ကမာပုလဲ

ခုဆို ကျနော် … တကယ်အိမ်ပြေး (၂)

ကမာပုလဲ
စက်တင်ဘာ ၉၊ ၂၀၁၂
ဒီတခါ အိမ်ကနေပြေးတော့ ခုချိန်ထိ မပြန်နိုင်တော့ဘူး။ ဘာလဲ မင်းနောင်တတွေ၊ ဘာတွေ ရနေလို့လားလို့မေးလာရင် ဟင့်အင်းလို့ပဲ ဖြေမှာပဲ။ မှားမှား မှန်မှန် ခေါင်းမာနေမယ့်ကောင်လို့ပြောရင်လည်း ပြောစေတော့။ တကယ်က ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို လူဟာ သူ့ယုံကြည်ချက်နဲ့ သူ၊ သူ့ဘ၀နဲ့ သူ၊ သူ့အဘိဓမ္မာနဲ့သူ မဟုတ်ပါလား။ နို့ … ကမ္ဘာကြီးကိုယ်တိုင်က သူ့သဘော သူဆောင်နေတာလေ။

၈၈၈၈ အရေးတော်ပုံကြီးကိုဖြတ်သန်းလိုက်ရတဲ့အခါ လူက အရင်ကနဲ့မတူတော့ဘူး။ အချိုးတွေပြောင်းကုန်တယ်ပေါ့။ မဖတ်ဖူးတဲ့ စာအုပ် တွေ ရှာဖွေဖတ်လာတယ်။ မကြားဖူးတဲ့စကားတွေ ကြားလာတယ်။ မပြောဖူးတဲ့စကားတွေ ပြောတတ်လာတယ်ပေါ့။ အမေဆို ည ည အိပ်မ ပျော်တော့ဘူး။ ညကြီး မင်းကြီး ခြေသံတွေ၊ လူသံတွေများလာရင် သူ့ချောင်းဆိုးသံ ကြားရတော့တာပဲ။ သူ့သားကို ထ ထ ကြည့်ရတာလဲ အလုပ်ကြီး တလုပ်ဖြစ်လာတယ်။ ထားပါလေ … ဒါတွေပြောနေရင် ရှည်ပါတယ်။

တနေ့ သူတို့မြို့ကလေးမှာ နွေခေါင်ခေါင်ကြီး မိုးကြီးတမ ထရွာတယ်။ သင်္ကြန်ကြိုတဲ့မိုးလို့ပြောရအောင်လဲ သင်္ကြန်လကို မရောက်သေးဘူး။ အဝေးကြီးလိုသေးတာ။ ဆိုတော့ ရာသီက နွေရာသီ။ ပူတာကလည်း မဆလ၊ န၀တရဲ့ တောမှန်သမျှ မီးသွေးဖုတ်စေ ပေါ်လစီကြောင့် ရေငံ ဆုတ်ပြီး အရှင်လတ်လတ်ကို အညာအရပ်ဖြစ်နေတာ။ ညတွေဆို သန်းခေါင်ကျော်မှ အိပ်နိုင်တော့တယ်။ ပူလွန်းလို့ …။

မနက်ကျတော့ ထုံးစံအတိုင်း လက်ဘက်ရည်ဆိုင်ကို ယွန်းတယ်ပေါ့။ အိမ်နဲ့ ထိုင်နေကျ လက်ဘက်ရည်ဆိုင်က မြို့ရဲ့ တောင်နဲ့ မြောက်လေ။ တောဈေးတန်းကလေးကို ဖြတ်သွားရတယ်။ အဲဒီလိုဖြတ်အသွားမှာ လူက ထူးထူဆန်းဆန်း မိန်းမတယောက်ကို မြင်လိုက်ရတာပဲ။ သြော် … ဈေးကိုဖြတ်သွားတယ်ဆိုမှ မိန်းမတွေ တယောက်မက အများကြီးပေါ့။ ဒါပေမဲ့ ဒီမိန်းမကထူးတယ်။ ဆိုပါဦး ထူးတယ်ဆိုတော့ နတ်သမီး တမျှ လှနေလို့လားပေါ့။

မိန်းမက ကလေးအမေပါ။ သူ့တကိုယ်လုံးမလဲ ဆနွမ်းတွေက ၀ါထိန်လို့။ ပဒုံမာ အင်္ကျီလက်ရှည်အစုတ်ကို နွမ်းဖတ်နေသေးတယ်ဗျာ။ ရင်ခွင်ထဲမှာက မွေးကင်းစကလေးနီတာရဲလေး။ နို့စို့လို့။ သေချာတယ်။ ဒီမိန်းမ မီးထွက်ခါစပဲ။ လမ်းက မြေလမ်းပဲပြောရမယ်။ ကတ္တရာ လမ်းလို့သာ အမည်ခံထားတယ် ကတ္တရာ ကျောက်ပေါက်မတွေက ဆိုက်ကားတစီးစာတောင် ယိမ်းထိုးလို့သွားရတယ်။ သူမက လမ်းဘေးမှာ ၀ါတာဖလူး အစုတ်ပိုင်းကလေးခင်းပြီး ခေါင်းငုံ့ထိုင်နေတာ။ သူ့ဘေး ဘယ်ညာမှာက တောကတက်လာတဲ့ ဟင်းရွက်ကန်စွန်းသည်တွေ။ သူ့ရှေ့မှာ ကော်ရေခွက် ခပ်လပ်လပ်အရွယ် အစုတ်တလုံးကိုချလို့။ ပိုက်ဆံတောင်းနေတာလေ …။

ငယ်ငယ်ကလေးထဲက သူတောင်းစားတွေ မြင်ခဲ့တာပဲ။ ကလေး၊ လူရွယ်၊ အိုကြီး အိုမ အစုံပါပဲ။ ဒါပေမဲ့ ဒီမြင်ကွင်းကျတော့ တမျိုးဖြစ်နေတယ်။ ဆန်းနေတယ်။ ထူးနေတယ်။ မစဉ်းစားဘဲ၊ မတွေးဘဲကို စိတ်က မနေနိုင်တော့ဘူး။ အိမ်မှာ အမတွေ ကလေးမွေးတာတွေ ကြုံဖူးနေတော့ မီးဖွားပြီးစ မိခင်တွေဆိုတာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ဘယ်လိုစားရ သောက်ရမယ်ဆိုတာ ယဉ်ပါးအောင် သိနေခဲ့တာ။

“သူတောင်းစားဆိုတာ ဒီအတိုင်းပဲ … မသနား သနားအောင်လုပ်တတ်တယ်” ငယ်ကတည်းက ကြားနေကျစကား။ မဟုတ်သေးပါဘူးလေ။ အချိန်အခါမဲ့ မိုးကြောင့် အပူငွေ့နဲ့ ဖုတ်ငွေ့တွေက လမ်းပေါ် တံလှပ်ထနေတာ။ မီးနေသည်မိန်းမဟာ ၄ လအထိလား၊ ၆ လအထိဆိုလား ဆပ်ပြာတောင်ကိုင်ရတာ မဟုတ်ဘူး။ သွေးနုသားနုဆိုတော့ ရောဂါမျိုးစုံဝင်သွားနိုင်တာ။ လိမ်ညာနေရအောင်ကလည်း သူ့ရင်ခွင်ထဲက နီတာရဲကလေးက သက်သေခံနေတယ်။ နို့ကိုစို့နေတာလည်း နွားငတ်ရေကျစို့နေတာ။ အာ … လူကောင်းတောင် ဒီလိုအပူဟပ်နေတဲ့ လမ်း မှာ လမ်းသွားလမ်းလာ လုပ်ရင်းနဲ့ကို ဖျားနိုင်၊ နာနိုင်တာ။ ဒီမိန်းမ သေသွားနိုင်တယ်။ မသေတောင် ….

လက်ဘက်ရည်ဆိုင်ရောက်တော့ အရူးတယောက်လို ပေါက်ကွဲတော့တာပဲ။ ၀ိုင်းထဲက သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက ဒီကောင် ကြောင် သွားပြီဆိုပြီး ကြည့်ကြတယ်။ ကျောင်းတော်ကပြန်လာတာ သိပ်မကြာသေးဘူးမလား။ ဒါမျိုးက ဖြစ်တတ်တယ်ဆိုတဲ့အကြည့်မျိုးတွေနဲ့ ၀ိုင်း ကြည့်နေကြတယ်။ ဒီတော့ ပိုပေါက်ကွဲတယ်။ ဆိုင်ထဲဆိုတော့ အကျယ်ကြီးပြောလို့မဖြစ်။ ကြိတ်ပေါက်ကွဲနေတာ။

“ကျနော်တို့ ရှက်ဖို့ကောင်းတယ်ဗျာ။ ကျနော်တို့ လူ့အဖွဲ့အစည်း၊ ကျနော်တို့ ရပ်ကွက်၊ ကျနော်တို့နိုင်ငံ သိပ်ရှက်ဖို့ကောင်းတယ်။ ဒီမိန်းမကို လူတွေ ဒီအတိုင်းပစ်ထားနိုင်ကြသလား။ ဒီမိန်းမ လိုတဲ့ငွေစအနည်းအကျင်းကို ကျနော်တို့ မထောက်ပံ့နိုင်ဘူးလား။ ဒါ သူတောင်းစား မ ဟုတ်ဘူးဗျ။ ဒီမိန်းမ သူတောင်းစားမဟုတ်ဘူး။ ဒီမိန်းမဟာ ကျနော့်အမဗျ။ ကျနော့်အမေဗျ။ ကျနော်တို့မြို့ဗျ … ကျနော်တို့ နိုင်ငံဗျ …” ကြိတ် ကျနေတဲ့ မျက်ရည်တွေနဲ့ ရှိုက်ကြီးတငင် ငိုခဲ့တယ် …။ တ၀ိုင်းလုံးလဲ တိတ်ဆိတ်ကြေကွဲ …။

သခင်ကိုယ်တော်မှိုင်း ဖတ်တယ်။ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ သခင်မြသန်း … ဒဂုန်တာရာ စတဲ့ စာရေးဆရာကြီးတွေရဲ့ စာတွေဖတ် တယ်။ ကဗျာတွေ ဖတ်တယ်။ သမိုင်းတွေ ဖတ်တယ်။ ဖတ်ရင်းကမှ သမိုင်းကို သိလာတယ်။ အစိုးရဆိုတာကို သိလာတယ်။ နိုင်ငံတော် ဆိုတာကို သိလာတယ်။ နိုင်ငံရေးဆိုတာ ခံစားရလာတယ်။ တော်လှန်ရေးဆိုတာ … ရင်ခုန်တတ်လာတယ် …။ တကယ့်တကယ် ယုံကြည် ရာကိုလုပ်ဖို့ကျတော့ နှာစေးသလိုလို … ခေါင်းမူးသလိုလိုနဲ့ တွန့်နေတယ်။ ၀င်းမော်ဦးဓါတ်ပုံကလေးမြင်တော့ ကိုယ့်ကိုယ်ကိုယ် မင်းဘာ ကောင်လဲလို့ မေးမိလာတယ်။ အဲဒီ မီးနေသည်မကိုတွေ့တော့ လူက ထိတ်လန့်ခြောက်ခြားသွားတာ အရူးလိုပါပဲ …။

ဆုံးဖြတ်လိုက်တယ်။ သွေးပူတာလား။ သူများတွေလုပ်လို့ မင်းလိုက်လုပ်ချင်တာလား။ ပေါ်ပြူလာလား … ဘာလား … ညာလား ကိုယ့် ကိုယ်ကိုယ် စိတ်ကြိုက် တည်တည်ငြိမ်ငြိမ် စစ်ဆေးတယ်။ သေချာတယ်ဆိုမှ ဆုံးဖြတ်တယ်။ ဆုံးဖြတ်ချက်နောက်မှာ ပိုင်းဖြတ်ချက် ခရီးရှည် က အသင့်စောင့်နေတယ်။ ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာ အမေ့ကို အမှန်အတိုင်းပြောလို့ဖြစ်မလား။ ဘယ်သူ့ကိုမှ ပြောလို့မဖြစ်တဲ့ အရာ။ ဒါပေမဲ့ အမေက `နင့်ကို ငါမွေးထားတာပါဟယ်´ ဆိုတဲ့အကြည့်နဲ့ ကြည့်တယ်။ သူသိတယ်ပေါ့။ တအိမ်လုံးလဲ ရိပ်မိပါတယ်။ ဒါပေမဲ့ ဒါမျိုးက ဖွင့်မေးလို့မှမကောင်းတာ။ သိသာသိစေ မသိသလိုနေပေါ့ … ဟုတ်လား။

ဒီတော့ အိမ်ကနေ စနစ်တကျခရီးထွက်ခဲ့တယ်။ ဘယ်တော့ ပြန်လာမလဲလို့ ဘယ်သူကမှ မမေးဘူး။ အဖေနဲ့ အမေကို ထိုင်ကန်တော့တယ်။ အဖေက သက်ပြင်းချပြီး သူစုထားတဲ့ ငွေစကြေးစကလေးတွေ ထပြီး ထုတ်ပေးတယ်။ အမေကတော့ စိတ်ပုတီးကို စိပ်ချင်ယောင်ဆောင် နေတယ်။ သိတာပေါ့ သူ့မျက်ရည်တစ ပုတီးပေါ် ပြုတ်ကျလာတာ။ ဒါကို မမြင်ချင်ယောင်ဆောင် သက်ပြင်းကြိတ်ချပြီး အိမ်ရှေ့လှေကားကနေ ဆင်းထွက်လာခဲ့တယ်။

ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာ အမှန်အတိုင်းပြောခဲ့တဲ့ခရီးမဟုတ်တော့ ဒါဟာလည်း အိမ်ပြေးတာပဲပေါ့။ ကျနော်အိမ်ပြေး။ အမေသေ တာလည်း နောက်ကျမှသိရတယ်။ ထားပါလေ … ဒီတခါ အိမ်ကပြေးတာတော့ တကယ်ကိုပြေးတာ။ ခု … ဖြစ်နေ၊ ပျက်နေတဲ့ လေထု အခင်းအကျင်းတွေအရဆိုရင် အိမ်ကို တော်တော်နဲ့ပြန်ဖြစ်မှာ မဟုတ်ဘူး။ ဘာလဲ … ကြေကွဲနေသလားလို့မေးလာခဲ့ရင် …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts