ကမာပုလဲ ရသဆောင်းပါးစုံ

နှစ်ငါးဆယ် … ဆောင်းနှင်းမှုံများ၊ စစ်ပွဲအသစ်များနှင့် ကမ္ဘာကြီး

ကမာပုလဲ
စက်တင်ဘာ ၄၊ ၂၀၁၂
ဆောင်း၏ရနံ့ကို ရနေသည်။ မြောက်ပြန်လေမှတဆင့် …။

သြော် … ဘ၀၏ ငါးဆယ်ကြိမ်မြောက်ဆောင်းသည် ရောက်ရှိလာတော့မည်။ ဆောင်းငါးဆယ် … နွေငါးဆယ် … မိုးရာသီငါးဆယ် …။

နှစ်ပေါင်းငါးဆယ်သည် မနေ့တနေ့ကလိုပင် ဖြစ်နေသည်။ တကယ်တော့ နှစ်ပေါင်းငါးဆယ်သည် မနည်းလှသည့်နှစ်ကာလများ ဖြစ်သည်။ ကလေးတယောက်၏ မိုးကောင်းကင်များ၊ ရှက်တတ် ကြောက်တတ်စ ကျောင်းတက်ခေါင်းလောင်းသံများ၊ လိုချင်တောင့်တမှုများနှင့် စိတ် လိုကိုယ်ကျ ဖြစ်ခွင့်မရသောဆန္ဒ၏ မွန်းကြပ်မှုများ …။

`အို … လှေကလေးရယ် … မင်း တော်တော်လည်း အမှတ်မရှိပါလားကွယ် … ကျောက်စူးလည်းချထားရက်နဲ့ … မင်းဟာ ပင်လယ်ဘက်ကို ခဏ …ခဏ မျောနေတယ်´

ကွယ်လွန်သူ အဆိုတော်လွှမ်းမိုး၏ သီချင်းအစအန (ရာဘင်ဒြာနတ်တဂိုး၏ ကဗျာတစ) ဖြင့် နှစ်ငါးဆယ်ဆောင်း၏ ကြိုဦးရနံ့မှာ ငယ်ဘ၀ကို လွမ်းပါသည်။ အဆော့မက်သည့် ကလေးတယောက်၏ အသားရေပေါ်တွင် ဆောင်းသည် နေရာမရရှိခဲ့။ လူကြီးသူမတွေ၏ ဆောင်းကို ခုခံခဲ့သော မီးဖိုကလေးများသည် ကလေးတယောက်၏ ဥပေက္ခာတွင် မလှမပ ကျဆုံးခဲ့ရသည်။ ခုတော့ ဆောင်းသည် နှစ်ပေါင်းငါးဆယ်ကို ဖြတ်သန်းခဲ့သော လူသားတယောက်အား ကြိုတင်စိန်ခေါ်မှုများဖြင့် ရောက်ရှိလာတော့မည်။

`အမုန်းသည် ချစ်ခြင်း၏နောက်ကွယ်တွင် ကပ်လျက်တည်ရှိနေတတ်ပါသလား´

တကယ်ဆို အမုန်းဖြင့်လမ်းခွဲရမယ့်ဇာတ်သိမ်းခန်းတွေကို ဘ၀မှာမကြုံတွေ့ချင်၊ မဖြတ်သန်းချင်၊ မခံစားရချင်။ အမုန်းသည် အမုန်းခံရသူအ တွက်သာမက မုန်းနေရသည့်သူအတွက်ပါ ငြိမ်းမရသည့် ခံစားချက် မီးတောက်မီးလျှံပင်ဖြစ်သည်။ ဘာသာတရားတွေ … နီတိအဆုံးအမတွေ … တရားစာတွေကို ဖတ်ရသည်။ စာက စာ၊ စကားက စကား၊ တရားက တရား၊ လူသား၏ လက်တွေ့မှာ အမုန်းများ၊ မတရားအနိုင့်အထက် ပြုကျင့်မှုများ၊ ဘ၀၏တိုက်ပွဲများ၊ ပဋိပက္ခများဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပျက်နေသောပတ်ဝန်းကျင်များ … နှစ်ပေါင်းငါးဆယ် …။

`အတိတ်ကာလသည် ကတ္တီပါမြက်ခင်းစိမ်းမဟုတ် … ဆူးခက် ကန္တာရများဖြင့်သာ …´

ကလေးတယောက်သည် ကြီးနိုင်ငယ်ညှင်းပြုကျင့်ခံခဲ့ရသော စာသင်ခန်းကလေးကို နာကျင်မှုဖြင့် အမှတ်ရနေတတ်သည်။ ဆင်းရဲ ချမ်းသာ ခွဲခြားဆက်ဆံတတ်သော လူမှုပတ်ဝန်းကျင်တွင် တင်းမာခက်ထန်နေသော မျက်နှာများသည် သူ၏ ခြောက်ညအိပ်မက်ဆိုးများ …။ အစိတ် စိတ်အမြွှာမြွှာကွဲကြေနေသော ကျောက်သင်ပုန်းကလေးတချပ်ပေါ်မှာ ကျခဲ့ရသောမျက်ရည်စများဖြင့် ကလေးတယောက်၏ စာသင်ခန်း သည် …။

အရွယ်ရောက်သူ၏ အထီးကျန်ခြင်းသည် သူ့အတွက် ဖြေရှင်းရန် နည်းလမ်းများစွာရှိနေသည်။ ကလေးတယောက်၏ သိမ်ငယ်စိတ်သည် နုနယ်သည့် သူ့နှလုံးသားကလေးအပေါ် သူမသိသည့် အမုန်းတရားတို့ဖြင့် စွန်းထင်းနေပါလိမ့်မည်။ စွဲမြဲထင်ကျန်သွားတော့မည်လည်း ဖြစ် သည်။ မတရားမှုများကို ကိုယ်တိုင်ကြုံတွေ့ရသည့်အခါ ဆတ်ဆတ်ခါ နာတတ်သည့် ခံစားမှု အကျင့်သည်လည်း သေရာပါမည့် လောကအမွေ ဖြစ်သွားတတ်ပါသည်။

ကလေးတယောက်၏ငယ်ဘ၀သည် သူငယ်ချင်းမိတ်ဆွေများဖြင့် အတိပြီးသင့်သည်။ အကစားဖက်ခဲ့ရသည်မှာလည်း လမ်းပေါ်မှာပင် မဖြစ်သင့်။ ကိုယ်က ခင်မင်မှုဖြင့် လှိုက်လှဲအားရနှုတ်ဆက်အခေါ်ကို မနှစ်မြို့ ရွံရှာမုန်းတီးသည့်မျက်လုံးများဖြင့် အပြစ်ပေး အရေးယူခံနေရ သောအခါ ကလေးငယ်၏ကမ္ဘာသည် တကယ့်ကို မှေးမှိန်သေးငယ်သွားတော့သည်။ စုတ်ပြဲနွမ်းရိနေသော ကျောင်းသုံး ပြဌာန်းစာအုပ်များ သည် သူ့အဖေါ်၊ သူ့သူငယ်ချင်း၊ သူ့ကစားကွင်း၊ သူ၏ လောက နိဗ္ဗာန်ဘုံ …။ ဤသို့ ကလေးတယောက်၏ ကြီးပြင်းမှုသည် ကလေးသဘာဝနှင့် မလျော်ညီတော့။ ထိခိုက်ခံစားလွယ်တတ်သော ညာဉ်သည် သူ၏လူကြီးဘ၀ ဖေါ်ပြဆက်ဆံမှုအပေါ် စိတ်ရောဂါ တခုနှယ် လွမ်းမိုးကျင့်သားပါနေတော့မည်လား။

ဒီလို ကိုယ့်စိတ်အခံကို ကိုယ်သိခွင့်ရခဲ့သည်မှာ မိသားစုဘ၀နေထိုင်ခဲ့ပုံများကြောင့်သာ ဖြစ်သည်။ မည်သို့ဆိုစေ မိဘ၊ ညီအကို မောင်နှမ တို့၏ တန်ဖိုးထားဆက်ဆံမှုစည်းသည် သူ့ကိုခံစားမှုအဓိက ဆက်ဆံရေးသမားအဖြစ် အစွန်းသို့တွန်းမပို့နိုင်ခဲ့။ နားလည် ခံစားတတ်သည့် အကျင့်သည် သူတို့နှင့် ရှင်ကွဲ၊ သေကွဲလမ်းပေါ်ကို ရောက်ရှိလာတော့မှ ပို၍သဘောပေါက် ပြုမူလာနိုင်ခဲ့သည်။ သို့သော် သူ၏ ကလေးဘ၀ အထီးကျန် အိပ်မက်ဆိုးများသည် သူ့စိတ်ကို လွှမ်းမိုးခြောက်လှန့်လို့နေဆဲပင် …။

ဖတ်ခဲ့ရသော စာအုပ်များ၊ သူငယ်ချင်းကောင်း မိတ်ဆွေအနည်းငယ်များ၊ တန်ဖိုးဖြတ်မရသည့် ဘ၀အတွေ့အကြုံများဖြင့် လေးစားအတုယူ ထိုက်သော အမှောင်ခေတ်၏ ကြယ်စင်ပွင့်နှယ် လူသားများ၊ ကိုယ်တိုင် ဖြတ်သန်းခဲ့ရသည့် နှစ်ငါးဆယ် အတွေ့အကြုံများ …။

ဘ၀ ဘ၀မျိုးစုံကို ရင်းနှီးစေ့ငုခွင့်ရခဲ့သည်။ ကိုယ့်ဘ၀ထက် နှိုင်းယှဉ်မရအောင် ဆိုးဝါးသိမ်ငယ်လှသောဘ၀များကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရ သည်။ ထိုအခါ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုခံစားချက်များအပေါ် ကိုယ်တိုင်အရှက်ရ ဆင်ခြင်မှုလမ်းစကို တွေ့ခဲ့သည်။ တဆက်တည်းမှာ လူ တယောက်၏ သူလုပ်နိုင်သည့်အလုပ်ထက် သူ၏လိုချင်တပ်မက်မှုများ တထပ်တည်းမကျနိုင်ပုံကိုပါ မှတ်မထင် ထိတွေ့ခံစားလိုက်ရသည်။

ပေးဆပ်နေပါသည်ဟု စကားလုံးအားဖြင့် ကြီးကြီးကျယ်ကျယ်တွေမပြောလိုတော့၊ မပြောရဲတော့ပါ။ ပြောရမှာလည်း ရှက်ပါသည်။ တကယ် ဆို ကိုယ်လုပ်ချင်တဲ့အလုပ်အတွက် ကိုယ့်ဘ၀ကို ကိုယ်တိုင်ရွေးချယ်ခဲ့တာသာ ဖြစ်ပါသည်။ မည်သူတဦးတယေက်ကမျှ တွန်းအားပေး လှုံ့ဆော်ခဲ့သည် မဟုတ်။ မိသားစု ဘ၀ကလေးကို မိသားစု အလွမ်း၊ မျက်ရည် … စိတ်သောကများဖြင့်လဲလှယ်ကာ ကိုယ်ယုံကြည်ရာကို ခေါင်းမာမာရွေးချယ်ခဲ့သည်ပဲ။ သေချာတာကတော့ ဒီလမ်းဟာ မှားယွင်းသွားဖို့ထက် တာဝန်မကျေ ဖြစ်သွားနိုင်တာကိုပဲ ထိတ်လန့်စိတ်ဖြင့် အသိကို ခိုင်မာစေခဲ့ပါသည်။

`အချစ်ဖြင့်စွဲနစ်နေသော ဘ၀လမ်းကလေး … မည်သို့ပင် ခက်ခဲကြမ်းတမ်းနေပါစေ၊ သည်လမ်းကလေးကို တိုးလို့ တိုး၍ ဆက်ကာ ချစ်လို့ နေရဦးမည်သာဖြစ်သည်´

အမုန်းဖြင့် စစ်ပွဲတွေဖြစ်နေသည်။ ယုံကြည်ချက်ဖြင့် စစ်ပွဲတွေဖြစ်နေသည်။ ခုခံရေးအတွက် စစ်ပွဲတွေဖြစ်နေသည်။ စစ်မဖြစ်သည့် နိုင်ငံကြီး တချို့က အကျိုးစီးပွားအတွက် စစ်လက်နက်များ၊ စစ်ပွဲများကို အရောင်းသွက်နည်းပညာများဖြင့် ထုတ်လုပ်နေကြသည်။ လူသည် စစ်ပွဲတွေ ကို မုန်းသင့်သည်။ လူသည် စစ်ပွဲတွေအစား ငြိမ်းချမ်းရေးတရားဓမ္မများဖြင့် မွှေ့လျော်နေသင့်သည်။ ငြိမ်းချမ်းရေး၏ ရန်ဘက်အကျိုး စီးပွားသည် `ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး´ဟု လူကြားကောင်းရုံအော်ဟစ်ကာ စစ်ပွဲအသစ်တွေအတွက် ဦးနှောက်မှတ်ဉာဏ်ထဲမှာ ဒေသနာ အချက်အလက်များဖြင့် အလုပ်ရှုပ်နေကြသည်။ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ဘ၀များဖြင့် စစ်ပွဲအသစ်တွေကို ဖန်တီးနေကြသည်။ ဒါကိုပဲ ကမ္ဘာ့လူ့ယဉ်ကျေးများက အဆိပ်ပင်ကို ရေ၀ိုင်းလောင်းပေးနေကြသည်။

အကြောက်တရားသည် အဖြစ်မှန်ကိုမျက်ကွယ်ပြုထားသလို၊ နှုတ်၏ ဆွံ့အမှုများဖြင့် စိတ်ကူးယဉ် လောကနိဗ္ဗာန်ကို တည်ဆောက်နေကြ သူများသည် ယနေ့ ကမ္ဘာ၏ ခေတ်အစားဆုံးဇာတ်ကောင်များ ဖြစ်နေကြသည်။ ကမ္ဘာ့ပြည်သူများမှာ မျက်ရည်နှင့်မျက်ခွက်။ လူညွှန့်တုံးနေ သည့် ပစ္စုပ္ပန်တည့်တည့်ဖြင့် အနာဂတ်သည် မွေးဖွားမလာမီကပင် တစပြင်သင်္ချိုင်းအဖြစ် တင်ကြိုပြဌာန်းပြီး ဖြစ်နေသည်။

`မတရားတာကို မတရားဘူးလို့ ပြောပစ်လိုက်စမ်းပါ။ မမှန်တာကို မမှန်ဘူးလို့ သတ္တိရှိရှိ ရပ်တည်ပြလိုက်စမ်းပါ။ ရန်လိုနေတဲ့ မြွေတကောင်ကို မေတ္တာသုတ်တွေ ရွတ်ပြနေခြင်းဖြင့် သူ့အဆိပ်စွယ် ကျိုးမသွားနိုင်ပါ …။ ရန်သူဟာ သူ့ရန်လိုဖျက်ဆီးနေမှုကို အကျိုးစီးပွားအားဖြင့် အောင် မြင် အနိုင်ရရှိနေသရွေ့ ဘယ်တော့မှ ငြိမ်းချမ်းရေးရဲ့မိတ်ဆွေ ဖြစ်မလာနိုင်ပါ။ အရေးကြီးတာက ကိုယ့်ကို၊ ကိုယ့်ပြည်သူကို အဓမ္မ ဖိနှိပ်နေ တဲ့ နိုင်ငံရေးစနစ်ဆိုးကြီးကို သွေးအစားထိုးကုသပေးနေရာမှာ ကိုယ်တိုင်အလှူကြီး ၀င်မပေးမိလိုက်ဖို့ပါပဲ´

နွေပေါင်း ငါးဆယ် …၊ မိုးရာသီ … ငါးဆယ်၊ ဆောင်းရာသီ ငါးဆယ်တို့သည် တခုနှင့်တခု မတူ။ တူသည်ဆိုလျှင်လည်း အဓိပ္ပါယ် သက်ဝင် နေမည်မဟုတ်။ ခပ်ဆင်ဆင်တော့ တူကောင်းတူမည် ဖြစ်သည်။ ဆရာမြ၏ `အက်ဆစ်မိုး၊ ခရမ်းလွန်နွေဦးနှင့် နြူကလီးယားဆောင်း´ကို သတိရသည်။ စစ်ပွဲတွေကို မမြင်ချင်၊ မကြားချင်၊ မတွေ့ကြုံချင်သော စကားလက် အိုဟာရာ၏ သေနတ်သံကို ကြားယောင်နေမိသည်။ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲတွေကို ဝေသာလီအခင်းအကျင်းနဲ့ ချန်ရစ်ပြီးနောက် စစ်မျက်နှာ အသစ် အသစ်တွေဟာ ကမ္ဘာကြီးရဲ့ အခြားသောမျက်နှာစာတွေကို လှည့်လို့လာနေသည်။ ယနေ့စစ်ပွဲအသစ်များသည် လူမြင်နိုင်သည့် လက်နက်ကိရိယာများအပြင် နူးညံ့သိမ် မွေ့သော ကြောက်မက်ဖွယ် ကိုယ်ကျိုးစီးပွားလက်နက်များဖြင့် အပြစ်မဲ့ ကမ္ဘာ့ပြည်သူများကို မေတ္တာရိ နှိပ်စက်သတ်ဖြတ်နေသည်။ ကျည်တ တောင့် ဗုံးတလုံးထက် အဆပေါင်းများစွာ သေကြေပျက်စီးစေပါသည်။ မေတ္တာတရားသည် ထိုထိုသော လက်တွေ့စစ်ပွဲများအောက်တွင် မျက်ရည်စက်လက် သေဆုံးလျက် …။ တရားသော ခုခံစစ်ပွဲများနှင့် သမိုင်း၏လိုအပ်ချက်အရ ဖြစ်ပေါ်နေသော တိုးတက်ပြောင်းလဲရေး ရုန်းကန်လှုပ်ရှားမှုများကလည်း ခေတ်ပြိုင် …။

`ဆောင်းဦးကို ကြိုတင်အသိပေးနေသည့် … နှင်း … ခင်ဗျားရဲ့ အေးတိအေးစက် အထိအတွေ့တွေမှာ စစ်ပွဲ အသစ်တွေရဲ့ရနံ့ကို ကျနော်တို့ ရရှိနေပါတယ် …´


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts