မှတ်စုမှတ်တမ်း သန်းဝင်းလှိုင်

သမိုင်းတကွေ့မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (Than Win Hlaing)

သမိုင်းတကွေ့မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

သန်းဝင်းလှိုင်၊ စက်တင်ဘာ ၁၇၊ ၂၀၁၂

            ယနေ့မြန်မာနိုင်ငံတော်တွင် ဒီမိုကရေစီနိုင်ငံသစ်ကြီးတည်ဆောက်ရန်အတွက် ပြည်သူလူထုကြီးအား ဦးဆောင်ဦး ရွက်ပြုကာ တိုက်ပွဲဆင်နွှဲနေသူများတွင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုထောက်ခံမှု၊ ယုံကြည်မှုနှင့် ကြည်ညိုလေးစား ခံရမှု အများဆုံးရရှိနေသော လူထုခေါင်းဆောင်ဖြစ်သည်။ တနည်းဆိုရသော် “ဒီမိုကရေစီတော်လှန်ရေးကြီး၏မိခင်” ဖြစ် သည်ကို မည်သူမျှ ငြင်းမရပေ။

            ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်အစိုးရကိုသာ ဖယ်ရှားနေသူမဟုတ်ဘဲ ဒီမိုကရေစီရရှိရေးအတွက် သူ့ ဘဝကို အပင်ပန်းအဆင်းရဲခံကာ အထီးကျန်ဘဝကို ပျော်ပျော်ကြီးပေးဆပ်၍ ကြံ့ကြံ့ခံဇွဲသတ္တိအပြည့်အဝဖြင့် တိုက်ပွဲဝင်နေ သော လူထုခေါင်းဆောင်ဖြစ်သည်။ ဤအချက်ကပင် သူ၏အမွန်မြတ်ဆုံးသော ဂုဏ်ဒြပ်ဖြစ်သည်။

            ယင်းသို့ မြန်မာပြည်သူလူထုသာမက တစ်ကမ္ဘာလုံးကပါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ် ကြည်ညိုလေးစား ယုံကြည်အားထားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်ဖခင်ကြီးနှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့မှ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက် အင်္ဂါနေ့ နံနက် ၅ နာရီ ၃၆ မီနစ် ၁၆ စက္ကန့်တွင် ရန်ကုန်မြို့ ၌ ဖွားမြင်ခဲ့သည်။ မွေးချင်းလေးဦးအနက် တတိယမြောက်ဖြစ်ပြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရစဉ်က (၂)အရွယ်မျှ သာ ရှိသေးသည်။

            ၁၉၄၉ မှ ၁၉၅၇ အထိ ရန်ကုန်မြို့ စိန့်ဖရန့်စ်ကွန်ဗင့်ကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ၁၉၁၀ မှ ၁၉၆၀ အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်း (ယခု အထက-၁ ဒဂုံ)တွင် ဆက်လက်သင်ကြားခဲ့သည်။

            ၁၉၆၀ မေလတွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၏ ခန့်အပ်ခြင်းခံရသဖြင့် မိခင်နှင့်အတူ အိန္ဒိယနိုင်ငံ နယူဒေလီမြို့သို့ လိုက်ပါခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ယေရှုနှင့် မေရီကွန်ဗင့်ကျောင်းနှင့် လေဒီရှယ်ရီရမ်ကောလိပ်တို့၌ ဆက်လက်ပညာသင်ကြားခဲ့သည်။

            ထို့နောက် ၁၉၆၂ မှ ၁၉၆၃ အထိ အိန္ဒိယနိုင်ငံ ဒေလီတက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာဆည်းပူး ခဲ့သည်။ ၁၉၆၄ မှ ၁၉၂၇ တွင် အောက်စ်ဖို့ဒ်တက္ကသိုလ် ဟူ့စ်ကောလိပ်၌ ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ် များကို လေ့လာဆည်းပူးခဲ့ပြီး ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။

            ၁၉၆၈ တွင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာန နိုင်ငံရေးသိပ္ပံဌာနခွဲ၌ သုတေသန လက်ထောက်အဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။

            ၁၉၆၉ မှ ၁၉၇၁ အထိ နယူးယောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များ အကြံပေးကော်မတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

            ၁၉၇၂ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီ ၁၂ မိနစ် ၂၃ စက္ကန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြောက်ပိုင်း ဗုဒ္ဓဘာသာမဟာယန၏ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ သမိုင်းသုတေသီ ဒေါက်တာမိုက်ကယ်အဲရစ် (Dr. Michael V. Aris) နှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။

၁၉၇၂ မှ ၁၉၇၃ တွင် ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ကုလသမဂ္ဂများဆိုင်ရာ အကြံပေးအရာရှိများအဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ထမ်းရွက်ခဲ့သည်။

၁၉၈၅ မှ ၁၉၈၆ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးဌာနတွင် သုတေသန ပညာရှင်အဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည်။

၁၉၈၇ တွင် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ရှိ အထူးလေ့လာရေး အိန္ဒိယသိပ္ပံဌာနတွင် သုတေသီအဖြစ် လုပ်ကိုင် သည်။

ထိုနှစ်မှာပင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနတွင် ပါရဂူဘွဲ့အတွက် “၁၉၂၀-၁၉၄၅ အတွင်း ထုတ်ဝေခဲ့သော စာနယ်ဇင်းများသည် မြန်မာ့လွတ်လပ်ရေးကို အထောက်အကူပြုခဲ့ပုံ” အမည်ရှိ ဘွဲ့လွန်စာတမ်း ကို တင်သွင်းခဲ့သည်။

၁၉၈၈ တွင် လန်ဒန်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ပါရဂူဘွဲ့ယူရန်အတွက် ထိုက်တန်သူအဖြစ် အ သိအမှတ်ပြုခဲ့သည်။

၁၉၈၈ မတ်လ ၃၁ တွင် မိခင်ကြီးဒေါ်ခင်ကြည်သည် ရုတ်တရက် နာမကျန်းဖြစ်ခဲ့မှုကြောင့် မိခင်ကြီးအားပြုစုရန် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။

၁၉၈၈ သြဂုတ်လ ၈ ရက်နေ့တွင် မြန်မာငံတဝှမ်းလုံး၌ ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၆ ရက်နေ့တွင် ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်တွင် မဆလအစိုးရ၏ ပြည် သူလူထုအား အကြမ်းဖက်ဖြိုခွဲနေမှုကို ဆန့်ကျင်သောမိန့်ခွန်းကို ပြည်သူတသိန်းကျော် တက်ရောက်သည့် လူထုအစည်းအ ဝေးပွဲ၌ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့သည်။ ထိုအချိန်မှစ၍ သူ့ဘဝအချိုးအကွေ့သည်လည်း ပြောင်းလဲသွားခဲ့ရ တော့သည်။

၁၉၈၈ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဗိုလ်မှူးချုပ်ကြီးဟောင်း သူရတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးသည် ပြည်သူတစ်ရပ်လုံးသို့ ပန်ကြားချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံကြီး စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်း၍ အာဏာသိမ်းပိုက်ပြီးနောက် စက်တင်ဘာလ ၂၇ ရက်နေ့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်၊ ဦး အောင်ကြီး၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင်မှတ်ပုံတင်ပြီးနောက် အဖွဲ့ချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

၁၉၈၉ ဇူလိုင် ၂၀ တွင် ဒေါ်အောင်ဆန်းစုကြည်အား နဝတအစိုးရက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူ များ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀(ခ)အရ နေအိမ်တွင် တားဆီးမိန့်ထုတ်ပြန်၍ ထိန်း သိမ်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိန်းသိမ်းခံနေရစဉ်အတွင်း ၁၉၉၀ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် နဝတအစိုးရက ဦးစီးကျင်းပခဲ့သော ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒနယ် ၄၄၇ နယ်၌ ဝင် ရောက်ယှဉ်ပြိုင်ရာ (၃၉၂)နေရာ၌ အနိုင်ရရှိခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၈၂ ရာခိုင်နှုန်း အနိုင်ရရှိခြင်းဖြစ်သည်။ သို့သော် နဝတစစ်အစိုးရ အာဏာလွှဲပြောင်းရန် ငြင်းဆန်ခဲ့သည်။

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နော်ဝေးနိုင်ငံ အော်စလိုမြို့ရှိ နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ဒေါ် အောင်ဆန်းစုကြည်အား ၁၉၉၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ချီးမြှင့်ခဲ့ရာ နေအိမ်အကျယ်ချုပ်ချထားခြင်းခံရသ ဖြင့် မိခင်ကိုယ်စား သားကြီးဖြစ်သူမြင့်ဆန်းအောင်က တက်ရောက်ဆုယူခဲ့သည်။

နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက “ကမ္ဘာ တဝှမ်းတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအတွက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြသည့် ပြည်သူများအား ထောက်ခံအား ပေးရန်နှင့် သူ၏အလံမလှဲ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုများကို ဂုဏ်ပြုသည့်အနေဖြင့် ဤဆုကိုချီးမြှင့်ခဲ့ပါသည်”ဟူ၍ ထုတ် ဖော်ပြောကြားခဲ့သည်။

၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် တားဆီးထားသည့် အမိန့်အား နဝတအစိုးရမှ ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

၁၉၉၉ ခုနှစ် သြဂုတ် ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုဥက္ကဋ္ဌ သူရဦးတင်ဦး၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ နှင့်အတူ ကော့မှူးမြို့သို့ စည်းရုံးရေးကိစ္စဆောင်ရွက်ရန် သွားရောက်ခဲ့ရာ အာဏာပိုင်များ၏ ပိတ်ဆို့ထားခြင်း (၈)ရက်ခန့် ခံရပြီးနောက် နေအိမ်သို့ အတင်းအကျပ်ပြန်လည်အပို့ခံရသည်။ ယင်းစက်တင်ဘာလ ၁ ရက်မှ ၁၄ ထိ ဒုတိယနေအိမ်အ ကျယ်ချုပ်ဖမ်းဆီးခံရပြန်သည်။

တဖန် ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနှင့် အတူ အဖွဲ့ချုပ်အဖွဲ့ဝင်များလိုက်ပါ၍ ပါတီစည်းရုံးရေးကိစ္စများဆောင်ရွက်ရန် မန္တလေးမြို့သို့ ရန်ကုန်ဘူတာကြီးမှ ရထား ဖြင့် သွားရောက်ရန်စီစဉ်ခဲ့ရာ အာဏာပိုင်များ၏တားဆီးခံရပြီးနောက် စက်တင်ဘာလ ၂၂ ရက်နေ့တွင် နေအိမ်သို့ အတင်းအဓမ္မပြန်ပို့ခံရ၍ တတိယအကြိမ် ဖမ်းဆီးထိန်းသိမ်းခံရသည်။ ထို့နောက် ၂၀၀၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ကုလ သမဂ္ဂ၏လျှို့ဝှက်ညှိနှိုင်းချက်အရ ဒေါ်အောင်ဆန်းစုကြည်အား နအဖအစိုးရက နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ်ပေးခဲ့ သည်။

၂၀၀၂ ခုနှစ် မေလ ၂၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုရှိ ဘာ့သ်ကောလိပ်၏ ၁၄၂ ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့သည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် စည်းရုံးရေးခရီးစဉ်အတွင်း သူ၏ယာဉ်တန်းအား စစ်အစိုးရ၏ ဒေါက်တိုင်အဖွဲ့အစည်းများဖြစ်ကြသော စွမ်းအားရှင် နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက ဒီပဲယင်းမြို့နယ် ကျီရွာအနီးတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နအဖလက်ပါးစေများ၏ ချောင်းမြောင်းတိုက်ခိုက်မှုခံခဲ့ရာမှ အသက်မသေလွတ်မြောက်ပြီးနောက် ထိုနေ့မှာပင် ရေးဦးမြို့အ ဝင်စစ်ဆေးရေးဂိတ်၌ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

ထို့နောက် ဇွန်လ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား အမှတ်(၆)တင့်ကားတပ်ရင်း ဧည့်ရိပ်သာတွင် ဖမ်း ဆီးထားရာမှ အင်းစိန်အကျဉ်းထောင်သို့ပို့၍ ထိန်းသိမ်းခဲ့သည်။ အင်စိန်ထောင်မှတဆင့် ဇွန်လ ၂၄ ရက်နေ့တွင် ရဲမွန်တပ်စ ခန်းရှိ ရဲခေါင်ရိပ်သာသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမှတဖန် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဆေးရုံတက်ခွဲစိတ်ကုသရန်အတွက် ရဲမွန်ရိပ်သာမှ ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံသို့ တင်ပို့ခဲ့သည်။ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား အာရှတော်ဝင်ဆေးခန်းမှတဆင့် နေအိမ်သို့ပြန်ပို့၍ စတုတ္ထအကြိမ်အကျယ်ချုပ် ထိန်းသိမ်းခဲ့ပြန်သည်။

၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူ များ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀(ခ)ဖြင့် ဥပဒေမဲ့ ပြစ်ဒဏ်တစ်နှစ် ထပ်မံတိုးမြှင့်ခဲ့ သည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နအဖအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ်ပြစ်ဒဏ် (၆)လ ထပ်မံတိုးခဲ့ပြန်သည်။ ၂၀၀၆ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နအဖအစိုးရက အကျယ် ချုပ်သက်တမ်း တစ်နှစ်ထပ်မံတိုးခဲ့ပြန်သည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းသည် မြန်မာနိုင်ငံရှိ စစ်ခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ပြန်လည်လွတ်ပေးရန် တောင်းဆိုခဲ့သော်လည်း စစ်အစိုး ရအာဏာပိုင်များသည် အရေးမစိုက်ခဲ့ပေ။

အောင်တိုဘာလ ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုယ်သက်တမ်း ၁၂ နှစ်ပြည့် အ ထိမ်းအမှတ်အဖြစ် ကမ္ဘာ့မြို့ကြီး ၁၂ မြို့တွင် တပြိုင်နက်တည်း ဆန္ဒပြပွဲကျင်းပသည်။ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စာကားပြောဆိုနိုင်ရန် ကြားခံဆက်သွယ်ရေးဝန်ကြီးအဖြစ် အလုပ်သမားဝန်ကြီး ဦးအောင် ကြည်ကို အစိုးရကခန့်အပ်၍ တွေ့ဆုံဆွေးနွေးရေး အတုအယောင်များ ဖန်တီးပြသခဲ့သည်။

နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် (၃)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သူ၏ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် သက်တမ်းပြည်ခါနီးရက်ပိုင်းအလိုတွင် ၂၀၀၉ ခုနှစ် မေလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ နအဖစစ်အစိုးရအာဏာပိုင်များ၏ စီစဉ်မှုဖြင့် တိတ်တဆိတ်ဝင်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျွန်ယက်တောအား တွေ့ဆုံလက်ခံသည်ဟုဆိုကာ နေအိမ်အကျယ်ချုပ်ဖောက် ဖျက်မှု ပုဒ်မ(၂၂)ဖြင့် အင်းစိန်အထူးတရားရုံးက တရားစွဲဆိုခဲ့သည်။ ယင်းနောက် သြဂုတ်လ ၁၁ ရက်နေ့တွင် ဒေါ်အောင် ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ ၂၂ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် ချမှတ်ခဲ့သည်။ အ မိန့်ချမှတ်ပြီး မိနစ်ပိုင်းအလိုမှာပင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်စာဖြင့် ထိုချမှတ်ထားသည့်ပြစ်ဒဏ်ကို ထက် ဝက်လျှော့ချလိုက်ပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိကာ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်(၁၈)လသို့ ပြောင်းလဲချ မှတ်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နအဖအစိုးရက မတရားပြစ်ဒဏ်ချမှတ်မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ ဒေါ် အောင်ဆန်းစုကြည်၏ အကျိုးရှေ့နေများက အယူခံလွှာတင်သွင်းမှုကို တိုင်းတရားရုံးက ပယ်ချခဲ့သည်။

ယင်းနောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ညနေ ၅ နာရီ ၁၅ မိနစ်တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ်ပေးခဲ့သည်။ လွတ်မြောက်ပြီး မိနစ်ပိုင်းမှာပင် သူ့ခြံရှေ့သို့ထွက်၍ စောင့်ကြိုနေသောလူထုကို မိန့်ခွန်းတိုပြောကြားသည်။ နိုင်ဝင်ဘာလ ၁၄ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့၌ နေ့လည် ၁၂ နာရီတွင် လူထုကြီးကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် မိန့်ခွန်း ပြောကြားသည်။

နိုင်ဝင်ဘာလ ၂၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီနောက် သား ငယ် ကင်မ်ခေါ် ကိုထိန်လင်းသည် ပြည်ဝင်ခွင့်ဗီဇာရရှိသဖြင့် မြန်မာနိုင်ငံသို့လာရောက်၍ မိခင်ဖြစ်သူအား တွေ့ဆုံခဲ့သည်။

၂၀၁၁ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဗီးယားသည် ၎င်း၏မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

၂၀၁၁ ခုနှစ် မေလမှ ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နှင့် ဥရောပနိုင်ငံများမှ အဆင့်မြှင့်အ စိုးရခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့သည် နေ့လယ် ၁ နာရီတွင် တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာအစိုးရဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေး၍ ပြည်တွင်းပြည်ပသ တင်းထောက်များ၏ မေးမြန်းချက်များကိုလည်း ဖြေကြားသွားခဲ့သည်။

၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က နေပြည်တော်ရှိ သမ္မတအိမ်တော်ရုံး ခန်း၌ ညနေ ၄ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါ တီပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်သို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီမှတ်ပုံတင်ခွင့်ကို လျှောက်ထားခဲ့သည်။

ယင်းနောက် ဒဇင်ဘာလ ၁ ရက်နေ့တွင် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဟီ လာရီကလင်တန်သည် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ သွားရောက်၍ (၂)နာရီနီးပါး တွေ့ဆုံဆွေးနွေး၍ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်း သာဓုပရိယတ္တိ စာသင်တိုက်အတွင်းရှိ ရွှေညဝါပညာဗိမာန်ဘုန်းကြီးကျောင်း၌ ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေး ဆုရရှိသည့် အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ဒီဇင်ဘာလအတွက် စာစောင်တွင် ဒေါ်အောင် ဆန်းစုကြည်၏ ဓါတ်ပုံကို မျက်နှာဖုံးတင်၍ “ရဲစွမ်းသတ္တိရှိသော မြန်မာပြည်သခင်” (Brave New Burma) အမည်ရှိ အထူး ဆောင်းပါးကို ဖော်ပြခဲ့သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် မနော်ဟရီလမ်းရှိ ထိုင်းသံရုံး၌ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ်ရှင်နာဝပ်က ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံခဲ့သည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး ကွန်ရက်မှ စီစဉ်ကျင်းပသည့် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေ ဂီတဖျော်ဖြေပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဦးစီး၍ ကျင်းပပြုလုပ်သည့် လွတ်လပ်ခြင်းအနု ပညာရုပ်ရှင်ပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဆုရသူများအား ချီးမြှင့်ခဲ့သည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျစ်လစ်ခိုင်မာတောင့်တင်းရန်နှင့် အဖွဲ့ချုပ်၏နိုင်ငံရေး ဝါဒသဘောတရားနှင့် လုပ်ငန်းစဉ်များထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အဖွဲ့ချုပ်ကို သဘာပတိအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ သဘာပတိအဖွဲ့တွင် ဦးတင်ဦး(နာယက)၊ ဦးဝင်းတင်၊ ဦး သန်းထွန်း၊ ဦးလှဖေ၊ ဦးညွန်ဝေ တို့ကိုရွေးချယ်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့ ဝင်များအဖြစ် ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဒေါ်မေဝင်းမြင့်တို့ကို ရွေး ချယ်ခဲ့ကြသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာသော ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alian Juppe သည် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီထွန်းကားရေးနှင့် လွတ်လပ်ရေးအတွက် ဆောင်ရွက်နေသော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် National Order of the Legion of Honour ဆု၏ အမျိုးအစားတစ်ခုဖြစ်သော Commander ဆုကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ယခုကဲ့ သို့ ဒေါ်အောင်ဆန်းစုကြည်သည် ဆုရရှိခြင်းကြောင့် အဆိုပါဆုကို အရှေ့တောင်အာရှတွင် မြန်မာနှင့် မလေးရှားတို့သည် ဆုရရှိသည့်နိုင်ငံအဖြစ် စာရင်းဝင်ခဲ့သည်။ မလေးရှားနိုင်ငံသူ ရုပ်ရှင်မင်းသမီး မီရှယ်ယိုးသည် ၎င်း၏ရုပ်ရှင်နှင့် မီဒီယာလုပ် ငန်းများတွင် အောင်မြင်စွာဆောင်ရွက်နိုင်မှုကြောင့် ၂၀၀၇ ခုနှစ်က ယင်းဆုကို ရရှိခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ နှစ်ရက်အကြာချစ်ကြည်ရေးခရီးအဖြစ် ရောက်ရှိလာ သော ပါကစ္စတန်သမ္မတ အာဆစ်အလီဇာဒါရီသည် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သူ၏နေအိမ်၌ တွေ့ဆုံခဲ့ သည်။ ထို့နောက် ပါကစ္စတန်သမ္မတက ဒေါ်အောင်ဆန်းစုကြည်အား Mohtarma Benazir Bhulto Shaaheed ဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့သည်။ ထိုနေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်သည် ဆွစ်ဇာလန်နိုင်ငံ တောင်ပေါ်အပန်းဖြေစခန်းမြို့ဖြစ် သော ဒါးဗို့စ်တွင် ကျင်းပနေသော ကမ္ဘာ့စီးပွားရေးညီလာခံ (World Economic Forum)သို့ ဗွီဒီယိုမိန့်ခွန်းပေးပို့ကာ ပြော ကြားခဲ့သည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်အချို့တနင်္သာရီတိုင်း ထားဝယ်မြို့သိုပ လေ ကြောင်းခရီးဖြင့် သွားရောက်၍ ဒေသခံပြည်သူတို့အား ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးမဲဆွယ် တရားဟော ကြားခဲ့သည်။

ထို့နောက် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်လျက်ရှိ သော မဲဆန္ဒနယ် ၄၈ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသ ကြီး ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်သောကြောင့် ပါတီမဲဆွယ်စည်းရုံးရေးကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁  ရက်နေ့တွင် စတင်စည်းရုံးလုပ်ဆောင်ခဲ့သည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဋ္ဌေးမောင် ခေါင်းဆောင်သော အဖွဲ့ဝင်(၁၄)ဦးပါ အဖွဲ့ သည် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက် နေ့ ညနေ ၃၀း၃၀ အချိန်တွင် ရန်ကုန်မြို့သို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ် အောင်ဆန်းစုကြည်နေအိမ်သို့ လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံးခဲ့သည်။

တွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က –

“အခုလို တွေ့ရတဲ့အခါမှာ တခါမှမတွေ့ဖူးကြပေမယ့် တော်တော်နွေးနွေးထွေးထွေးနဲ့ တရင်းတနှီးရှိပါတယ်။ မိ သားစုတွေလိုပဲ ဖြစ်တဲ့အခါကျတော့ ကျမတို့ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ အားလုံးတကယ့်သွေးရင်းညီအစ်ကို မောင်နှမ တွေလို ရှိရပါမယ်။ ပြောဆိုတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်းရှိတယ်။ ကျမတို့ အတွေးအမြင်တွေကလည်း တော်တော်တူ ပါတယ်။ တိုက်ဆိုင်မှုတွေသိပ်များတဲ့အခါကျတော့ ကျမတို့နိုင်ငံအနာဂတ်အတွက် အင်မတန်မှ ကောင်းတဲ့လက္ခဏာလို့ မြင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်အဖြစ် မြန်မာပြည်အနှံ့ (၁၈)နေ ရာသို့ သွားရောက်ခဲ့ရာ ပထမဆုံး ပြည်နယ်ခရီးစဉ်အဖြစ် ကချင်ပြည်နယ်သို့ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၃ မှ ၂၄ အထိ သွားရောက်ခဲ့သည်။ ဖေဖေါ်ဝါရီလ ၂၄ တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ကြီးနားမြို့ မနောကွင်းတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ မရောက်ဖြစ်ခဲ့သည့် မတွေ့ဖြစ်ခဲ့သည့် ကချင်ပြည်သူလူထုကို ၅၈ မိနစ်နှင့် စက္ကန့် ၄၀ ကြာ ဟောပြောခဲ့သည်။

၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့ ညတွင် မြန်မာတပြည်လုံးသို့ နိုင်ငံပိုင်ရုပ်သံ မီဒီယာမှတဆင့် ဒေါ်အောင်ဆန်းစု ကြည်၏ ပထမဦးဆုံး ရုပ်သံမိန့်ခွန်း ထုတ်လွှင့်ပြသခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်းသည် နောင် တချိန်တွင် သမိုင်းတွင်ကျစ်ရစ်ခဲ့မည့် မိန့်ခွန်းဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများနှင့်ပတ်သက်၍ အပိုင်း (၉)ပိုင်းခွဲခြား၍ ၁၅ မိနစ်အတွင်း အချိန်ကိုက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်တွင် မဲရုံပေါင်း ၁၂၉ ရုံတွင် ၁၂၈ ရုံ၌ အနိုင်ရရှိပြီး သမင်ခြံကျေးရွာတစ်ရွာသာ ရှုံးနိမ့်ခဲ့သောကြောင့် အနိုင်ရရှိမှုမှာ ၈၄ ရာခိုင်နှုန်းရှိကြောင်း အဖွဲ့ချုပ်အောင်နိုင်ရေးကော်မတီမှ ထုတ်ပြန်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ် လပ်လျက်ရှိသော ၄၅ နေရာ၌ ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အနိုင်ရရှိသောကြောင့် ၉၅ ဒဿမ ၅၆ ရာခိုင် နှုန်း အနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

ဧပြီလ ၁၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဒေါ်ခင်ကြည်၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် တည်ထောင်ထားသော ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း ရံပုံငွေမှ ကော့မှူးမြို့နယ်ရှိ ကျေးရွာသုံးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများပြုလုပ် ရန်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ပေးအပ်ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်၌ ကျမ်းကျိန်စာသားနှင့်ပတ်သက်၍ အငြင်းပွားကာ ဧပြီလ ၂၃ ရက်နေ့တွင် စတင်ကျင်းပသည့် လွှတ်တော်သို့ မရောက်ဖြစ်ခဲ့ချေ။ သို့သော် ပြည်သူတရပ်လုံး၏ဆန္ဒ မဟာမိတ်များ၏ ဆန္ဒနှင့် NLD ကိုယ်စားလှယ်များအားလုံး လွှတ်တော်တက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဒေါ်အေင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာစီးပွားရေးညီလာခံသို့ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဘန် ကောက်မြို့၌ ဆင်ခြေဖုံးတစ်နေရာရှိ စက်မှုဇုန်၌ အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် မဲဆောက်မြို့ အနီး မယ်လဒုက္ခသည်စခန်းသို့လည်း သွားရောက်၍ ဒုက္ခသည်များအား အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် ၁၉၈၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသို့ ဇွန်လ ၁၃ ရက်နေ့တွင် စတင်ထွက်ခွာကာ ဇွန်လ ၁၄ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသော အပြည် ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ညီလာခံသို့ တက်ရောက်၍ သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့သည်။ အဆိုပါညီလာခံ၌ ဒေါ် အောင်ဆန်းစုကြည်က အိုင်လယ်လ်အိုကိုယ်စားလှယ်များကို မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သော အနာဂတ်ကို ကူညီတည် ဆောက်ရန်အတွက် နိုင်ငံတကာအကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လိုက်ပြီး မြန်မာနိုင်ငံရှိ လူငယ်အလုပ်လက်မဲ့ ပြဿနာကို အလေးထားပြောဆိုသွားခဲ့သည်။

ဇွန်လ ၁၅ ရက် ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ရှိ ဆွစ်ပါလီမန်သို့ သွားရောက်လေ့လာခဲ့သည်။ ထိုနေ့မှာပင် နော်ဝေး နိုင်ငံ အော်စလိုမြို့သို့ သွားရောက်၍ နော်ဝေးဝန်ကြီးချုပ် Jens Stoltenberg နှင့် တွေ့ဆုံခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့တွင် အော်စလိုမြို့တွင် ၁၉၉၁ ခုနှစ်၌ ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆုကို လက်ခံယူပြီး မိန့်ခွန်းပြောကြားခဲ့ရာ ကမ္ဘာ့နိုင်ငံအ သီးသီးမှ ပြည်သူများ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် စာလုံးပွိုင့် ၁၂၊ အေဖိုးစက္ကူ(A-4) ၄ မျက်နှာရှိသော ဒေါ်အောင်ဆန်းစုကြည်၏ နိုဘယ်ဆု လက်ခံမိန့်ခွန်းထဲ၌-

“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေဟာ ယူနီဗာဆယ် မဖြစ်သေးတာတောင်၊ အားလုံးရဲ့ မွေးရာပါအခွင့်အ လမ်းလို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြတဲ့ခေတ်မျိုးမှာ နေထိုင်လာတဲ့အတွက် ကံကောင်းတယ်လို့ ဆိုရပါမယ်။

“… ကျမတို့နေထိုင်ရာ ကမ္ဘာကြီးကို အလုံးစုံငြိမ်းချမ်းရေးမလုပ်နိုင်သေးပေမယ့် ငြိမ်းချမ်းရေးကို ဦးတည်တဲ့ခရီး ကို ကျမတို့မသွေမဖည် ဆက်သွားရမှာပဲ။ ကန္တာရခရီးသွားရဲ့ မျက်လုံးတွေဟာ လမ်းပြကြယ်ကို မမှိတ်မသုန်ကြည့်ပြီး ကျ မတို့ ဆက်သွားနေရမှာပါ။ ကမ္ဘာမြေကြီး အကြွင်းမဲ့ငြိမ်းချမ်းရေးကို မစွမ်းဆောင်နိုင်ကြဘူးဆိုတောင်မှ လူတစ်ဦးချင်းစီက နေ တစ်နိုင်ငံချင်းစီအထိ ငြိမ်းရေးရဖို့ လုပ်ဆောင်နိုင်သမျှ လုပ်ကြရပါမယ်။ ယုံကြည်စိတ်ချမှုနဲ့ ရင်းနှီးခင်မင်မှုက လုံခြုံငြိမ်း အေးပြီး အကြင်နာတရားတွေ လွှမ်းခြုံတဲ့လူ့အသိုင်းအဝိုင်တစ်ရပ် ဖြစ်ပေါ်တည်ဆောက်လာနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။”

“… ကျမတို့ရဲ့ မြင့်မြင့်မားမား နောက်ပိုင်းရည်မှန်းချက်အနေနဲ့ဆိုရင် နေထိုင်စရာမြေမရှိသူတွေ၊ အိုးမဲ့အိမ်မဲ့တွေနဲ့ မျှော်လင့်ချက် ပျက်သုဉ်းပျောက်ဆုံးနေသူတွေ ကင်းမဲ့ရာကမ္ဘာကြီးအဖြစ် ဖန်တီးတည်ဆောက်နိုင်ကြဖို့ပဲ ဖြစ်သင့်ပါတယ်။ အဲဒီကမ္ဘာကြီးမှာ လူတိုင်းဟာ လွတ်လပ်မှု၊ ငြိမ်းချမ်းစွာ နေထိုင်ခွင့်ရပိုင်မှု၊ နေရာဒေသမရွေး တည်ငြိမ်မှုတွေ ဖြစ်လာနိုင်ကြ စေဖို့ပါ။ တွေးခေါ်မှုတိုင်း၊ စကားလုံးတိုင်းနဲ့ ပြုမူဆောင်ရွက်မှုတိုင်းဟာ ငြိမ်းချမ်းရေးအတွက် ဦးတည်ရည်ရွယ်ပါဝင်ကြတဲ့ အပြုသဘော အပေါင်းလက္ခဏာတွေ ထပ်တိုးထည့်ကြဖို့ပါ။ ကျမတို့အားလုံး တစ်ဦးချင်း၊ တစ်ယောက်ချင်းစီအနေနဲ့ ဒီလို ဖြစ်အောင် စွမ်းဆောင်နိုင်ကြပါတယ်။ လုံခြုံအေးချမ်းစွာ နိုးထလာနိုင်ကြပေမယ့် ငြိမ်းချမ်းသောကမ္ဘာကြီး ဖန်တီးတည် ဆောက်ဖို့ ကြိုးစားကြရာမှာ ကျမတို့လက်တွေ ခိုင်ခိုင်မာမာ တွဲထားကြပါစို့လား”ဟူ၍ ပြောကြားသွားသည်။

ထို့နောက် နော်ဝေးနိုင်ငံ ဘာဂျင် (Bergen)မြို့၌ ၁၉၉၁ ပြည်နှစ်က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ခဲ့သော လူ့အခွင့်အရေးဆိုင်ရာ Rafto ဆုကို လက်ခံရယူခဲ့သည်။ ယင်းနောက် အိုင်ယာလန်သမ္မတနိုင်ငံ ဒဗ်ဗလင်မြို့သို့သွား၍ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ Ambassador of Conscience ဘွဲ့ထူးကို U2 ဂီတအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဘို နိုပေးအပ်သည်ကို လက်ခံရယူခဲ့သည်။

ဆုပေးပွဲ၌ ယူတူးဂီတအဖွဲ့ခေါင်းဆောင် အိုင်းရစ်အဆိုတော် ဘိုနိုက-

“ကျနော် အရမ်းအထင်ကြီးလေးစားမိတာက အကြမ်းဖက်မှုကင်းတဲ့သူတို့ရဲ့ အနေအထားကိုပါ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ကျမှ ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့အနီးအနားမှာ စစ်ပွဲမရှိခြင်းဆိုတာထက် ကျနော်တို့အချင်းချင်း စစ်မဖြစ်ခြင်း ကို ဆိုလိုတာလို့ သဘောပေါက်မိပါတယ်”ဟု ပြောကြားသွားသည်။

ထိုမှတဖန် ဇွန်လ ၁၉ ရက်နေ့တွင် လန်ဒန်စီးပွားရေးတက္ကသိုလ်သို့ တက်ရောက်၍ စီးပွားရေးပညာရှင်များနှင့်အ တူ ၂၀ ရက်နေ့တွင် အောက်စ်ဖို့ဒ်တက္ကသိုလ် အန်ဘေးနီးယားအထိမ်းအမှတ်ဘွဲ့နှင်းသဘင်ခန်းမကြီး၌ ချီးမြှင့်ခဲ့သော ဂုဏ် ထူးဆောင်ဘွဲ့ကို လက်ခံရယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးနှင့် ဘောဂဗေဒပညာရပ်များ လေ့လာသင် ယူခဲ့သည်။ နောက်ပိုင်းတွင်လည်း တိဗက်ရေးရာပညာရှင် ခင်ပွန်းသည်မိုက်ကယ်အဲရစ္စ သားများဖြစ်ကြသော အလက် ဇန္ဒား(မြင့်ဆန်းအောင်)၊ ကင်မ်(ထိန်လင်း) တို့နှင့်အတူ အောက်စ်ဖို့ဒ်၌ပင် နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ခဲ့သည်။ ယခုဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ၁၉၉၃ ခုနှစ်ကတည်းက ရရှိသော်လည်း စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ်ချထားမှုကြောင့် ယခုမှ ကိုယ်တိုင်တက်ရောက်ရယူနိုင်ခြင်းဖြစ်သည်။ သူနှင့်အတူ ဘွဲ့ယူသူစုစုပေါင်း (၈)ဦးရှိရာ ဒေါ်အောင်ဆန်းစုကြည် စင်မြင့်ထက်တက်၍ တက်ရောက်လာကြသော ပရိသတ်အားလုံးက မတ်တတ်ရပ်ပြီး အချိန်ကြာမြင့်စွာ လက်ခုပ်သြဘာ ပေးခဲ့ကြသည်။

ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ထင်ရှားကျော်ကြားသူများကိုသာ ဂုဏ်ပြုချီးမြှင့် ဘွဲ့အပ်နှင်းလေ့ရှိသည်။

ဇွန်လ ၂၁ ရက်နေ့တွင် ဗြိတိသျှပါလီမန်၌ သမိုင်းဝင်မိန့်ခွန်းမပြောကြားမီ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်ဝန် ကြီးချုပ် ဒေးဗစ်ကင်မရွန်းအား နာမည်ကျော် အမှတ် ၁၀၊ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်၌ သွားရောက်တွေ့ဆုံပြီး ပူး တွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်အား “ခွန်အားသတ္တိနှင့် မျှော် လင့်ချက်တို့၏ ဂလိုဘယ်သင်္ကေတ”ဟု တင်စားသုံးစွဲခဲ့ပြီး ၂၄ နှစ်ကျော်ကာလအတွင်း အင်္ဂလန်ပြည်သို့ ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့ခြင်းကို ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

ထိုနေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးသို့ သွားရောက်၍ ဝန်ကြီးဝီလျံဟိဂ်နှင့် တွေ့ဆုံခဲ့သလို ဗြိတိသျှအိမ်ရှေ့စံဝေလမင်းသား ချားလ်နှင့် ကြင်ယာတော်တို့ကို ကလားရင့်စ်စံတော်အိမ်၌ သွားရောက် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ၁၁ ရာစုနှစ်ကတည်းက တည်ဆောက်ခဲ့ပြီး သက်တမ်းနှစ်ပေါင်း ၉၀၀ ကျော်ရှိ ဝက်စ်မင်စတာနန်း တော်ကြီး၌ တည်ရှိသော ဗြိတိသျှအထက်နှင့် အောက်လွှတ်တော် နှစ်ရပ်စုပေါင်းထားရာ House of Commons ခေါ် ဗြိတိ သျှပါလီမန်၌ သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့သည်။ ယခုကဲ့သို့ ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောခဲ့ဖူးသော အမျိုးသမီးဟူ၍ ဒုတိယမြောက်အယ်လ်လီဇဘက်စ် ဘုရင်မကြီးသာရှိသည်။ အာရှတိုက်သား မြန်မာဦးသန့်သည် မိန့်ခွန်းပြောကြားခဲ့ဖူး သော်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးအဖြစ် (ထိုစဉ်ကလ မ္ဘာလိုအပ်ချက်အရ) ပြောခဲ့ခြင်းဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဗြိတိသျှပါလီမန်၌ မိန့်ခွန်းပြောခွင့်ရသော ဗြိတိသျှနိုင်ငံသား မဟုတ်သူ၊ နိုင်ငံတကာအထင်ကရပုဂ္ဂိုလ် ၄ ဦးသာရှိပြီး၊ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ ၁၆ ဆက်မြောက်ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်၊ တောင်အာဖရိက သမ္မတ နယ်လ်ဆင်မင်ဒဲလားနှင့် ပြင်သစ်သမ္မတ ချားလ်ဒီဂေါတို့သာရှိသည်။ ဗြိတိသျှပါလီမန်၏ အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘားကောင်းက ဒေါ်အောင်ဆန်းစုကြည်အား “တိုင်းနိုင်ငံတစ်ခု၏ ယုံကြည်ချက်နှင့် လူသားဖြင်အင်အတွက် ပမာပြုရ မည့်သူရဲကောင်း”ဟူ၍ တင်စားသုံးနှုန်း မိတ်ဆက်စကားပြောကြားသွားသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ-

“မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ပြန်လည်ထူထောင်ဖို့ ကျမတို့မှာ အခွင့်အလမ်းတစ်ရပ်ရှိလာပါပြီ။ ဒါဟာ ဆယ်စုနှစ်ချီပြီး ကျမတို့ စောင့်စားခဲ့ရတဲ့ အခွင့်အရေးပါ။ ဒီလိုအခွင့်အရေးကိုသာ ကျမတို့ အသုံးမချရင်၊ ဒီအချိန်လေးမှာမှ ဒီအခွင့်အရေးရမလာရင် ဒီလိုအခွင့်အရေးမျိုးရလာဖို့ ဆယ်စုနှစ်တွေပိုပြီး ကြာနေဦးမှာပဲ”ဟူ၍ ပြောကြားခဲ့သည်။

ဇွန်လ ၂၆ ရက်န့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံပါရီမြို့သို့ လန်ဒန်မြို့မှ ရေလက်ကြားဖြတ် အ မြန်ရထားဖြင့် သွားရောက်ခဲ့ရာ ပါရီမြို့တွင် ပြင်သစ်ဖွံ့ဖြိုးရေးဝန်ကြီးအဖွဲ့က ကြိုဆိုခဲ့သည်။ ထိုနေ့ညနေပိုင်းမှာပင် ပြင် သစ်သမ္မတ ဖရန်ဆွာအော်လန်းနှင့်တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ လက်ရှိမြန်မာနိုင်ငံရေး အခြေအ နေများနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က-

“တကယ့်ဒီမိုကရေစီအခြေခံဆိုတာ လူထုပါ။ ဒါကြောင့် လူထုကို စွမ်းရည်မြှင့်တင်ပေးမယ့် အကူအညီမျိုးတွေ လို အပ်ပါတယ်။ ပြည်သူလူထုရဲ့ လုပ်နိုင်စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ့်အကူအညီမျိုးတွေ၊ အခွင့်အလမ်း သစ်တွေ ဖန်တီးပေးမယ့် အကူအညီမျိုးတွေ လိုအပ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ထို့အပြင် နိုင်ငံတကာ အကူအညီများနှင့် ပတ်သက်၍-

“ရင်းနှီးမြှုပ်နှံမှုအားလုံးကို ကျမလက်ခံတယ်လို့တော့ မပြောနိုင်ပါဘူး။ ကျမတို့လိုချင်တာကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီမိုကရေစီကို အထောက်အကူပြုရမယ်။ လူ့အခွင့်အရေးကို အထောက်အကူပြုရ မယ်။ သဘာဝပတ်ဝန်းကျင်းနဲ့ လူ့အခွင့်အရေးကို ထိန်းသိမ်းကာကွယ်မယ့်ကျင့်ဝတ် အပြည့်အဝ စောင့်စည်းမယ့်အခြေခံ ပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ပါ”ဟူ၍ ပြောဆိုသည်။

ယင်းနာက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်သည် ဥရောပငါးနိုင်ငံသို့ အစိုးရများ၏ ဖိတ်ကြားချက်အရ ၁၈ ရက်ကြာ ခရီးလှည့်လည်သွားရောက်ခဲ့ပြီး နောက် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထိုင်းနိုင်ငံမှတ ဆင့် ပြန်လည်ရောက်ရှိလာခဲ့သည်။

ဇူလိုင်လ ၉ ရက်နေ့တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့အစီအစဉ်ကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ခန်းမတွင်လည်းကောင်း၊ ပထမအကြိမ်အမျိုးသားလွှတ်တော် အစည်းအဝေးကို အမျိုး သားလွှတ်တော်ခန်းမတွင် ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည် တက်ရောက်၍ လွမ်းသူ့ပန်းခွေချအလေးပြု၍ ဂါရဝပြုခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသစ်ကို ဖွဲ့စည်းလိုက်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရွှေမန်းက လွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဝင်များမှာ –

(၁) ဒေါ်အောင်ဆန်းစုကြည် (ကော့မှူးမဲဆန္ဒနယ်)             – ဥက္ကဋ္ဌ

(၂) ဦးဝင်းမြင့် (ပုသိမ်မဲဆန္ဒနယ်)                                                – အတွင်းရေးမှူး

(၃) ဦးမန်းမောင်မောင်ဉာဏ် (ပန်းတနော်မဲဆန္ဒနယ်)                     – အဖွဲ့ဝင်

(၄) ဦးမင်းဆွေ (ဒိုက်ဦးမဲဆန္ဒနယ်)                                               – အဖွဲ့ဝင်

(၅) ဒေါ်ဒွဲဘူ (အင်ဂျန်းယန်မဲဆန္ဒနယ်)                             – အဖွဲ့ဝင်

(၆) ဦးစိုင်းထွန်းစိန် (မိုင်းပြင်းမဲဆန္ဒနယ်)                          – အဖွဲ့ဝင်

(၇) ဒေါက်တာရိုအုပ် (မတူပီမဲဆန္ဒနယ်)                            – အဖွဲ့ဝင်

(၈) ဦးခင်မောင်မြင့် (ဇီးကုန်းမဲဆန္ဒနယ်)                           – အဖွဲ့ဝင်

(၉) ဒေါ်မိယဉ်ချမ်း(ကျိုက်မရောမဲဆန္ဒနယ်)                                  – အဖွဲ့ဝင်

(၁၀) ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေမဲဆန္ဒနယ်)                                 – အဖွဲ့ဝင်

(၁၁) ဒေါ်ခင်စောဝေ (ရသေ့တောင်မဲဆန္ဒနယ်)                 – အဖွဲ့ဝင်

(၁၂) ဦးနယ်လ်ဆင်(ခ)ဦးဆောင်ဆီ (ကျောက်မဲမဲဆန္ဒနယ်)           – အဖွဲ့ဝင်

(၁၃) ဦးသိန်းညွန့် (သင်္ကန်းကျွန်းမဲဆန္ဒနယ်)                                 – အဖွဲ့ဝင်

(၁၄) ဒေါက်တာဇော်မြင့် (ကျောက်ပန်းတောင်းမဲဆန္ဒနယ်) – အဖွဲ့ဝင်

တို့ဖြစ်ကြသည်။

            မည်သို့ဆိုစေ “Resistance; Toward a Freedom Burma” စာအုပ်ကို ရေးသားခဲ့သော Stephene Hessel နှင့် Frederic Debomy တို့က ဒေါ်အောင်ဆန်းစုကြည်အား “သံမဏိလိပ်ပြာ”ဟု တင်စားခေါ်ဝေါ်ခဲ့ပြီး “သူမ၏လူ့အခွင့်အရေး နှင့် နိုင်ငံသားအခွင့်အရေးများအတွက် ချဉ်းကပ်ပုံမှာ တဆင့်ပြီးတဆင့် ပုံမှန်သာဖြစ်ပြီး အကြမ်းမဖက်သည့် ပုံစံမျိုးဖြစ် သည်။ သို့သော် နူးညံ့ပျော့ညံ့သော ပုံစံမျိုးမဟုတ်ဘဲ ဇွဲသတ္တိကောင်းစွာဖြင့် ပြုလုပ်ခြင်းသာဖြစ်သည်။ ဤသည်မှာ သူမထံ မှ ကျနော်တို့ လေ့လာစရာများ ရရှိခဲ့ပါသည်”ဟု ရေးသားဖော်ပြထားလေသည်။

ထိုနည်းတူစွာ လန်ဒန်မြို့မှထုတ်ဝေသော ဖိုင်နယ်ရှယ်တိုင်းစတင်းစာကြီး၏ ခေါင်းကြီးပိုင်းတွင်လည်း “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာသော ဒေါ် အောင်ဆန်းစုကြည်သည် ယခုအခါ နိုင်ငံတကာနယ်ပယ်သို့ ဆွေးနွေးနေသည့်ပုံစံမှာ အစိုးရနှင့် အတိုက်အခံပုဂ္ဂိုလ်အနေ အထားထက် အမျိုးသားခေါင်းဆောင်အသွင်ကို ပို၍ဆောင်လာသည်”ဟူ၍ ရေးသားဖော်ပြခဲ့လေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

2 thoughts on “သမိုင်းတကွေ့မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (Than Win Hlaing)
  1. ခုနှစ်ဖော်ပြချက်များမှာ .. မှားယွင်းနေပါသည် ။ ကျေးဇူးပြုပြီး ပြန်လည်ပြင်ဆင်ပေးကြပါ။

  2. Thank you so much Ko Than Win Hlaing, for collecting and presenting the facts about Daw Suu and presenting a short and sweet file about our leader.

Comments are closed.