သတင်းဆောင်းပါး

နိဗ္ဗာန်ဈေးက လိုတာရ၏

အရှင်သြသဓ
သြဂုတ် ၂၉၊ ၂၀၁၂

ဓမ္မာနန္ဒကျောင်းတော်၏ သတ္တမအကြိမ်မြောက် နိဗ္ဗာန်ဈေးပွဲတော်ကို သြဂုတ်လ ၂၆ ရက်နေ့က ပျော်ရွှင်စည်ကားစွာဖြင့် ပြီးဆုံးသွားခဲ့ပေပြီ။ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းတော်ကြီး ရေရှည်တည်တံ့နိုင်ရေးအတွက်ပင် ဖြစ်သည်။ အမေရိကား၌ ရှိနေကြသော ကျောင်းများ သည် အများထုံးစံအတိုင်း လစဉ်ကုန်ကျစရိတ် ကြီးမားလှ၏။ ထိုကုန်ကျစရိတ်များကိုပေးနိုင်မှသာလျှင် ကျောင်းတော်များ ရေရှည်တည်တံ့နိုင် မည်ဖြစ်ပေသည်။ ကျောင်းတော်များ ရေရှည်တည်တံ့နိုင်ရေးအတွက် နိဗ္ဗာန်ဈေးပွဲတော်နှင့် ရာသီပွဲတော်များသည် အဓိကကျသော ထောက်ပံ့ရေးမဏ္ဍိုင်များပင် ဖြစ်လာတော့၏။

‘သာသနာရေး ဘာသာရေး လုပ်ငန်းများပြုလုပ်နိုင်ရန် ကျောင်းတော်ကြီးတည်ရှိနေဖို့ အရေးကြီး၏’ ဟူသော အသိစိတ်ဓာတ်ဖြင့် နိဗ္ဗာန်ဈေးပွဲ တော်ရှိတိုင်း မိမိတို့တတ်စွမ်းရာ အစားအသောက်များဖြင့် လာရောက်ရောင်းချလှူဒါန်းကြသော အလှူရှင်များ၏ စေတနာကား အံ့သြလောက် အောင်ပင် ထက်သန်ကြ၏။ သာဓုလည်း အကြိမ်ကြိမ်ခေါ်မိပါ၏။ တချို့ဆိုလျှင် လများစွာကပင် ကြိုတင်၍ နာမည်နှင့် အစားအသောက် စာရင်းများ ပေးထားကြ၏။ အစားအသောက် အမျိုးအမည် တစ်ခုတည်းသာ ပြောထားသူများကလည်း နီးလာတော့ နှစ်မျိုးသုံးမျိုး ထပ်တိုး လာကြ၏။ အလုပ်က ခွင့်မရလို့မလုပ်ဖြစ်တော့ဘူးဆိုသူများကလည်း မရ,မက ခွင့်ရအောင်တောင်း၊ လူချင်း အချိန်လဲပြီး နောက်ဆုံးအချိန်တွင် ရောက်လာကြပြန်၏။

ဒကာမတစ်ယောက်ဆိုလျှင် “ဒီနှစ် မအားလို့မလာတော့ဘူးဘုရား” ဟုပြောပြီးမှ နီးလာတော့ စိတ်ကလုပ်ချင်လာသည်ဆို၏။ “တနှစ်မှ တခါလေးလုပ်တာ၊ ခါတိုင်းနှစ်ကလဲ ငါလုပ်နေကြ၊ ဒီနှစ်ကျမှ ပျက်ရမယ်ဆိုရင် ငါတို့ဒကာမတွေဘက်က တာဝန်မကျေရာ ကျမယ်။ မရ, ရ အောင် ခွင့်တောင်းကြည့်မယ်ဆိုပြီး အရဲစွန့်တောင်းလိုက်တော့ ရလာတယ်ဘုရား” ဟု ဆိုလာ၏။ နောက်ပြီး… အသက်ကြီးလို့ ကျောင်းကို မလာနိုင်တော့တဲ့ ဒကာမကြီးတစ်ယောက်ကတော့ ရှိသမျှ သူ့သားမီးတွေခေါ်ပြီး “နင်တို့ကျောင်းကို သွားကြ၊ ကိုယ်တတ်တာ ကိုယ်လုပ်ကြ၊ ငါက အသက်ကြီးလို့ မလုပ်နိုင်တော့ဘူး။ ဟိုတုန်းကလိုသာဆို နင်တို့တောင် အခုလို ခေါ်မနေဘူး” ဆိုပြီး ရှိသမျှသားသမီးတွေကို အကုန် သွားခိုင်းသည်ဆို၏။ အလွန်လေးစားစရာပင်။

နောက်ပြီး နိဗ္ဗာန်ဈေးပွဲတော်လာသူများ အဆင်ပြေပြေကားများရပ်ထားနိုင်ရန် ဝေယျာဝစ္စလူငယ်လေးများ အဖွဲ့ ကလည်း တရက်ကြိုတင်ကာ ကားပါကင်နေရာရှင်းခြင်း၊ မျဉ်းဆွဲခြင်း၊ ရွက်ဖျင်တဲများထိုးခြင်း၊ နေရာများ စီမံချပေးခြင်း၊ ပွဲတော်ရက်တွင် ကားများစနစ်တကျ နေရာချပေး ခြင်း၊ ပွဲပြီးလျှင် ပစ္စည်းများ နေရာတကျ ပြန်လည်သိမ်းဆည်းပေးခြင်းဖြင့် ပျော်ပျော်ပါးပါး တဟားဟား ရယ်မောနောက်ပြောင်ရင်း လုပ်အား ပေးကြသည်မှာ မြင်ရသူတိုင်း ပျော်စရာပင်။

ဒီနှစ် ဈေးပွဲတော်မှာ ထုံးစံအတိုင်း အစားအသောက်များပင် ဖြစ်၏။ မြန်မာစာ၊ တရုတ်စာ၊ ကုလားစာ၊ ယိုးဒယား စာ၊ ဘိုစာ…..စသဖြင့် အမျိုးစုံလှ၏။ လူကြီးများက သူတို့ကြိုက်ရာ ရိုးရာအစားအသောက်ဆိုင် ဝိုင်းအုံနေချိန်မှာ ဒီမှာ မွေးတဲ့ ကလေးတွေကတော့ ဟော့ဒေါ့, ဟန်ဘာဂါ, စာတေးတို့လို ဆိုင်တွေမှာ တအားရွေးရင်း အားပေးနေကြ၏။ ဒီနှစ်တော့ အစားစုံသလို လာတဲ့လူတွေလဲ စုံလှ၏။ အဖြူများလဲ မြန်မာစာကြိုက်တတ်လာပြီနဲ့တူပေသည်။ သူတို့လဲ လာပြီး အားပေးကြတာ တွေ့ရ၏။ အစားအသောက်မလုပ်တတ်တဲ့ ကလေးတွေက လည်း လူသုံးပစ္စည်းမျိုးစုံ စုပေါင်းပြီး “ဒါနစတိုး”ဆိုတဲ့ နာမည်နဲ့ ကျောင်းတော်ကြီးအတွက် အလှူငွေရှာပေးကြတာဖြင့် သူတို့သဒ္ဓါတရား လေးတွေ ချီးကျူး စရာပင်။

အစားအသောက်ရောင်းချတဲ့ ဈေးနှုန်းတွေကတော့ ၁ ဒေါ်လာကနေ ၅ ဒေါ်လာအထိ မျိုးစုံတွေ့ရ၏။ ပြင်ပဆိုင်မှာနှင့်စာရင် အများကြီး ဈေးချိုတယ် ပြောရပေမည်။ သူတို့ထည့်ပေးတာတွေ တချို့များဆို မောက်လျှံနေ၏။ ငွေနည်းနည်းနဲ့ များများစားရသည် ပြောရမည်ပင်။ နေ့လည် တစ်နာရီထိုးခါနီးတော့ တချို့လဲ မြန်မြန်ကုန်ချင်သဖြင့် ဈေးတွေလျှော့၊ on sale လုပ်ပြီး အများကြီးထည့်ပေးလိုက်ကြ၏။ တချို့လူ တွေလဲ အသိမိတ်ဆွေတွေ လက်ဆောင်ပေးအောင်ဆိုပြီး ထပ်ဝယ်သွားကြပြန်၏။

ဒါတင် မကသေးပေ။ ဒကာမကြီးတစ်ယောက်ကလည်း ဆရာတော်ကြီး ဦးသီလာနန္ဒကိုရည်စူးပြီး သူ့ပတ္တမြား ဆွဲကြိုးကို မဲဖေါက်လှူဒါန်းတာလဲ ပါသေး၏။ ပတ္တမြားတွေက အရည်အသွေးကောင်းတွေလို့ ဆိုကြ၏။ လက်မှတ်က တစ်စောင် ၁၀ ဒေါ်လာတဲ့။ နေ့လည် ၁ နာရီထိုးလို့ မဲဖေါက်ကြတော့ လူတွေက လှုပ်လှုပ်ရွရွနဲ့ “ပေါက်မလား၊ ပေါက် မလား”နဲ့ စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြ၏။ ပေါက်မဲထွက်လာတော့ အစားအသောက်လာလှူတဲ့ ဒကာမကြီး တစ်ယောက်က ပေါက်သွားပေသည်။ အလှူရှင်ကိုယ်တိုင် တလေးတစား မဲပေါက်သူကို ပေးလိုက်၏။ အဲဒိအချိန်မှာ သူတို့တွေဟာ အပြုံးကိုယ်စီနဲ့ “အပြုံးချင်းပြိုင် ဘယ်သူနိုင်မလဲ”လို့တောင် ပြောရမလောက်ပင် ဖြစ်၏။ မှန်ပေသည်။ လှူတဲ့ သူကလဲ လှပတဲ့ပတ္တမြားဆွဲကြိုးကြီးအပေါ်မှာ တွယ်တာတဲ့တဏှာကို သဒ္ဓါဓားထက်ထက်နဲ့ဖြတ်တောက်ကာ မစ္ဆရိယရန်သူကို အနိုင်ယူ လိုက်နိုင်လို့ ပျော်နေပုံမျိုးဖြစ်၏။ မဲပေါက်သူကတော့ “ကုသိုလ်က အကျိုးပေးတယ်ဆိုတာ မယုံမရှိနဲ့။ ဒို့ကိုကြည့်။ အခု အစားအသောက် လာလှူတာ၊ ချက်ချင်းအကျိုးပေးတယ်။ ဒါကြောင့် ကုသိုလ်ကို များများလုပ်ကြ”လို့ တပါးသူတွေကို အလှူရဲ့အကျိုး လက်တွေ့ပြလိုက်ရလို့ ဝမ်းသာနေတဲ့ပုံမျိုး သူတို့မျက်လုံးတွေကနေတဆင့် တွေ့လိုက်ရပေသည်။ ဒီနှစ်နိဗ္ဗာန်ဈေးကတော့ အစားကြိုက်သူက အစား၊ ပတ္တမြားကြိုက်သူက ပတ္တမြား၊ သူတို့ကြိုက်ရာ လေးတွေကို ရသွားကြတော့ အားလုံးပျော်နေကြပေသည်။

လွန်ခဲ့တဲ့ ၁၄ နှစ်လောက်တုန်းက ဒကာတစ်ယောက်က “နိဗ္ဗာန်ကို ဈေးထဲမှာချရောင်းတာ နိဗ္ဗာန်ဂုဏ်သိက္ခာကျတာဘဲ ကိုယ်တော်၊ နိဗ္ဗာန် က အပေါစားဖြစ်သွားတာပေါ့” လို့ စာရေးသူကိုပြောဖူး၏။ အဲဒီတုန်းက အမေရိကားမှာရှိတဲ့ကျောင်းတွေမှာ နိဗ္ဗာန်ဈေးပွဲတော်တွေ စလုပ်ခါစ အချိန်ဖြစ်၏။ သူကလဲ စာရေးသူနဲ့ နောက်တောက်တောက်ပြောနေကြမို့ “ကောင်းတာပေါ့ ဒကာကြီးရ၊ ကျုပ်တော့ နိဗ္ဗာန်ကို on sale ရောင်းတဲ့အခါကျရင် ဝယ်မယ်ဗျာ။ ကျုပ်က ပစ္စည်းဝယ်ရင် အမြဲ on sale ကို စောင့်နေကျမဟုတ်လားဗျ” လို့ ရီစရာ ပြန်ဖြေလိုက်၏။

သူ့အနေနဲ့ကတော့ ဗုဒ္ဓဘာသာဝင်များ အမြတ်တနိုးထားပြီးသုံးစွဲတဲ့ “နိဗ္ဗာန်” ဆိုတဲ့စကားလုံးကို လမ်းပေါ်က ရောင်းကုန်ပစ္စည်းလေး တစ်ခုလိုသဘောထားပြီး ခပ်ပေါ့ပေါ့သုံးစွဲတာကို မကြိုက်တဲ့သဘော ဖြစ်ပါလိမ့်မည်။ ခက်ခဲ နက်နဲတဲ့ သဘောတရားတွေကို နေ့စဉ်သုံးဝေါ ဟာရတွေ, လုပ်ဆောင်မှုတွေနဲ့ ဥပမာပေးပြီး ဟောကြားထားတဲ့ တရားတော်တွေဟာ ပိဋကတ်တော်မှာ နေရာအနှံ့ပင်ဖြစ်၏။ တကယ် တော့ ဒီ “နိဗ္ဗာန်ဈေး” ဆိုတဲ့ စကားအသုံးမျိုး မိလိန္ဒပဥှာကျမ်းထဲက အနုမာနပဥှာမှာ အောက်ပါအတိုင်း သုံးထားတာ တွေ့ရပေသည်။

မင်းမြတ်….ထိုတရားမြို့တော်ကြီး၏ သတိပဋ္ဌာန်လမ်းမတော်၌ ပန်းဈေးရုံ၊ နံ့သာဈေးရုံ၊ အသီးဈေးရုံ၊ အဆိပ် ဖြေဆေး ဈေးရုံ၊ ဆေးဈေးရုံ၊ အမြိုက်ရေစင် ဈေးရုံ၊ ရတနာအမျိုးမျိုး ဈေးရုံ၊ ကုန်စုံဈေးရုံဟူသော ဈေးရုံတို့ကို ဖြန့်ခင်းရောင်းချအပ်ကုန်၏။ (အနုမာနပဥှာ၊ အနုမာနဝဂ်၊ မိလိန္ဒပဥှာ။)

ဈေးထဲမှာ ဆိုင်မျိုးစုံရှိပေမဲ့ ထုံးစံအတိုင်း လူတစ်ကိုယ် အကြိုက်တစ်မျိုးစီမို့ ကိုယ်ကြိုက်ရာရာ ဆိုင်ဘက်ကိုသာ သွားကြ၊ ရှာကြ၊ ဝယ်ကြတာ မဟုတ်လား။ ဒါကြောင့် ဆိုင်တွေမှာ တစ်ဆိုင်ထဲနှင့် လိုရာပစ္စည်းအကုန်ရနိုင်အောင် လူသွားလူလာများတဲ့ လမ်းမတော်ကြီးတွေပေါ်မှာ ဧရာမ စတိုးဆိုင်ကြီးတွေဖွင့်ပြီး ရှိသမျှပစ္စည်းတွေ အကုန်တင်ရောင်းချကြ၏။ ဘယ်ပစ္စည်းက ဘယ်လိုကောင်းတယ်၊ ဘယ်လောက် ခေတ်မီတယ်၊ ဘယ်လို အသုံးတွင်ကျယ်တယ်၊ ဘယ်လို အကျိုးတွေ ရနိုင်တယ်၊ ဘယ်လို အာမခံချက်တွေရှိတယ် ……စသဖြင့် စသဖြင့် မျိုးစုံအောင် သူ့ထက်ငါ ကြော်ငြာတွေကလဲ အပြိုင်ပင် ဖြစ်၏။

ထိုနည်းတူပင် နိဗ္ဗာန်ရွှေပြည် မြို့တော်ကြီးဆီသို့ ဦးတည်ကာ သာယာဖြောင့်မတ်စွာ ဖေါက်လုပ်ထားသည့် သတိပဋ္ဌာန် လမ်းမတော်ကြီးပေါ်မှာ ကျင့်ကြံလိုက်နာဖွယ်ရာ ဓမ္မစတိုးဆိုင်မျိုးစုံကို ဘုရားရှင်ကိုယ်တော်တိုင် ဖွင့်လှစ်ထား၏။ အဲဒီမှာ ရောင်းချသည့် စတိုးဆိုင်ကြီးများ၏ နာမည်များ၊ ရရှိနိုင်မည့် အကျိုးအာနိသင်များ၊ နောက်ဆုံး ဘာမှ ပြုပြင် စရာလဲ မလို, အစားထိုးစရာလဲ မလို, မည်သည့်ဆိုင်မှာမှလဲ မရနိုင်, ဤဓမ္မစတိုးဆိုင် တစ်ခုတည်းမှာသာရနိုင်သည့် အစစ်မှန်ဆုံး ပစ္စည်းတစ်ခုကိုလည်း အောက်ပါအတိုင်းထည့်သွင်းကြော်ငြာထားတာ တွေ့ရပေသည်။

“မင်းမြတ်…မြတ်စွာဘုရား၏ အင်္ဂါကိုးပါးနှင့်ပြည့်စုံသော စကားတော်သည်လည်းကောင်း၊ ကိုယ်တော်စားဖြစ်ကုန်သော ဥဒ္ဒိဿစေတီ၊ ဓာ တုစေတီတို့သည်လည်းကောင်း၊ သုံးဆောင်တော်မူရာဖြစ်သော သပိတ်သင်္ကန်း စသော ပရိဘောဂစေတီတို့သည်လည်းကောင်း၊ သံဃာ ရတနာသည်လည်းကောင်း ကုန်မျိုးစုံရောင်းသော ဈေးရုံမည်၏။ မင်းမြတ်…..ကုန်မျိုးစုံရောင်းသောဈေးရုံ၌ မြတ်စွာဘုရားသည် ဇာတ် နှင့်ပြည့်စုံမှု ‘ဇာတိသမ္ပတ္တိ’ ဟူသောကုန်ကို ဖြန့်ခင်းအပ်၏။ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံမှု ‘ဘောဂသမ္ပတ္တိ’ ဟူသော ကုန်ကိုဖြန့်ခင်းအပ်၏။ အသက်ရှည်ခြင်းနှင့်ပြည့်စုံမှု ‘အာယုသမ္ပတ္တိ’ဟူသော ကုန်ကိုဖြန့်ခင်းအပ်၏။ အနာကင်းခြင်းနှင့်ပြည့်စုံမှု ‘အာရောဂျသမ္ပတ္တိ’ဟူသော ကုန်ကိုဖြန့်ခင်းအပ်၏။ အဆင်းနှင့်ပြည့်စုံမှု ‘ဝဏ္ဏသမ္ပတ္တိ’ဟူသော ကုန်ကိုဖြန့်ခင်း အပ်၏။ ပညာနှင့်ပြည့်စုံမှု ‘ပညာသမ္ပတ္တိ’ဟူသောကုန်ကို ဖြန့်ခင်းအပ်၏။ လူ၌ဖြစ်သော ချမ်းသာနှင့်ပြည့်စုံမှု ‘မာနုဿိကသမ္ပတ္တိ’ဟူသော ကုန်ကိုဖြန့်ခင်းအပ်၏။ နတ်၌ဖြစ်သော ချမ်းသာနှင့်ပြည့်စုံမှု ‘ဒိဗ္ဗသမ္ပတ္တိ’ဟူသော ကုန်ကို ဖြန့်ခင်းအပ်၏။ နိဗ္ဗာန်ချမ်းသာနှင့် ပြည့်စုံမှု ‘နိဗ္ဗာနသမ္ပတ္တိ’ဟူသော ကုန်ကို ဖြန့်ခင်းအပ်၏” တဲ့။

ဟုတ်ပါသည်။ ဈေးပွဲလာသူများဟာ လက်ထဲမှာ ပိုက်ဆံပါလာရင် ကိုယ်ကြိုက်တဲ့အစာကို ဝယ်စားကြသလိုဘဲ လူတွေ သတ္တဝါတွေဟာလဲ ကုသိုလ်လေးလုပ်ပြီးတိုင်း မိမိလိုရာဆုကို တောင်းတတ်ကြ၏။ တချို့ အမျိုးဇာတ်မြင့်ချင်၏။ တချို့ စည်းစိမ်ချမ်းသာချင်၏။ တချို့ အသက် ရှည်ချင်၏။ တချို့ ကျန်းမာချင်၏။ တချို့ ရုပ်လှချင်၏။ တချို့ ပညာတတ်ဖြစ်ချင်၏။ တချို့ လူဖြစ်ချင်၏။ တချို့ နတ်ပြည်ရောက်ချင်၏။ တချို့တော့ ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ရောက်ချင်၏။ ဒါတွေအားလုံးဟာ ဘုရားရှင်ကိုယ်တော်တိုင် ဖြန့်ခင်းရောင်းချနေသည့် “နိဗ္ဗာနစတိုး”ဆိုင်မှာ ရနိုင်တာတွေချည်းပင် ဖြစ်၏။

ဈေးပွဲတော်လာတဲ့သူတွေဟာ စားချင်ပေမဲ့ အလကားတော့ မစားရ။ လက်ထဲမှာ ငွေပါမှစားနိုင်သလို သတ္တဝါတွေဟာ ထိုထိုစည်းစိမ်ချမ်း သာတွေကို လိုချင်တယ်ဆိုရင်ဖြင့် အဖိုးအခလေးတော့ ရှိဖို့လိုပေသည်။ အဲဒါကတော့ ကုသိုလ်ကံတစ်ခုခုရှိထားမှ ရနိုင်ပေမည်။ ထို့ကြောင့်-

“ထိုဈေးရုံတော်၌ ထိုထိုသမ္ပတ္တိကို အလိုရှိကြသူတို့သည် ကံတည်းဟူသောအဖိုးငွေကိုပေး၍ တောင့်တတိုင်း တောင်းတတိုင်းသော သမ္ပ တ္တိကို ဝယ်ယူကြကုန်၏။”

ဟု ဆိုထားပေသည်။ ဈေးပွဲလာသူများ မိမိလက်ထဲမှာ ငွေရှိမှသာ ဝယ်နိုင်၏။ ငွေအနည်းအများကို ထောက်ဆ၍ တန်ဘိုးအကြီးအသေး ပစ္စည်းကို ဝယ်နိုင်ကြ၏။ ငွေနည်းနည်းဖြင့် လိုချင်တာတော့ အကုန်မရနိုင်။ ငွေရှိသလောက်သာ ရနိုင်၏။ ထို့အတူပင် သတ္တဝါများလည်း မိမိရှိသော ကုသိုလ်အနည်းအများအပေါ် မူတည်၍ ထိုထိုပြည့်စုံမှု‘သမ္ပတ္တိ’မျိုးကို ရနိုင်ကြကုန်၏။ ဤသည်ကိုပင် ကျမ်းစာ၌-

“မင်းမြတ်….ဤအတူသာလျှင် မြတ်စွာဘုရား၏ ကုန်မျိုးစုံရောင်းသော ဈေးရုံတော်၌ အနည်းငယ်သော ကုသိုလ်တည်းဟူသော အဖိုးငွေဖြင့် လည်း ထောက်၍ ထောက်၍ ပြည့်စုံမှု ‘သမ္ပတ္တိ’ကို ရကုန်၏။” ဟု ဆိုထားပေသည်။

တခါတလေ ဈေးဆိုင်များတွင် on sale လုပ်ကာ ဈေးချတတ်၏။ ပစ္စည်းကောင်းများ ငွေနည်းနည်းဖြင့် ရနိုင်၏။ တခြားအချိန်များတွင် မရနိုင်။ ထို့အတူ “နိဗ္ဗာနစတိုး”ဆိုင်၌လည်း ဘုရားပွင့်သော အချိန်ကာလတွင် လူ့စည်းစိမ်, နတ်စည်းစိမ် စသည့် အဖိုးတန်ကုန်ပစ္စည်းများ on sale လုပ်၏။ သာသနာပ,ကာလတွင် မြောက်မြားစွာ လုပ်ထားသော ကုသိုလ်ထက် သာသနာတွင်းကာလတွင် ဆွမ်းတစ်ဇွန်းမျှ လှူဒါန်းရသော ကုသိုလ်က အဆများစွာ သာ၍ အကျိုးပေးနိုင် ၏။ ထို့ကြောင့်ပင် သိကြားမင်းကြီးက အရှင်မဟာကဿပ မထေရ်ကြီးကို-

“တပည့်တော်က သာသနာပအခါက လုပ်ခဲ့တဲ့ကုသိုလ်ကြောင့် သိကြားမင်းဖြစ်လာရတာမို့ ဘုန်းမကြီးပါဘူးဘုရား။ သာသနာတွင်း ကု သိုလ်လုပ်ခဲ့ကြတဲ့ စူဠရထနတ်သား၊ မဟာရထနတ်သား၊ အနေကဝဏ္ဏနတ်သား တို့က တပည့်တော်ထက် အရောင်အဝါ, ဘုန်းတန်ခိုးမှာ အဆများစွာ သာလွန်ပါတယ်ဘုရား။ သူတို့နှင့်လမ်းမှာ တွေ့ရင်တောင် တပည့်တော်မှာ ရှက်လွန်းလို့ ချောင်ထဲမှာ ဝင်ပုန်းနေရပါတယ် ဘု ရား ” လို့ လျှောက်ထားခဲ့ဖူးပါတယ်။ နိဗ္ဗာန်ဈေးပွဲ အလှူရှင်များလည်း သာသနာတွင်းကုသိုလ်များ ပိုင်ဆိုင်ထားကြပေသမို့ လူနတ်စည်းစိမ် သမ္ပတ္တိမျိုးစုံကို ဈေးချိုချိုဖြင့် ရကြမည်မှာ မလွဲပေ။

ဒီလို သမ္ပတ္တိမျိုးစုံကို ကုသိုလ်ရှိမှသာ ရနိုင်သည်ဟု အထက်၌ ဆိုခဲ့ပြီးဖြစ်၏။ ထိုကုသိုလ်ကံဟူသည်လည်း စေတနာကိုပင် ခေါ်ခြင်းဖြစ်သည်။ စေတနာဆိုတိုင်းလည်း အကောင်းချည်းမဟုတ်။ အကုသိုလ်စေတသိက်တွေနဲ့ ပေါင်းသင်းမိရင်ဖြင့် စေတနာဟာ အဆိုးဖြစ်သွား၏။ တင့်တယ်ကောင်းမြတ်သည့် စေတသိက်တွေနဲ့ ပေါင်းသင်းမှသာ စေတနာကောင်းဖြစ်နိုင်၏။ ထို့ကြောင့် ကုသိုလ်ကံဖြစ်ရန် စေတနာလည်း အပေါင်းအသင်း မှန်ရပေမည်။ ကလျာဏမိတ္တ ရှိရပေမည်။ ဤနေရာ၌ ကုသိုလ်ဖြစ်ဖို့ ကလျာဏမိတ်ကား သဒ္ဓါတရားပင် ဖြစ်၏။ သဒ္ဓါရှိမှ ကုသိုလ်ဖြစ်မည်။ ကုသိုလ်ရှိမှ လိုရာသမ္ပတ္တိ ချမ်းသာကို ဝယ်နိုင်မည်။ ထို့ကြောင့်- “ရဟန်းတို့……သင်တို့သည် သဒ္ဓါဟူသော အဖိုးငွေဖြင့် ဝယ်၍ ကြွယ်ဝချမ်းသာသည် ဖြစ်ကြကုန်လော့” ဟု ဆိုထားခြင်းဖြစ်၏။

နိဗ္ဗာန်ဈေးပွဲမှာ မဲဖေါက်တုန်းက ပတ္တမြားဆွဲကြိုးကြီး မဲပေါက်သွားတော့ “ဘယ်သူများ ပါလိမ့်မတုန်း”လို့ ကံထူးရှင်ကို လူတကာ ဝိုင်း ကြည့်ကြ၏။ ထို့အတူပင် နိဗ္ဗာန်ဈေးပွဲတော် အလှူရှင်များလည်း မိမိတို့ ဆည်းပူးအားထုတ်အပ်သော ကုသိုလ်ထူးကြီးကြောင့် ဒုက္ခမျိုးစုံ ဝဋ်သံသရာဘုံမှ လွတ်မြောက်ရာ နိဗ္ဗာန်တည်းဟူသော “ဝိမုတ္တိရတနာ” ပန်းကို ဆင်မြန်းနိုင်ကြပေလိမ့်မည်။ ဤသည်ကိုပင် ကျမ်းဂန်ထဲ၌-

“ပတ္တမြားပန်းကိုပန်ဆင်သောအိမ်ရှင်ကို လူအပေါင်းသည် မော်၍ ကြည့်၏။ ဝိမုတ္တိရတနာပန်းကို ပန်ဆင်သူကိုကား နတ်နှင့်တကွသော လူတို့သည် မော်၍ ကြည့်ကုန်၏။” ဟု ပန်းနှစ်ခု၏ အလှကို နှိုင်းယှဉ်၍ ပြထားပေသည်။ ထို့ကြောင့်ပင် နိဗ္ဗာန်ဈေးပွဲတော်ကြီး လာနွှဲကြသူ လူအပေါင်းတို့ သည် မိမိတို့လိုရာ သမ္ပတ္တိချမ်းသာများနှင့် ပြည့်စုံနိုင်ကြပါစေ။ ဘုရားတစ်ဆူပွင့်မှသာ ပန်ဆင်ခွင့်ရသော ဝိမုတ္တိရတနာ ပန်းကြီးကိုလည်း လူတိုင်းကိုယ်စီ ပန်ဆင်နိုင်ကြပါစေကြောင်း ဆုတောင်းပန်ထွာ ပြုအပ်ပါ၏။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts