ပင်တိုင်ကဏ္ဍ မာမာအေး

Mar Mar Aye – 438


“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၃၈)

မာမာအေး
စက်တင်ဘာ ၁၊ ၂၀၁၂

 

Mar Mar Aye - Aung San Suu Kyi Continues Her Visit To The UK

မကြာသေးခင်က လန်ဒန်မှာ တွေ့ရတဲ့ ဒေါ်မာမာအေး နဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Getty Images)


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေးတယောက်ကတော့လေ ဂီတဥပဒေအကြောင်းခံနဲ့ ဖြစ်ခဲ့ရတဲ့ ကိစ္စတွေကို ပြောပြမလို့ တာစူနေပါတယ်ဆို ပြောပြီးမှ ဘယ်ကို သဝေထိုးဦးမယ် မသိပါဘူး လို့ နားဆင်နေကျ ချစ်သောတရှင် BBC ပရိသဒ်တွေ မငြီးနိုင်မယ့် ကိစ္စကို ဒီနေ့ ပြောပါရစေရှင်။

အခု မာအေး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က ပြန်လာလာချင်း ပြောနေတာ၊ အဲဒီကို ရောက်သွားရတာကတော့ မာအေးရဲ့ ချစ်ညီမလေး ‘စု’ ဟာ သူ့ရဲ့မွေးနေ့ကို ပြည်ပခရီးထွက်ရင်း လန်ဒန်မှာ ကြုံမယ် ၊ ဒါကြောင့် အင်္ဂလန်ရောက် မြန်မာအဆွေအမျိုးတွေ စုပြီး ဂုဏ်ပြုကြိုဆိုပွဲလုပ်ကြမယ် လာခဲ့ပါလားလို့ ဖိတ်ကြားခဲ့တာနဲ့ ဝေဟင်ခရီးက လေယာဉ်စီးပြီး ရောက်သွားတာပါဘဲ။

လန်ဒန်ကိုမသွားခင်ကလဲ မောင်ပန်တျာတို့ရှိတဲ့ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ရောက် မြန်မာအဆွေတော်တို့က ‘စု’မွေးနေ့ကို (၁၆)ရက်နေ့မှာ ကြိုပြီးကျင်းပမယ်၊ လာနိုင်သလားလို့ မေးသေးတယ်ရှင့်၊ သူတို့ဆီက ပြန်လာတာ ဘာကြာသေးလို့လဲနော်၊ အင်္ဂလန်သွားရင်တော့ ‘စုလေး’ နဲ့ ကိုယ်တိုင်တွေ့နိုင်မယ်၊ BBC နေရာသစ်ကိုလဲ အချိန်ရရင် ၀င်နိုင်မယ်လေ၊ တော်ကြာ အရှေ့သွားလိုက်၊ တော်ကြာ အနောက်သွားလိုက်လုပ်ဖို့လဲ မတတ်နိုင်ဘူး ဆိုတော့ အင်္ဂလန်ဘဲရောက်သွားပါတယ်။

မာအေးရောက်သွားတော့ တခြား နာမည်ကျော် ကိုယ့်အနုပညာလောကသားတွေနဲ့လဲ ဆုံဖြစ်သေးတယ်။ စာပေနယ် ဂီတနယ်နဲ့ အင်မတန် ကျွမ်းဝင်တဲ့ သုတေသီ စာရေးဆရာကြီး နန်းညွန့်ဆွေနဲ့ စာရေးဆရာမကြီး “ကြည်ဦး” တို့ရဲ့ မျိုးဆက် မောင်လေး ‘ဇာဂနာစိန်ကတုံး’၊ ဟာသ နောက်တယောက် ပန်းချီဆရာတဖြစ်လဲ ‘ထိန်လင်း’ တို့နဲ့ တွေ့တယ်။ သားရဟန်းတော်ရဲ့ သာသနရံသီဝိဟာရကို ရောက်တဲ့အခါ ဆရာတော်လေးနဲ့ သဗ္ဗာယတွေ ဒီဖက်မှာ ဆောင်ရွက်နေတဲ့ ဘာသာရေး သာသနာရေး ယဉ်ကျေးမှုနဲ့ လူမှုရေး ကိစ္စတွေမှာ မာအေးလိုဘဲ လာကူညီပေးနေတဲ့ ရွှေတံဆိပ်များပိုင်ရှင် ရွာစားကျော် သီရိမောင်မောင်ကိုလဲ သူ့ရဲ့ဆိုင်းအဖွဲ့သားတချို့နဲ့အတူ တွေ့ရပါတယ်။ ဒါကြောင့် ဒီတခေါက် ရောက်ရတာ မင်္ဂလာရှိတယ်လို့ ခံစားရတဲ့အကြောင်း မျှဝေပြောပြချင်တာပါ။

ဒီ အနောက်ဖက်ရောက်လာချိန်မှာ သီချင်းပွဲ စင်ပွဲ ၀င်ရတိုင်း ဆိုင်းစုံဝိုင်းစုံ ဆိုတာများ တယ်ရှားတာကိုးရှင့်။ ဟီတာချီဝိုင်း၊ စီဒီဝိုင်းနဲ့ဖြစ်အောင် ဆိုရတာကြာပေါ့ဘဲ။ ခုတော့ ဆိုင်းဝိုင်းကြီးနဲ့ဆိုခွင့်ကြုံပြီ။ ဆရာတော်လေးက သီရိမောင်မောင်အဖွဲ့သားတွေ ကိုယ်တိုင် အသုံးတော်ခံနိုင်အောင်၊ ဒီဖက်မှာ ပေါက်ဖွားတဲ့ မြန်မာ့သားသမီးတွေလဲ မြင်ဖူး – နားဆင်နိုင်အောင် ဆိုင်းတော်ကြီးအပြီးမှာလိုက်သတဲ့၊ လူကိုယ်တိုင်တီးမယ် ဆိုတော့ မာအေးဆိုနိုင်မယ့်အသံကို ရွေးပြီး တီးပေးလို့ရတာပေါ့ရှင်။

ကိုယ့်တိုင်းပြည်မှာတုန်းက တွဲလာခဲ့တဲ့ မင်္ဂလာဆိုင်းတွေကတော့ တပုံတပင်ပါဘဲ၊ ရောက်တဲ့အရပ်ရပ်က ဆိုင်းတွေနဲ့လဲ တွဲနိုင်ခဲ့ပါတယ်။ ‘အာယားမ’ အခွေက စပြီး ဆိုင်းနဲ့ဆိုရတီးရတဲ့ သီချင်းတွေ ထုတ်ဝေသီဆိုဖြစ်တာကြောင့် မာအေး ဘယ်သွားသွား နယ်ဆိုင်းတွေက ရပြီးသားဆိုတော့ သီချင်းတိုက်ပေးစရာတောင် မလိုတော့အောင်ဘဲ၊ အဲဒီတုန်းက သီရိမောင်မောင်က ဆိုင်းကြားဝိုင်းကြားမှာ ပညာယူနေဦးမှာပေါ့လေ။ ကိုယ်ပိုင်ဆိုင်း မခွဲသေးတော့ ရွာစားအဖြစ်နဲ့မတွဲဖြစ်ခဲ့ဘူး။ တမြန်မနှစ်က လန်ဒန်သင်္ကြန်နဲ့ ဗုဒ္ဓနေ့အတွက် ကူရအောင် ရောက်သွားတော့မှ ရွှေတံဆိပ် (၁၉)ခု ရထားပြီးတဲ့ သားမောင်မောင်နဲ့ တွေ့ဖြစ်ပါတော့တယ်။

ဂီတမြေခံကေါင်းတဲ့ ဧရာဝတီတိုင်း ကျိုက်လတ်မြို့သားလေးဆိုတော့ ဂီတအာစရိယအဆက်ဆက်လက်က ထွက်တဲ့ ကလေးဘဲလေ၊ ဆိုင်းပညာသာမက ကီးဘုတ်ခေါ်တဲ့ တူရိယာလဲ ကေါင်းကေါင်း ခေါက်နိုင်တာ မြင်တယ်၊ အိမ်မှာလဲ ‘ဝေယံမောင်’ အသံသွင်းခန်းလေးတခု လုပ်ထားပြီး ကိုယ်ပိုင်အခွေတွေလဲ ထုတ်သတဲ့၊ ဒီခေတ်ကြီးမှာ ဘာမဆို ကိုယ်တိုင်လုပ်နိုင်မှကေါင်းတဲ့ကါလလို့ မြင်မိနေတဲ့မာအေး ၀မ်းသာရသေးတော့တယ်ရှင်။ ဂီတရုပ်ရှင် သဘင် အနုပညာလောကသားတွေ အားလုံး အောင်မြင်တိုးတက်တာ ကြားချင်မြင်ချင်တာပေါ့ရှင်။ ကိုယ်ရှိနေရင် ကူတောင် ကူနိုင်သေးတယ်လို့ တခါတခါတော့လဲ အထီးကျန်တာကို သတိရမိပါတယ်။

ဒီတခါ အင်္ဂလန်ကို သွားဖြစ်တာ နိုင်ငံလုံးအချစ်တော် ညီမလေး’စု’မွေးနေ့ကို အကြောင်းပြုသွားတာမို့လား၊ ကိုယ်မရောက်ခင်မှာ သွားဘို့ဆုံဘို့ စာရင်းတွေက ပေးနှင့်ပြီ ဆိုတော့ သားရဟန်းကျောင်းမှာ သီချင်းချည်းဘဲ တိုက်နေရတာပေါ့နော်။ (၁၉) ရက်နေ့က ကျောင်းမှာ ‘စုမွေးနေ့’ ဆွမ်းကပ်တော့ – သက်ဆိုင်ရာတွေမရှိ ကိုယ်ကရှိ ကံကေါင်းလှပါဘိပေါ့။ လန်ဒန်တမြို့လုံး အုံးအုံးကြွက်ကြွက်၊ ‘စု’ ဘယ်ကို ထွက်မလဲ နောက်ကိုလိုက်နေသူချည်းပါဘဲ။ ယုံပါတော့ သောတရှင်ရယ်၊ မြန်မာတင်မက ဗိုလ်တွေက သာတောင်ကဲသေးသရှင့်။ မာအေးကတော့ ‘ညီမလေး’ လို့ သဘောထားခဲ့တာမို့လား၊ ကမ္ဘာတလွှား စိတ်လှုပ်ရှားစေနိုင်ခဲ့တဲ့ “မိန်းမသားမြန်မာ့စွမ်းအားဂုဏ်”ကို မျက်ဝါးထင်ထင် မြင်တွေ့ရလို့ ကြီးကြီး ဒေါ်ခင်ကြည်သာ ရှိရင် စုလေး ကြားချင်တဲ့ “ဒါမှ ငါ့သမီး” လို့ ပြောရှာမှာ၊ ကြည်နူးမှာဘဲ – မျက်ရည်ဝဲခဲ့ရသေးတယ်။

ဇွန်လ (၂၂) ရက်နေ့ ရောက်တော့ မြန်မာလူထုတွေ ကြိုဆိုတဲ့ပွဲ နွှဲကြရပြီပေါ့ရှင်။ မြို့ထဲမှာ Bus ကါး သပိတ် ရှိမယ် ဆိုလို့ မြန်မာအားလုံးဟာ မီးရထားနဲ့သွားကြရပါတယ်။ ကါးကြပ်မှာစိုးလို့ပါ။ နေ့ခင်းပွဲ ဆိုပေမယ့် ညပွဲနေပွဲထိုင် သွားမယ့် ပုံစံ အပျံစားတွေ ၀တ်ပြီး ရထားနဲ့သွားကြတဲ့ဒုက္ခ ရှင်တို့ တွေးကြည့်ကြပေတော့နော်၊ လူတွေဟာ အဲဒါလောက်၊ အဲဒါလောက်ကို ဖြစ်နေကြပါတယ်။

လန်ဒန်မှာ ကြိုဆိုပွဲလုပ်တာပေမယ့် လီဗါပူ၊ ဘလက်ပူး၊ ဘာမင်ဂန်ဖက်က မြန်မာတွေပါ လာကြတာပါ။ ROYAL RESTIVAL HALL ဆိုတာ လူသုံးထောင်လောက် ဆန့်တဲ့ အဆောက်အဦးကြီးပါ။ ခုံနံပါတ်နဲ့ ပေးတာတောင် လူတိုင်း မရကြပါဘူး။ မာအေးဟာ ထောင်ပေါင်းများစွာ ပရိသဒ်ထဲမှာ ဆိုခဲ့တဲ့ အဆိုတော်ပါ။ ဒါပေမယ့် လူသုံးထောင်လောက်နဲ့တော့ တခါမှ ကိုယ့်နိုင်ငံတော်သီချင်းကို မဆိုဖူးပါဘူး။ အားလုံးဟာ နိုင်ငံ့လွတ်လပ်ရေးနေ့ကို စိတ်ရောက်နေကြမှာပါ။ ဒီသီချင်းကို သတိတရ လူငယ်တွေကို ဆိုပြခဲ့တဲ့ ကိုယ့်ကိုယ်ကို ကျေနပ်မိခဲ့ရပါတယ်ရှင်။ ကျန်တာတွေ မီဒီယာတွေမှာ ရှာကြည့်ကြပေတော့နော်။

အဲဒီနေ့က မာအေး ဆိုခဲ့တာတွေကတော့ လေလှိုင်းတွေ၊ မီဒီယာတွေက ကြားမှာမို့ ထားလိုက်ပါတော့၊ သီရိမောင်မောင်ကိုယ်တိုင် ဆိုင်းတီးရင်း ဖျော်ဖြေတဲ့ ‘ကိုယ့်ဂီတကို မြတ်နိုးပါ’ ဆိုတဲ့ သီချင်းလေးတစလောက်နဲ့ သိမ်းပါရစေရှင်။

(*ကိုယ့်ဂီတကို မြတ်နိုးပါ – သီရိမောင်မောင်)

ဂီတအနုပညာဆိုတာဟာ ယဉ်ကျေးမှုရဲ့ အရင်းအမြစ်ပါ၊ လူမျိုးစုရဲ့ သမိုင်းကို ဖေါ်ညွှန်းပေတာ (အမျိုးဂုဏ်တွေ သက်ဝင်လို့သာ၊ ဇာတိဂုဏ်တွေ ထင်ဟပ်လို့သာ)၂
ဂီတသာရင် လူမျိုးသာယာမျာ၊ ဂီတချာရင် လူမျိုးပါ ချာသတဲ့၊ ရှေးက ဆိုစကါး သတိထားသင့်ပေတာ၊ ကမ္ဘာအရပ်ရပ်က ဂီတတွေကို နှစ်သက်သလို ခံစားကြပါ၊ ကိုယ့်ရိုးရာဂီတကိုလဲ မပစ်ပယ်စေချင်တာ၊ သီရိမောင်မောင်တီးတဲ့လက်သံ (နားဆင်ကြည့်စမ်းပါ)၂ x ဗုံကလေးတွေကို ချစ်စရာ မွှေ့လိုက်ရင် နှစ်တစ်ရာမမေ့အောင် စွဲသွားမှာ သေချာ၊ မြန်မာပြည်ကိုချစ်ရင် မြန်မာ့ဆိုင်းကို အားပေးလိုက်စမ်းပါ xxx

 

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


စာစီစာရိုက် လုပ်အားပေး- မျိုးဇော်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts