ရေခြားမြေခြား မြန်မာများ

သက်ဆိုင်သူလေသိပါစေတော့ (Ashin Osadha)

သက်ဆိုင်သူလေသိပါစေတော့

အရှင်သြသဓ (ဓမ္မာနန္ဒဝိဟာရ)၊ စက်တင်ဘာ ၈၊ ၂၀၁၂

          ဆွမ်းမစားခင် နံနက်တိုင်း ဆွမ်းတော်ကပ်လှူခဲ့တာ ကြာပါပြီ။ ထုံးစံအတိုင်း နံနက်မှာ ဆွမ်းတော်ပွဲလေး ယူလာ တော့ ဘုရားစင်ရှေ့မှာ စာရွက်ပြာပြာလေးတစ်ရွက် တွေ့ပါတယ်။ မနေ့က(သြဂုတ် ၂၆-ရက်နေ့က) စာရေးသူတို့ ဓမ္မာနန္ဒကျောင်း နိဗ္ဗာန်ဈေးပွဲမှာ လိုက်ဝေနေတဲ့ လက်ကမ်းစာရွက်ကလေးပါ။ တစ်ယောက်ယောက်က ဘုရားဝတ်ပြုရင်း အပြန်မှာ မေ့သွားတာနဲ့ တူပါတယ်လို့ ဆိုပြီး ကိုယ်လုပ်စရာလေး ဆက်လုပ်နေလိုက်မိပါတယ်။

 ဒီနေ့မနက်တော့ ခါတိုင်းလို ဆွမ်းတော်တင်ပြီးပြီးချင်း ကြမ်းပြင်ပေါ်ကို ဦးမချဖြစ်သေးပါဘူး။ ကြည်လင်အေးမြ တော်မူလှတဲ့ ဘုရားရှင်ရဲ့ မျက်နှာတော်ကို တစိမ့်စိမ့်ကြည့်ရင်း ဖူးနေမိပါတယ်။ ဘုရားရှင်ရဲ့ အငြိမ်းဓာတ်ဟာ မိမိစိတ်ထဲ ကိုပါ ကူးစက်ပြီး ရောက်လာသလို ခံစားမိလိုက်ပါတယ်။ ကိလေသာ အညစ်အကြေး ကင်းဝေးစင်ကြယ်တော်မူပြီး ပကတိ တည်ငြိမ်အေးချမ်းတော်မူတဲ့ သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ မျက်နှာတော်ကို ဖူးရသလိုမျိုး ခံစားမိပါ တယ်။

ဆင်းတုတော်ကို ဖူးရတာသည်ပင် သည်မျှ အေးချမ်းမှုကို ဖြစ်စေပါတယ်။ ကျွန်ုပ်တို့လို ပုထုဇဉ်တွေမှာတော့ အာရုံတွေ ရိုက်ခတ်လာတိုင်း သတိလွတ်တာနဲ့ အပူသောကတွေက နှိပ်စက်ကြတော့တာ မဟုတ်လား။ ဘုရားရှင်မှာတော့ ဒီလိုအပူတွေ မရှိတော့ ပကတိ ကြည်လင်အေးချမ်းနေတာပေါ့။ ဒါကြောင့် မြတ်စွာဘုရားနဲ့ ဥပကတက္ကတွန်းကြီးတို့ လမ်းမှာတွေ့ကြတော့ ဥပကကြီးက-

          “ငါ့ရှင်…..သင့်ကိုကြည့်ရတာ ဣနြေ္ဒတွေကလည်း တကယ့်ကို ကြည်လင်လှပါတကား။ အသားအရေတွေကလဲ ကြည်လင်ရွှန်းမြ တောက်ပပြီး အရောင်တွေတောင် ထွက်နေတာဘဲ။ သင့်ဆရာက ဘယ်သူလဲ။ ဘာတရားတွေများ ကျင့်ကြံပါသလဲ”

လို့ ဘုရားကို ဘုရားမှန်းမသိရှာတော့ ဒီအတိုင်း မေးခဲ့တာပေါ့။ ဒီတော့ မြတ်စွာဘုရားက-

          “ဥပက….ငါဟာ တရားအားလုံးကို သိတော်မူပြီးပြီ။ အရာအားလုံးကိုလည်း စွန့်လွှတ်ပြီးဖြစ်လို့ ငါ့မှာ ကပ်ငြိ တွယ်တာမူဆိုတာ မရှိတော့ဘူး။ ဒါကြောင့် ငါ့စိတ်ဟာ ကိလေသာအနှောင်အဖွဲ့က ကင်းလွတ်ပြီးပြီ။ အပူခပ်သိမ်း ငြိမ်းပြီးလို့လည်း ငါ၏ ရုပ်အသွင်ဟာ ကြည်လင်ရွှင်ပျ ပကတိ ငြိမ်းအေးနေတာပေါ့”

လို့ ဖြေလိုက်ပါတယ်။ ဥပကတက္ကတွန်းကြီးကို ဘုရားရှင်ဖြေလိုက်တဲ့ ဒီအဖြေစကားလေးကိုလည်း ပြန်လည်ပြီး စိတ်ထဲ စဉ်းစားမိနေပါတယ်။

“အင်း…..ကိလေသာကင်းစင်တဲ့ တကယ့်ဘုရားရှင်ကို မဆိုထားနဲ့ တည်ငြိမ်ခန့်ငြားပြီး သပ္ပါယ်လှတဲ့ ဒီဆင်းတု တော်ကို ဖူးရတာနဲ့တောင် စာရေးသူရဲ့စိတ်ကို အငြိမ်းဓာတ်က ကူးစက်လာသေးတာဘဲ။ အရှင်ဘုရားကို ဖူးမြင်ရတဲ့ သူတိုင်းဟာ ဒီလို စိတ်ချမ်းသာမှုတွေကို ခံစားကြရပါတယ် ဘုရား။ ဒီဆင်းတုတော်လှူသူ ဘုရားဒကာကလဲ တစ်စုံ တစ်ယောက်သော သူဟာ မတရားမှုတွေ, ဖိနှိပ်ချုပ်ချယ်မှု အနှောင်အဖွဲ့တွေကြားမှာ ရောက်နေလို့ အဲဒိ မတရားတဲ့ အနှောင်အဖွဲ့တွေကနေ အမြန်ဆုံး လွတ်မြောက်လာအောင် အရှင်ဘုရားကို ဒီကျောင်းတော်ကြီးအား လှူဒါန်းပြီး ဆုတောင်းသွားပါတယ် ဘုရား….။ ဘုရားဒကာရဲ့ တောင်းတဲ့ဆုလဲ အခုဆို ပြည့်ပြီလို့ ပြောရမှာပါ ဘုရား။ သူရည်ညွှန်းတဲ့ သူဟာလဲ အခု အနှောင့်အဖွဲ့ကနေ လွတ်မြောက်လို့ ချမ်းသာရာကို ရနေပါပြီ။ လွတ်လွတ်လပ်လပ် သွားလာလို့ အများအကျိုး, ပြည်သူ့အကျိုး, တိုင်းပြည်အကျိုးတွေကိုလည်း ထမ်းဆောင်လို့ နေပါပြီဘုရား…။

ဆွမ်းတော်ကပ်အပြီးမှာ စိတ်ထဲက အဲသလို အတွေးများပေါ်လာပါတယ်။ အတွေးဆုံးတော့မှ ဘုရားကို ဦးချမိ လိုက်ပါတယ်။ နောက်တော့မှ စောစောက စာရွက်ပြာပြာလေးကို ငုံ့ကြည့်လိုက်ပါတယ်။ စက်တင်ဘာလထဲမှာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကားကို လာမဲ့အကြောင်း၊ ဆန်ဖရန်ဆစ္စကို ဘေးဧရိယာကိုတော့ စက်တင် ဘာလ ၂၉-ရက်နေ့မှာ ရောက်လာမဲ့အကြောင်း၊ အားလုံးက စည်းကမ်းရှိစွာနဲ့ ကြိုဆိုကြဖို့အကြောင်း၊ စတာတွေ အများ သိအောင် ကြော်ငြာထားတာ ဖြစ်ပါတယ်။ ဒီတော့ စာရေးသူစိတ်ထဲမှာ-

“အော်…..တိုက်မှ တိုက်ဆိုင်တတ်ပလေ။ ငါကလဲ ဒီရပ်တော်မူ ဆင်းတုတော်ကြီးရဲ့ နောက်ကြောင်းလေး တွေးမိ နေချိန်၊ ဒီဘုရားနဲ့ သက်ဆိုင်သူကလဲ ရောက်လာမဲ့အချိန်၊ အင်း….ချိန်းထားရင်တောင် လွဲအုံးမယ်။ တခါတလေ လောက မှာ တကယ့်အဖြစ်အပျက်ဟာ စိတ်ကူးယဉ်တာထက် ဆန်းကြယ်တယ်ဆိုတာ တကယ့်ကို ဟုတ်နေတာဘဲကိုး ……”

လို့ တွေးမိလိုက်ပါတယ်။ နောက်ပြီး အတွေးကလဲ အတိတ်ကို ပြန်ရောက်သွားပါတယ်။

          လွန်ခဲ့တဲ့ ၂၀၀၉-ခုနှစ် ကုန်ခါနီးလောက်ကလို့ ထင်ပါတယ်။ ထိုစဉ်က ဥက္ကလန်မြို့ ဓမ္မအေးရိပ်ကျောင်း ဆရာတော် ဦးကောဝိဒက စာရေးသူထံ ဖုန်းဆက်ပါတယ်။ သူ့အသိ အမေရိကန် ဒကာတစ်ယောက်က စာရေးသူတို့ ဓမ္မာနန္ဒကျောင်းကို ရပ်တော်မူတစ်ဆူ လှူလိုကြောင်း၊ မြန်မာပြည်က ရှေးလက်ရာဖြစ်ကြောင်း၊ ဆင်းတုတော်ဟာ အချိုး အစား အလွန်ကျပြီး ကြည်ညိုစရာ ကောင်းလှကြောင်း ပြောပါတယ်။ စာရေးသူလည်း ပုံကိုမြင်ရအောင် အီးမေးလ်နဲ့ ပို့လိုက်ဖို့ ပြောတာနဲ့ သူလဲ ဓာတ်ပုံရိုက်ပို့လိုက်ပါတယ်။ ဆင်းတုတော်က မြင်လိုက်တာနဲ့ အတော့်ကို ကြည်ညိုစရာ ကောင်းပါတယ်။ ဒါနဲ့ ကျောင်းထိုင်ဆရာတော်လည်းပြ, အမှုဆောင်လူကြီးများဆီလည်း တဆင့်ပို့လိုက်တော့ သူတို့လဲ ကြိုက်ကြပါတယ်။ ဒါနဲ့ ဆရာတော်ဦးသီလာနန္ဒကို ရည်စူးပြီးဆောက်လုပ်နေတဲ့ ကျောင်းဆောင်ကလဲ ပြီးခါနီး၊ အဲဒီမှာ ထားဖို့ သင့်တော်တဲ့ ဘုရားဆင်းတုလဲ လိုနေတာနဲ့ လက်ခံလိုက်ကြပါတယ်။ ဒီအကြောင်း ဘုရားလှူချင်တဲ့ ဒကာဆီကို အကြောင်းကြားလိုက်တော့ သူလဲ အတော့်ကို ဝမ်းသာသွားပါတယ်။ သူ အဆင်ပြေတဲ့တစ်နေ့ကျရင် လာပို့ပါမယ်လို့ အကြောင်းပြန်လာပါတယ်။

          နောက် တပါတ်လောက် အကြာမှာတော့ ဖုန်းခေါ်လာပါတယ်။ မြန်မာမိတ်ဆွေ ၂-ဦးနှင့်အတူ လာပို့မဲ့အကြောင်း သူက ပြောပါတယ်။ သူပြောတဲ့နေ့ရောက်တော့ လိုက်ပို့တဲ့သူက နောက်ကျနေလို့ ကျောင်းကို ည ၇-နာရီခွဲလောက်မှ ရောက်ပါတယ်။ ဆောင်းတွင်းဆိုတော့ အတော်လေး မိုးချုပ်နေပြီလို့ ပြောရမှာပါ။ စာရေးသူနဲ့တွေ့တော့ အမေရိကန် ဒကာက မိတ်ဆက်ပါတယ်။ သူ့နာမည်က Johnny ပါတဲ့။ အဖေါ်ပါလာတဲ့ မြန်မာဒကာနှစ်ယောက်မှာ တစ်ယောက် ကတော့ တချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်စောင့်ရှောက်လာခဲ့သူ ကိုတိုးလွင်၊ နောက်တစ်ယောက်က Noel Lim ဖြစ်ပါတယ်။

          မိတ်ဆက်စကားပြောပြီးတော့ ဆင်းတုတော်ကြီးကို ဝိုင်းပြီး အောက်ချပါတယ်။ အတော်လေးကြီးလို့ မထိခိုက် အောင် မနည်း ချယူရပါတယ်။ ဒါတောင် ဘယ်ဘက် လက်ညှိုးတော်တစ်ချောင်း မရှိတော့ပါဘူး။ ဆင်းတုတော်ကြီးက အောက်ခံခုံမပါလို့ နံရံမှာ ယာယီမှီထားရပါတယ်။ ဘုရားဒကာက ဒီဆင်းတုဟာ မြန်မာပြည်က လာကြောင်း၊ ထိုင်းမြန်မာ နယ်စပ်က ဝယ်ယူလာကြောင်း၊ ကြည်ညိုဖွယ်ရာဖြစ်လို့ မြန်မာကျောင်း တစ်ကျောင်းကျောင်းကို လှူဖို့ စိတ်ကူးထား ကြောင်း၊ နေရာအနေအထားအရ စာရေးသူတို့ကျောင်းကိုသာ လှူလိုကြောင်း၊ အခုတော့ သူ့အကြံ ထမြောက်သွားလို့ အင်မတန် ဝမ်းသာလှကြောင်း ဟန်ဆောင်မှုမပါတဲ့ ပကတိပျော်ရွှင်နေပုံနဲ့ အားရပါးရ ပြောနေပါတယ်။

          ဒီတော့ စာရေးသူလဲ ဆင်းတုတော်ကြီးကို ရွှေပြန်ချမယ်၊ ဆရာတော် ဦးသီလာနန္ဒခန်းမသစ် ဖွင့်ပွဲနေ့ကျရင် သူ့ကို ဖိတ်မယ့်အကြောင်း ပြောပါတယ်။ ဒီတော့ သူက ဖွင့်ပွဲနေ့မှာ သူရှိမှာ မဟုတ်တော့လို့ မတက်တော့ပါဘူး လို့ ဆိုပါတယ်။ ဒါနဲ့ စာရေးသူက ဘာတွေများ ခင်ဗျားအတွက် လုပ်ပေးရမလဲလို့ မေးတော့ သူက နှစ်ခုတောင်းဆိုပါတယ်။

(က) ပထမ တစ်ခုက ဒီဘုရားကြီးကို အနေကဇာ တင်ပေးပါတဲ့။

(ခ) နောက်တစ်ခုကတော့ ဒီဘုရားကြီးလှူရတဲ့အတွက်ကြောင့် အခု မြန်မာပြည်မှာ နေအိမ်အကျယ်ချုပ်နဲ့  အချုပ်အနှောင်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးပါ….တဲ့။

ဒီတော့ စာရေးသူက သေချာအောင် “မင်းအတွက်ကော ဘာမှ ဆုမတောင်းတော့ဘူးလား”လို့ မေးတော့ သူ့အတွက်က မလိုအပ်ပါဘူးတဲ့။ အဲဒီမှာ စာရေးသူလဲ အတော်လေး အံ့အားသင့်သွားပါတယ်။

ဘာကြောင့်လဲဆိုတော့ အနောက် နိုင်ငံသားဖြစ်ပြီး ဘုရားကို အနေကဇာတင်တဲ့ ထုံးစံကိုလဲ သူသိနေတယ်။ နောက်ပြီးတော့ ဘုရားလှူရတဲ့ကုသိုလ်ကိုလဲ သူ့အတွက် ချမ်းသာစေဖို့၊ လုပ်ငန်းတွေအောင်မြင်စေဖို့….စတာစတာတွေ ဘာတစ်ခုမှ ဆုမတောင်းဘဲ မြန်မာ့ဒီမို ကရေစီရဲ့ မီးရှုးတန်ဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်ကိုသာ ဆုတောင်းသွားပါတယ်။

သူက နောက်ကြုံတဲ့အခါမှာ ဘုရားကြီးကို လာဖူးပါအုံးမယ်လို့တော့ ပြောသွားတယ်။ ဒါပေမဲ့ အခုထိ သူနဲ့ တခါမှ ပြန်မတွေ့ဖြစ်တော့ပါဘူး။

          ဤကဲ့သို့ အလားတူ ဘုရားလှူပြီး တစ်ပါးသူအတွက် ဆုတောင်းခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခု ပုဂံခေတ် မြန်မာရာဇဝင်မှာ ထင်ရှားရှိခဲ့ဖူးပါတယ်။ ကျန်စစ်သားမင်းကြီး သက်တော်ကြီးရင့်လို့ နာမကျန်းဖြစ်လာတဲ့အခါ သားတော် ရာဇကုမာရ်က ခမည်းတော်ကြီးအတွက် မိမိပိုင်ရွှေငွေရတနာများဖြင့် ဘုရားဆင်းတုတော်တစ်ဆူ သွန်းထုခဲ့ပါတယ်။

 ပြီးတော့ ခမည်းတော်ကြီးကို

“ဤရွှေဘုရားကား မင်းကြီးအတွက် သားတော်ပြုလုပ်ပါသည်”ဟု ပြောဆိုကာ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးလိုက်ပါတယ်။ မင်းကြီးလည်း ဝမ်းမြောက်တော်မူလှပြီး

“ကောင်းလေစွ…. ကောင်းလေစွ”ဟု သာဓု ခေါ်တော်မူခဲ့ပါတယ်။ မင်းကြီးဟာ ဒီရွှေဘုရားကို ရှင်အရဟံအစရှိတဲ့ မထေရ်ကြီးများကို ပင့်ဖိတ်ပြီး ကိုယ်တိုင် ရေစက်ချကာ လှူဒါန်းလိုက်ပါတယ်။ သားတော် ရာဇကုမာရ်၏ စေတနာကတော့ ဖခမည်းတော် ကျန်စစ်သားမင်းကြီး ခံစားနေရတဲ့ ရောဂါဝေဒနာ နှိပ်စက်ဖိစီးမှု အနှောင့်အဖွဲ့ကနေ လွတ်မြောက်ပြီး သူ့အလှူဒါနကြောင့် အသက်ရှည်ရှည် ကျန်းကျန်းမာမာနှင့် ပုဂံနေပြည်တော်ကြီးကို သာယာဝပြောအောင် ဆက်လက် အုပ်ချုပ်စေချင်တာဘဲ ဖြစ်ပါတယ်။ သူ့အတွက်တော့ ထီးမွေနန်းမွေ, လောကအမွေ ဘာတစ်ခုမှ ဆုတောင်းမသွားခဲ့ပါဘူး။

          Johnny လည်း သူပိုင် ရပ်တော်မူဘုရားဆင်းတုတော်ကြီးကို သူကိုယ်တိုင် လာရောက်လှူဒါန်းပါတယ်။ သူဘုရား လှူရတဲ့ ရည်ရွယ်ချက်နှင့် စေတနာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ အမြန်ဆုံး လွတ်မြောက်ပြီး သူပြုလုပ်လိုတဲ့ ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရာတွင် ဦးဆောင်ဦးရွက် ပြုလုပ်စေနိုင်ရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကလေးနှစ်ခုဟာ ပုံစံချင်းတူလှပါတယ်။ သို့သော် မတူတာ တစ်ခုတော့ ရှိတယ်။ ဒါကတော့ ကျန်စစ်သားမင်းကြီးက သူ့သားတော် ရာဇကုမာရ်၏ ရွှေဘုရားအလှူကို ကိုယ်တိုင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ခဲ့ပါတယ်။ Johnny ရဲ့ ဘုရားအလှူမှာတော့ သူပြုလုပ်နေတာကို သက်ဆိုင် သူ မသိရလေသဖြင့် သာဓုခေါ်ဆိုခွင့် မရရှာခဲ့ခြင်းဘဲ ဖြစ်ပါတယ်။

          အင်း…..စာရေးသူ မျက်စိထဲမှာတော့ Johnny ပြောနေတဲ့ အသံတွေ အခုထိ ကြားယောင်နေပါသေးတယ်။ သူ့အမူအရာတွေလဲ မြင်ယောင်နေပါသေးတယ်။ သူနဲ့များသာ တကယ်လို့ အခုချိန်မှာ ပြန်တွေ့ဖြစ်ခဲ့မယ်ဆိုရင် စာရေးသူပထမဆုံး ပြောဖြစ်မဲ့ စကားကတော့

“Johnny….ခင်ဗျားဆုတောင်းတွေ အခု ပြည့်သွားပြီ”ဆိုတာပါဘဲ။ အေးလေ….ပြောသာပြောရတယ်။ Johnny ကတော့ ရပ်တော်မူဆင်းတုတော်ကြီးလှူပြီး တပါးသူ လွတ်မြောက်မှုအတွက် ဆုတွေ တောင်းသွားတာဘဲ။ ဒါပေမဲ့ သက်ဆိုင်သူကတော့ သိမှ သိပါလေစ။

          ၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ ၆-ရက်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts