတာ ဂျီးဒေါ်တော့   ယုံရတော့မည်။
အရင်ခေတ်ဟောင်းတုံးကဆို   ဟိုဟိုဒီဒီ ချာပါတီတွေက အတိုက်အခံ ရွာဂံရေးသမားတွေခမျာ  အခုလို  ရွာဂံခြားတွေမှာ ကပ်ပါးစတီးသင်တန်းတွေ တက်ခွင့်ရကြတာမှ  မဟုတ်တာကိုး။
ဟိုအင်းစိန်တောရသင်တန်းကျောင်းတို့ ကိုကိုးကျွန်းသင်တန်းကျောင်းတို့တွေမှာ အငတ်ငတ် အပြတ်ပြတ်နဲ့ ကပ်ပါးစတီး မြှင့်ကြရတာကလား။ ဒါကြောင့်ရွာထဲက  ကာလသားတွေ  ဆိုဆိုနေတဲ့  သီချင်းထဲကလို မိုးမခရွာကြီး  မှာ ကျေးရွာဝါဒ အပြောင်းအလဲတွေနဲ့  ဗလောင်းဗလဲကိုဖြစ်နေတာတော့ သေချာနေပါပြီ။
ဘာတဲ့ 
++  အခုများတော့ ဓါတ်မီးရောင်မှိန် အထူးကုဆေးရုံ။ ကိုယ်ပိုင်ကျောင်းတွေ နဲ့   ရှေးကနဲ့  မတူပါ++ကျေးရွာဝါဒပြောင်းလည်းလိုက်ကြပေါ့ ခင်ဗျာ+++ဆိုလား။
ဘာပဲဖြစ်ဖြစ်  ရွာလူကြီးဆော်ကြမ်းလို  ခေတ်ဆွေး မင်းသားကြီးတွေချောင်ကြားရောက်သွားတဲ့  အပြောင်းအလဲမျိုးကိုတော့    မိုးမခရွာသားတွေ သဘောကျကြတာ အမှန်။ ရွာနီးချုပ်စပ်မှာတော့ ဗေဒထိပ်သီး ဆြာယစ်ကြီးတို့ဆော်ကြမ်းကို ဟောလိုက်တဲ့ ဗေဒင်မှန်လွန်းလို့ဂုဏ်သတင်းကြီးနေသတဲ့ ။
ဆြာယစ်က အိပ်ဆဲလန့်နည်းပညာကျောင်းတော်ကြီးက အထူး သင်ကြားလာတဲ့  လောကဓါတ်နည်းတွေ နဲ့  သေချာတွက်လို့ ဗေဒင်မှန်တာဆိုပဲ။ အခုလဲရွာရဲ့ တိုးတက်ပြောင်းလည်းနေတဲ့  အခြေအနေတွေ နောက်ပြန်မလှည့်ရေးအတွက်
့ယတြာချေဖို့ ရွာလုံးကျွတ်ညီလာခံကြီး တခု ဆင့်ခေါ်ထားသေးသည်။ ဂျီးဒေါ်ကိုတောင်  ရွာလုံးကျွတ်ညီလာခံကြီးမှာကြီးကြပ်ဖို့ ကော်မရှင် အဖွဲ့ ထဲထဲ့ ထားသေးသည်မို့။ တော်ကြာရွာဗဟိုကော်မတီက လက်သိပ်ထိုး ချပေးတဲ့ ကော်မရှင်လူကြီးပါဆိုပြီး ရွာအောက်ခြေလူထုက အထင်အမြင်လွဲ။ ဆန္ဒဖော်ထုတ်ပွဲတွေ  လုပ်ခံနေရမှ ကျော်မကောင်းကြားမကောင်း ဖြစ်နေပါ့ မယ်လို့ မနဲငြင်းလိုက်ရသည်။
ကိုယ့် ကန်စွန်းရွက်ကို ယပ်ခတ်စားပါရစေ၊ အေးအေးပဲ နေချင်ပါသည်။
ဒီလိုနဲ့  ရွာလုံးကျွတ်ညီလာခံကျင်းပဖို့  သတ်မှတ်ထားတဲ့ ရက်ကို ရောက်လာသည်။ ညီလာခံကျင်းပရာ ရွာထိပ်ညောင်ပင်ကြီးအောက်ကို  ရွာသားတွေ စုံစုံညီညီ ရောက်လာကြသည်။ ခေတ်ပြောင်းနေပြီက တကြောင်း ကပ်ပါးစတီမြှင့်တင်ရေး သင်တန်းတွေ အလျှိုလျှိုတက်ထားကြလို့ တကြောင်း  ရွာလူထုမှာ ခေတ်ဟောင်းကလို မဟုတ်တော့ပါ။ ကျယ်လောင်သော အသံတွေနှင့်သူ့ ထက်ငါ အလုအယက် ဆွေးနွေးကြ။ ငြင်းခုံကြ။ ငါနှင့်မတူ ငါ့ ရန်သူသတ်မှတ်ပြီး ဖက်ကိုက်ကြနဲ့ အထူး စည်ကားနေသည်။
အမယ်ဟိုတလောလေးကမှ  ဆဲဆိုဆက်ဆံရေး ကပ်ပါးစတီးသင်တန်း ဆင်းလာတဲ့ လူငယ်တသိုက်ကလည်း  သူ့ ထက်ငါ ဆန်းသစ်သော ဆဲနည်းများဖြင့်ဆွေးနွေးနေကြသည်။ ဂျီးဒေါ်တို့ မိန်းမသားများမှာ မကြားဝံ့ မနာသာ နားပိတ်ကာ နေရရှာသည်။
မကြာမီ  အစည်းအဝေး စတင်ပြီး
အစီအစဉ် (၁) အရ တရွာလုံး၏ ဥလျှောင်ရွာဂံတော်သမတကြီးက မိန့်ခွန်းစခြွေသည်။ ”ချစ်၍ ခေါ်မည် ခေတ်ပြောင်းရာမှာ လိုက်တော်မူခဲ့ မပျောင်းနွဲ့ နှင့်။ ရာဇ၀င်ကြီးကို မြောင်းထဲထားရစ်ခဲ့ ” အစချီသည့် မိန့်ခွန်းရှည်ကြီးမှာ ရွာလူထုကို  အကြီးအကျယ်  ရှော့ ရိုက်ကာ ဟတ်ထိသွားသည်။
ဒီလို လေသံမျိုး အရင်ခေတ်ဟောင်းက  မကြားဖူးလို့ ရွာ့မီဒီယာလူကြီးတွေက ဦးဆောင်ပြီး သောင်းသောင်းဖျဖျ  မယုံတ၀က် ယုံတ၀က်နှင့် မြှောက်ပင့် လက်ခုပ်တီးကြသည်။ လူငယ်တွေကတော့ အခြေအနေကိုမျက်တောင်မခတ်စောင့်ကြည့်နေဆဲ။
အစီအစဉ်(၂)အရ အဝေးရောက် ရွာဂံကျော် အဆိုတော်ကြီး တဦးက သူ အထူးရေးသားသီကုံးထားတဲ့  “အဖေစိန်ကြီး ပြန်လာပြီ”  ဆိုသော သီချင်းခန့်ကြီးနဲ့   အဝေးမှ ဂါရ၀ ပြုလိုက်ရာ။ ခွေးများက  စည်းဝါးကိုက်
အူသံ ပေးလိုက်ကြသဖြင့် အတော်ပင် မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်သွားလေသတည်း။
အစီအစဉ်(၃)အရ ရွာဦးကျောင်း ကပ္ပိယကြီးမှ  ရွာဂံတော် သမတကြီး၏ မိန့်ခွန်းမှာ  အာတာပူစီ စားရသကဲ့သို့ အလွန်တရာ လှပ ကောင်းမွန်ကြောင်း။ သို့သော် ဘိုက်ဝ ဖို့တော့ လိုသေးကြောင်း ထောက်ခံဆွေးနွေးရာ  ရွာဦးကျောင်းမှ စာချဆရာတော်တပါးကလဲ   အားကျမခံ ရွာလုံးကျွတ်ရွာဂံတော် သမတကြီးကို  အချွန်နဲ့ မပွဲကြီးများ  ခြိမ့်ခြိမ့်သဲသဲ  ၀ှဲချီး ကျင်းပသင့်ကြောင်း  အဆိုတင်ပြန်သည်။
ရွာဂံတော် သမတကြီးကား  မပြုံးတုံ့ တုံ့  ပြုံး တုံ့ တုံ့  နှင့် အလွန်တရာ  သဘောကျဟန်ပြရာ ရွာ့လုံခြုံရေး တာဝန်ခံ ရွာ့ရဲမှူးကြီးက  ရွာဂံတော်သမတကြီးအား အချွန်နဲ့ မပွဲများ ကျင်းပလိုသူများ အနေဖြင့် စီတန်း လှည့်လည်ခွင့် တောင်းစရာ မလို၊ ဖရီးဖရီး ကျင်းပခွင့်ပြုကြောင်း ကမန်းကတန်း ၀င်ရောက် ဆွေးနွေးလိုက်၏။
အစီအစဉ်(၄)အရ ရွာ့ အတိုက်အခံ ဖွဲပြာသယ် အုပ်စုကလည်း ရွာဂံတော် သမတကြီး၏ ယခုလို  ပြောင်းလဲလာသော  ရပ်တည်ချက်များမှာ အလွန်တရာ ကောင်းမွန်ကြောင်း။ ရွာဂံတော် သမတကြီးကို  သူတို့ ယုံကြည်ကြောင်း။ သို့ရာတွင်  အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်သော အခြေအနေများ ရှိနေသေးကြောင်း။
သို့ပါ၍  ကမ္ဘာ့ရွာ  ငပွ ပြည်ထောင်စု နိုင်ဂံတော်ကြီးကပင်  မက်လုံးရော အမဲလုံးများပါပေးနေကြောင်း။
ရွာနီးချုပ်စပ်များကပင်  ရွာဂံတော် သမတကြီး နောက်ပြန်မလှည့်ရေး အတွက် အရူးဘုံမြှောက်ကာ  သူတို့ရွာမှ ခွေးသေးပန်းကိုတောင် ရွာဂံတော်သမတကြီး၏  အမည်ကို ဂုဏ်ပြုပေးအပ်ခဲ့သေးကြောင်း။
ရောက်တတ်ရာရာ  ၀ိုင်းဝန်း ဆွေးနွေးကြရာ  ဂျီးဒေါ်တယောက်မှာ ကပ်ပါးစတီး နိမ့်ကျသူ ပီပီ နကန်းတလုံးမှ  မဆွေးနွေးနိုင်။ နားလည်း မလည် နိုင်သဖြင့် အစည်းအဝေး ကျင်းပရာ ညောင်ပင်ကြီးအောက်၌ တုတ်တချောင်းဖြင့် ဟိုဟိုဒီဒီ ခြစ်မိရာ ညောင်မြစ်များအောက်မှ ပုတ်သင်ဥများ ပေါ်လာလေသည်။
နောက်ဆုံးပိတ် အစီအစဉ်အရ  ဗေဒ ထိပ်သီး ဆြာရစ်ကြီး၏ နောက်ပြန်မလှည့်ရေး အထူးယတြာ အစီအရင်ကို တင်ပြမည် ဖြစ်ကြောင်း  ကြေညာလိုက်ရာ ရွာသားများအားလုံး စိတ်ဝင်တစား မျက်တောင်မခတ်  နားရွက် မလှုပ်ဘဲ အာရုံစိုက်နေကြလေသည်။
ဗေဒထိပ်သီး ဆြာရစ်ကြီးကား အထူးခန့်ငြား တည်ကြည်သော  မျက်နှာပေးဖြင့်  ပရိသတ်အားလုံးကို ကြည့်ရင်း လက်ခုပ်သုံးချက် တီးလိုက်ရာ  သာဂိတို့ လူငယ်တသိုက်က  သုံးလွန်းတင် အုန်းဆံကျစ်ကြိုးကြီး တချောင်းကို ကိုင်ဆောင်ရင်း အစည်းအဝေး ခန်းမတွင်းသို့ ၀င်လာလေသည်။
ထို့နောက်  ရွာဂံတော်သမတကြီး အနီးသို့ သွားရောက်ကာ  ဂါရ၀ ပြုကြသည်။ အခိုက်အတန့် အတွင်း၌ပင် ဗေဒထိပ်သီး ဆြာရစ်ကြီး၏ အောင်မြင် ခန့်ညားသော  အခါပေးသံကြီး ပေါ်ထွက်လာလေသည်။
“ရွာဂံတော် သမတကြီးအား နောက်ကြောင်းပြန်မလှည့်နိုင်ရန် အထူးစီရင်ထားသော ဂမ္ဘီရမှော်ကြိုးဖြင့် ခိုင်ခိုင်ချည်တုတ်ကြလော့”
တပြိုင်နက်တည်း  သာဂိတို့ ရွာလူငယ်တသိုက်ကား  ရွာဂံတော် သမတကြီးကို ဂမ္ဘီရ မှော်ကြိုးဖြင့် ၀ိုင်းဝန်း တုတ်နှောင်ကြရာ  ရွာဂံတော်သမတကြီးတယောက်  ကြောက်လန့်တကြား ရုန်းကန်ပြေးလွှားရင်း ရွာစွန်နေပူတော် တောအုပ်ဆီသို့  စုန်ပြေးလေသည်။ ပါးစပ်ကလည်း “ဘယ်တော့မှ  နောက်ကြောင်း ပြန်မလှည့်ဘူးကွ။ ကိုယ်လုပ်ချင်ရာ ရှေ့ ကိုပဲ တိုးလုပ်မှာကွ။ ငါ့ ကိုနောက်ကြောင်းပြန်မလှည့်အောင်  ကြိုးချည်တဲ့  ကောင်တွေ ငါ့လမ်းကြောင်းအတိုင်းသာ လိုက်ခဲ့ ကြပေတော့ဟေ့”
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
Similar Posts