ကဗျာ

Black list ကို Black coffee လို အငမ်းမရသောက်နေတဲ့ (၂၄) နှစ်

အောင်ခိုင်မြင့်
စက်တင်ဘာ ၁၀၊ ၂၀၁၂

အိမ်အလွမ်းဒဏ်ရာကို အနာလည်းရှိ ဆေးလည်းသိရဲ့သားနဲ့
မေ့ဆေးပေးပြီးမကုပဲ ပစ်ထားခဲ့တာ ကြာပြီ …။
မျှော်နေမဲ့အမေအိုဟာ တရားဓမ္မနဲ့မွေ့လျော်ရမဲ့အစား
သားပျောက် သမီးပျောက်ရှာရင်း၊ သောကမီးတောက်နဲ့ ဗျာများနေမယ်မှန်းလည်း သိတယ် ..
ဒါပေမဲ့ အမှန်တရားကိုရှာရင်း အမှားတရံကို ဖိနပ်လိုစီးတဲ့ (၂၄) နှစ်……။

ခွဲခွာခဲ့ အလင်းမဲ့အတိတ်ရထားကို ပြန်စီးစဉ်
လူမြင်မခံဝံ့တဲ့ မျက်ရည်တွေ သွေးတွေ သမိုင်းစာမျက်နှာပေါ် မြစ်လိုစီးဆင်း
ယုံကြည်ချက် ဒုက္ခတွေနဲ့ စီးချင်းထိုး ဘ၀တိုက်ပွဲ
မတရား ဆုံးရှုံးမှုများ ဥပဒေမဲ့တောလမ်းပေါ်မှာပြန့်ကျဲခဲ့တယ် ….။
လူငယ်ဘ၀တွေ တောနက်နက်မှာ စတေးခဲ့တာတောင်
မျက်နှာကို တံတွေးထွေးခံရတဲ့ (၂၄) နှစ် …။

ကြယ်ရောင်ပျောက် ကောင်းကင်အောက် အမှောင်ကျေးလက်
ဗန်ဂိုးပန်းချီကားလို အနုပညာ တန်ဖိုးကြီးပြီး လှပဆဲ ..စိတ်ထဲ
ကွဲကွာခဲ့ မြို့ပြက ကျောက်ပတ်တီးအဖွေးသားနဲ့
အရင်လိုပဲ မိုနာလီဇာလို ဟန်ဆောင် ပြုံးကောင်းတုန်း…
နုပျိုဆဲ အားမာန်တွေ ဓားတစ်လက်လို အသွားထက်ခဲ့ (၂၄) နှစ်…။

အဝေးမှာ အတားအဆီးများ သွေးပင်လယ်လိုကာစီး
မရင့်ကျက်တဲ့အတွေးအခေါ်တွေ မုန်တိုင်းမိလှေငယ်လို လှုပ်လူးနေတယ် …။
အနီးမှာ အနှောက်အယှက်များ မီးတောင်တန်းလိုပိတ်ဆို့
ကိုယ်ကျိုးကြည့် အတ္တလူတွေ အတောင်ကျိုးငှက်လို သိုက်မြုံပြန်တယ် ….။
ချုပ်ရိုးပြဲ ဘောင်းဘီလိုမ၀တ်ပဲ ပစ်ထားခဲ့ချင်ပြီ (၂၄) နှစ်…။

ညနက်နက်မှာ ရှားဖဲကိုစောင့်ရင်း စိတ်မရှည်ပဲ ထဆဲကြတော့
မျက်မှန်စိမ်းတပ်ထားတဲ့ညီညွတ်ရေးဟာ သွေးအားနည်း
သပ်လျှိုသလို အပေါ်ယံဆက်ဆံရေးတွေနဲ့ မပြောင်းမလဲ သွေးခွဲ
အမေ့ကိုချစ်ပေမဲ့ အဝေးရောက်သားရဲ့အတွေးဂယက်မှာနစ်ဆဲ
လူ့အခွင့်အရေးထက် ကိုယ့်အခွင့်အရေးတောင်းတဲ့သူတွေ မရှိတဲ့တစ်နေ့
သေနတ်သံတွေတိတ်မှ သား အိမ်ပြန်အိပ်တော့မယ်အမေ…..
ငြိမ်းချမ်းရေးချိုးငှက်တွေ နာဖျားခဲ့တဲ့ (၂၄) နှစ်…။

ဥပဒေကို ပြုစုရမဲ့အစား Black list ကိုပြုစုရင်း အချိန်ဖြုန်းခဲ့
Black list ကို Black coffee လို အငမ်းမရသောက်နေတဲ့ (၂၄) နှစ်..။

(၈.၈.၈၈ ) ဒီမိုကရေစီ လူထုတော်လှန်ရေးမှ (၂၄) နှစ်တိုင် သိပ်ချစ်သောအမိမြေနဲ့ မိခင်ကိုခွဲခွာပြီး ယနေ့တိုင် အိမ်မပြန်ဖြစ်သော ဘ၀ တူများအတွက်၊ အထူးသဖြင့် ဒီမိုကရေစီတိုက်ပွဲမှာ အသက်ပေးပြီး အမိမြေနဲ့ မိခင်ကို ထာဝရခွဲခွာသွားသော သူရဲကောင်းများအတွက်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts