မျက်မှောက်ရေးရာ သတင်းပဒေသာ

ပစ်မှတ်ထားခံနေရသော အနောက်နိုင်ငံသံရုံးများတွင် လုံခြုံရေး ပိုမို ဂရုစိုက် – western embassies


မိုးမခအထောက်တော် အမှတ် ၀၀၅
စက်တင်ဘာ ၁၉၊ ၂၀၁၂


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး (ဓာတ်ပုံ – မိုးမခ)

မကြာသေးမီက ရုတ်တရက် ပေါက်ကွဲခဲ့သော နိုင်ငံတကာမူဆလင်အသိုင်းအ၀ိုင်း၏ ဒေါသ နှင့် ကန့်ကွက်ဆန့်ကျင်မှုများကြောင့် ကမ္ဘာတ၀န်းရှိ အနောက်နိုင်ငံသံရုံးများတွင် လုံခြုံရေး ပိုမို ဂရုစိုက်နေကြသည်။

အွန်လိုင်းတွင် ပေါ်ထွက်လာသော အမေရိကန်ရုပ်ရှင်ကား The Innocence of Muslims နမူနာပြကွက်ကြောင့် နိုင်ငံ ၂၀ ကျော်ရှိ အနောက်နိုင်ငံသံရုံးများ အထူးသဖြင့် အမေရိကန်သံရုံးများရှေ့တွင် အကြီးအကျယ် ဆန္ဒဖော်ထုတ်မှုတို့ ပေါ်ပေါက်ခဲ့သည်။

ရက်အနည်းငယ်အတွင်း သံရုံးရှေ့ ဆူပူအကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများ၊ အဓိကရုဏ်းနှိမ်နင်းမှုများ ဖြစ်ပေါ်လာရာ အနည်းဆုံး သေဆုံးသူ ၂၈ ဦး ရှိကြောင်း သတင်းများတွင် ရေးထားသည်။ ထိုသေဆုံးမှုထဲတွင် လစ်ဗျားရှိ အမေရိကန် သံအမတ်လည်း ပါဝင်သည်။

ဤသို့သော အခြေအနေတို့ကြောင့် ကမ္ဘာတလွှား အနောက်နိုင်ငံသံရုံးများကို လုံခြုံရေး ပိုမိုတင်းကျပ်ထားခြင်း ဖြစ်သည်။

ဤအခြေအနေတွင် ပြင်သစ်နိုင်ငံရှိ Charlie Hebdo အမည်ရှိ သရော်စာအသားပေး မဂ္ဂဇင်းက တမန်တော်မိုဟာမက်ကို လှောင်ပြောင်သည့် ကာတွန်းများ ပုံနှိပ်ဖော်ပြလိုက်သည်။

ပြင်သစ်အာဏာပိုင်တို့က Charlie Hebdo မဂ္ဂဇင်း၏ လွတ်လပ်စွာ ဖော်ပြခွင့်ကို အကာအကွယ်ပေးထားပြီး မဂ္ဂဇင်းတိုက်အပြင်ဘက်တွင် လုံထိန်းတပ်ဖွဲ့ဝင်အများအပြား ချထားလိုက်သည်။

ပြင်သစ်တွင် လွတ်လပ်စွာသရော်ခွင့်ရသဖြင့် မည်သည့်အရာကိုမဆို သရော်နိုင်သည်ဟု ခံယူထားသော Charlie Hebdo မဂ္ဂဇင်းက ယခင်ကလည်း တမန်တော်မိုဟာမက်၏ရုပ်ပြောင်ပုံကို ဖော်ပြခဲ့ရာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ၎င်းတို့မဂ္ဂဇင်းတိုက် ဓာတ်ဆီဗုံးဖြင့် တိုက်ခိုက်ခံရသည်။

၂၀၀၇ ခုနှစ်က ဒိန်းမတ်သတင်းစာပါ တမန်တော်မိုဟာမက်ရုပ်ပြောင်ပုံများကို Charlie Hebdo မဂ္ဂဇင်းက ထပ်မံပုံနှိပ်ဖော်ပြခဲ့သေးသည်။ အစ္စလမ်ဘာသာရေးအဖွဲ့၂ခုက ထိုမဂ္ဂဇင်းကို တရားစွဲခဲ့သော်လည်း တရားရုံးက အမှုကို ပလပ်ခဲ့သည်။

Charlie Hebdo မဂ္ဂဇင်းက ကိုးကွယ်ယုံကြည်မှုအားလုံးကို သရော်ဖူးသည့် အစဉ်အလာ ရှိသည်။

ယခုအခါ ပြင်သစ်အစိုးရက ထိုမဂ္ဂဇင်းကို မူဆလင်ကမ္ဘာကို ဒေါသထွက်စေမည့် ပုံများ ထည့်သွင်းခြင်း မပြုရန် တိုက်တွန်းသည့်ကြားမှ မဂ္ဂဇင်းက ပုံနှိပ်ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး Laurent Fabius က ထိုမဂ္ဂဇင်း၏ လုပ်ရပ်ကို လှုံ့ဆော်သည့်လုပ်ရပ်ဟု ဝေဖန်လိုက်သည်။ တာဝန်ယူမှုရှိရှိဖြင့် ပြုမူကြရန်လည်း မီဒီယာများကို တိုက်တွန်းလိုက်သည်။

သောကြာနေ့သည် ကျန်နေ့များထက် ဗလီတွင် သွားရောက်ဝတ်ပြုသူများပြားသည့်ထုံးစံ ရှိသဖြင့် ပြင်သစ်က လာမည့်သောကြာနေ့တွင် နိုင်ငံ ၂၀ ကျော်ရှိ ၎င်းတို့၏ သံရုံး၊ သင်တန်းကျောင်းတို့ကို ပိတ်ထားမည်ဖြစ်သည်။

ယနေ့ ရရှိသော သတင်းအရ အင်ဒိုနီးရှားနိုင်ငံ တတိယအကြီးဆုံးမြို့ဖြစ်သော Medan ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ထားလိုက်သည်ဟု သိရသည်။ ကောင်စစ်ဝန်ရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှု ၂ ခု ဖြစ်ပွားခဲ့ပြီး အမေရိကန်ရှိ အငြင်းပွားဖွယ်ရုပ်ရှင်ကို ရိုက်ကူးခဲ့သူတို့အား အပြစ်ပေးရန် တောင်းဆိုကြသည်။
မြို့တော်ဂျကာတာရှိ သံရုံးကိုလည်း ယာယီပိတ်ခဲ့သေးသည်ဟု ဆိုသည်။

ပါကစ္စတန်တွင်မူ ရာနှင့်ချီသော ရှေ့နေများက သံရုံးစုပေါင်းဝင်းခြံစည်းရိုးကို ချိုးဖျက်ကျော်ဖြတ်ကာ ထိုရုပ်ရှင်ကားကို ကန့်ကွက်ကြောင်း ယနေ့ ဆန္ဒပြကြသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts