စာအုပ်စင်

မောင်စွမ်းရည်၏ မိုးမခဆောင်းပါးများ (၁) ထွက်မည်၊ စက်တင်ဘာ ၁၀ (MoeMaKa)

မောင်စွမ်းရည်၏ မိုးမခဆောင်းပါးများ (၁) ထွက်မည်၊ စက်တင်ဘာ ၁၀

စာအုပ်အညွှန်း၊ ရေးသူ မောင်ရစ်၊ စက်တင်ဘာ ၇၊ ၂၀၁၂

“မိုးမခက ဆရာစွမ်းသို့” အမှာစာကို ကူးယူဖော်ပြလိုက်ပါတယ်။

ဆရာမောင်စွမ်းရည်နဲ့ ဆရာဦးတင်မိုးတို့က လူငယ်တွေ၊ မျိုးဆက်သစ်တွေပေါ်မှာ အလွန်စေတနာ မေတ္တာထားပါတယ်။ မိုးမခအင်တာနက်စာမျက်နှာ စလုပ်တော့ ဘားမားတူဒေးစာမျက်နှာနဲ့ မရှေးမနှောင်းဆိုကြပါစို့ရယ်။ ၂၀၀၃ လောက်တုန်းကပေါ့။ ဆရာတွေက စာမူတွေပေး၊ စာတွေညွှန်း၊ ပြောလိုက်၊ ဆိုလိုက်၊ ဆူလိုက် ဆဲလိုက်နဲ့။ သူတို့နံမယ်တွေကို ထည့်၊ သူတို့နံမယ်တွေကို သုံး၊ ပြုံးပြုံး ပြုံးပြုံးနဲ့။ ပရိသတ်ထူထူမှာ သူတို့မိတ်ဆွေ လူငယ်ကလေးတွေရဲ့ အင်တာနက်တွေ၊ စာစောင်တွေ ဘာတွေအကြောင်း ချီးမွန်းခန်း ဖွင့်ပြီး ကောင်းသတင်းဖြန့်ပေးပါသေးတယ်။ ပြီးတော့ အင်တာနက်တွေ အီးမေးတွေမှာ ဘယ်လိုကြည့်ရတယ်၊ ဖတ်ရတယ်ဆိုတာ သိပ်လည်း သိပုံမရပါဘူး။ ကလေးတွေကို အားပေးချင်တာ၊ မြေတောင်မြှောက်ပေးချင်တဲ့ စေတနာတွေ မေတ္တာတွေ အလျံပယ်နဲ့ လူကြီးတွေလို့ ပြောချင်တာပါ။

မိုးမခမှာ ဆရာစွမ်းဟာ စာမူတွေ၊ အညွှန်းတွေ အများကြီးနဲ့ အလုပ်လုပ်အောင် အလွန်တွန်းတဲ့သူပါ။ တင်မိုး၊ အောင်ဗလ၊ ဟံသာဝတီဦးဝင်းတင် စတဲ့ စာအုပ်တွေ၊ စာမူတွေ ထုတ်ဖြစ်အောင် တင်ဆက်ဖြစ်အောင် တိုက်တွန်းနိုးဆော်ခဲ့သူပါ။ အလှူငွေတွေ ရအောင်၊ လူတွေ ယုံကြည်မှုရအောင် ဆရာမောင်စွမ်းရည်က တစို်က်မတ်မတ် ညွှန်းဆိုသူ၊ စင်တင်ပေးသူပါ။ သူ အမြဲတမ်း ညွန်းဆို၊ အသိအမှတ်ပြု၊ ဆွဲခေါ်ပေးနေလို့ ပြည်ပက မြန်မာစာအုပ်တွေ၊ စာစောင်တွေ၊ စာမျက်နှာတွေ အတော်များများ အချင်းချင်း မိတ်ဆွေတွေဖြစ်၊ ခင်မင်ရင်းနှီးမှုတွေ ရကြပါတယ်။ သစ္စာ၊ မာယာ၊ ထောင်စုပြတင်း၊ မိုးသောက်ကြယ်၊ အဟာရ၊ ဓူဝံ စသည်ဖြင့် အများကြီးပဲ။ ဆရာဦးတင်မိုးနဲ့ ဆရာမောင်စွမ်းရည်ဟာ လူငယ်တွေကို လက်တွဲတာ၊ ချီးမြှင့်တာကို စိုက်လိုက်မတ်တပ်လုပ်ပါတယ်။ အဲသည်အတွက် အထင်ကြီးတာ၊ အထင်သေးတာ၊ အထင်လွဲတာတွေလည်း ခံနိုင်ရည်အလွန်ရှိကြပါတယ်။

သူနဲ့ မောင်ရစ်နဲ့ တခြိမ်းခြိမ်း ကလေးနဲ့ လူကြီး စကားတွေများ၊ အငြင်းအခုံတွေဖြစ်သော်လည်း အလုပ်တွေတော့ ဖြစ်ခဲ့တယ်။ စာတွေ ထွက်ဖြစ်တယ်။ တကယ်တန်း ၀မ်းနည်းစရာကတော့ သူ့စာအုပ်ဆိုလို့ မိုးမခက တအုပ်မှ ခုထိ မထုတ်ဖြစ်ခဲ့ဘူး။ သူကလည်း သူရေးတဲ့ ကဗျာတွေ၊ စာတွေ စုပြီး ထုတ်ချင်တယ်။ ထွက်ချင်တယ်။ မိုးမခကသာ မထွက်တာပါ မိုးမခမှာ သူရေးတဲ့စာတွေကို အခြားစာစောင်အဖွဲ့တွေက ထုတ်ပေးကြပါတယ်။ “ဘာလဲဟဲ့ မောင်စွမ်းရည်” တို့ “မှိုင်းမှသည် မိုးထိအောင်” ကဗျာပေါင်းချုပ်တွေ … ပြီးတော့ သူတိုက်တွန်းလို့၊ သူ စုဆောင်းပေးလို့ သုတေသနစာအုပ်တွေ၊ စာစုစာအုပ်တွေကို အခြားစာအုပ်တိုက်တွေ၊ ပြုစုသူတွေက ထုတ်ဝေကြပါတယ်။ သူ့ကို ကျေးဇူးတင်ကြောင်း ဖြော်ပတာလေးတောင် မလုပ်ကြဘူးလို့ သူ စိတ်မကောင်းဖြစ်သော်လည်း အမှတ်ထားပုံလည်း မရပါ။ ဆက်ပြီး စုလိုက်ဆောင်းလိုက်၊ ညွန်းလိုက်၊ ဖြန့်ဖြူးလိုက်နဲ့ပါပဲ။

အခုတော့ သည်စာအုပ်ကလေး၊ မောင်စွမ်းရည်ရဲ့ မိုးမခဆောင်းပါးများ ၁ ကို အမြန်အဆန် ကမန်းကတန်း တွန်းတွန်းတိုက်တိုက် ထုတ်ဖြစ်ပါပြီ။ ထုံးစံအတိုင်း အီးဘုတ်ပေါ့လေ။ နောက်တော့ စာအုပ်ဖြစ်အောင် ထုတ်မယ် စိတ်ကူးတယ်။ စာအုပ်ထုတ်ချင်သူများလည်း ပြည်တွင်း ပြည်ပက ဆက်သွယ်ရင် မိုးမခက သဘောတူ ခွင့်ပြုပါတယ်။ ယူပြီး လွတ်လပ်စွာ ထုတ်ကြပါ။ ကိုဦး၊ မသန္တာတို့ စာပေမိသားစုက ဒီစာအုပ်လေးကို ပြုစု ပြင်ဆင်ပေးတယ်။ ကိုအောင်ထက်က အခုလို ပုံစံလေး ထွက်လာအောင် ကြိုးစားပေးတယ်။ မိုးမခ၀ိုင်းတော်သားတွေက လုပ်အားတွေ ပေးကြပါတယ်။ အမှားအယွင်းတွေ လိုအပ်ချက်တွေ အားနည်းချက်တွေ အပြစ်တွေ ရှိရင် မောင်ရစ်မှာ တာဝန်ရှိပါတယ်။ သူညံ့တာပါ။

သည်စာအုပ်ကလေးက မောင်စွမ်းရည်ရဲ့ မိုးမခဆောင်းပါးတွေ စုစည်းမှု အမှတ်စဉ် ၁ ပါ။ ဆရာလည်း ၀မ်းမြောက်မယ်ထင်တယ်။ သူက ဝေဖန်ရေးဆရာဆိုတော့ အပြစ်တင်စရာ၊ ဝေဖန်စရာတွေလည်း သူတွေ့ဦးမှာပါ။ စာအုပ်၊ လေးအောက်၊ စာလုံးပေါင်း၊ ဖြတ်တောက်တာတွေ လိုအပ်ချက်တွေ ချို့ယွင်းချက်တွေ သူ မြင်ဦးမယ်၊ ထုံးစံအတိုင်း ဒုတ်ထိုး အိုးပေါက် ဝေဖန်ထောက်ပြ ဆုံးမဦးမယ်။ ပြောပါစေလေ။ သူ့အတွက် စာအုပ်လေးတော့ ထွက်သွားပြီ။ စာဖတ်သူတွေအတွက်လည်း ဆရာ့စာမူတွေ စုဆောင်းပြီးသား အမှတ်တရ သိမ်းဆည်း ဖတ်ရှုဖို့ ထွက်သွားပြီ။

မောင်ရစ်

မိုးမခမီဒီယာ

စက်တင်ဘာ ၇၊ ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts