တူမောင်ညို သူတို့အာဘော်

ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ရဲ့ကံကြမ္မာ (Tu Maung Nyo)

ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ရဲ့ကံကြမ္မာ

တူမောင်ညို။ သြဂုတ် ၂၂၊ ၂၀၁၂

 (နဝတ-နအဖ) စစ်အစိုးရကာလမှာတုန်းက စစ်အုပ်စုတွင်း အာဏာစားခွက်လုမှုတွေနဲ့ပတ်သက်ပြီး  ဘယ်သူကိုတော့ ဖြုတ် လိုက်ပြီ/ ထုတ်လိုက်ပြီဆိုတဲ့ ကောလဟလဆန်ဆန်သတင်း စတင်ထွက်ပေါ်လာတတ်ပါတယ်။ အဲဒီနောက်မှာ ဘယ်သူတော့ဖြင့် ပြုတ် သွားပြီဆိုတာကို ကျနော်တို့ပြည်သူတွေသိခဲ့ကြရတာပါ။

အခုကတော့ အရင်နဲ့မတူ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရေကိုခြုံထားရလေတော့ အာဏာစားခွက်လုမှုတွေဟာ “ဥပဒေ ဆိုင်ရာ အငြင်းပွားမှုပုံစံ” နဲ့ပေါ်ထွက်လာတာကို ကျနော်တို့ပြည်သူများ ရှုစားကြရတာဖြစ်ပါတယ်။ ဒါဟာပွဲဦးထွက်ပါ။ ပွဲကြီးပွဲကောင်းလည်း ဖြစ်ပါတယ်။ နောက်ထပ် “ဥပဒေအရ၊ ဥပဒေနဲ့အညီ” အကျိုးစီးပွားအငြင်းပွားမှုတွေ လာဦးမှာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို မဖျက်သိမ်းနိုင်သေးသမျှပေါ်ထွက်နေဦးမှာပါ။

ယခုပေါ်ပေါက်ဖြစ်ပွားနေတဲ့ 

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့်  ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဟုတ်/မဟုတ်”

ဆို တဲ့ဖြစ်ရပ်က(နဝတ-နအဖ) စစ်အုပ်စုရဲ့ အာဏာအမွေခံ၊အာဏာအမွေဆိုင်၊ အာဏာပြိုင်တွေရဲ့ အာဏာလုမှု၊ ကိုယ်ကျိုးစီးပွား လုယက် မှုတွေကိုထင်ဟပ်ဖေါ်ပြချက်သာဖြစ်ပါတယ်။

 ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတဲ့အရေကိုခြုံထားတာမို့ ဥပဒေဆိုင်ရာ အငြင်းပွားမှု ပုံစံအဖြစ် ဖေါ်ပြတာပဲဖြစ်ပါတယ်။ ယခင်က စစ်အုပ်စုတွင်း ဂိုဏ်းအုပ်စုအကျိုးစီးပွားပြဿနာတွေကို  “နံပတ်ဝမ်း”က  အမိန့်မနာခံမှု၊ လာဘ်စားမှုဆိုတာတွေနဲ့ ကိုင်ပြီး ဖြုတ်ပစ်ခဲ့တာပဲ။ ဒီနည်းနဲ့ ဗိုလ်ကျော်ဘ – ဗိုလ်ထွန်းကြည်တို့ကိုထုတ်ခဲ့တာ၊ ဗိုလ်ခင်ညွန့်(ထလရ) ဂိုဏ်းပြုတ်ခဲ့တာဖြစ်ပါတယ်။

 အခုတော့ ကန့်လန့်ကာနောက်ကွယ်က “နံပတ်ဝမ်း” လည်း မတတ်နိုင်တော့ပြီ။  ထိန်းထိန်း၊ သိမ်းသိမ်း ၊ညှိညှိ၊ နှိုင်းနှိုင်း လုပ်ကြလို့ သြဝါဒပေးနေတဲ့ပုံပါပဲ။

သြဂုတ်လ ၁၅ ရက်နေ့က မိုးမခအွန်လိုင်းတွင် ရေးသားဖေါ်ပြခဲ့သော ကျနော့်ဆောင်းပါး “လွှတ်တော်၊ခုံရုံးနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ” တွင်

“လောလောဆယ်မှာတော့ ကျနော်တို့ နိဂုံးကောက်ချက်ချဖို့ မဖြစ်နိုင်ပါဘူး။ စောလွန်းနေပါသေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ခုံရုံးအဖွဲ့ဝင်များရဲ့ တုန့်ပြန်မှုနဲ့အသံကို လေ့လာစောင့်ကြည့်ဖို့ လိုပါသေးတယ်” ဖေါ်ပြခဲ့ပါ တယ်။

သြဂုတ်လ ၂၀ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့သတင်းစာရှင်းလင်းပွဲနဲ့ ခုံရုံးရဲ့ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဆိုတာ အခုပေါ်ထွက်လာခဲ့ပါပြီ။ တပြိုင်နက်တည်းလိုလိုပင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့တဲ့သဝဏ်လွှာ လည်း ပေါ်ထွက်လာခဲ့ပြီ။ ဒါကြောင့် အခုလို မြိုင်မြိုင်ဆိုင်ဆိုင်ပေါ်ထွက်လာတဲ့ တုန့်ပြန်ချက်များအပေါ် ကျနော်တို့လေ့လာကြပါစို့။

ဦးသိန်းစိန်ထံမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထံပေးပို့တဲ့သဝဏ်လွှာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ သတင်းစာရှင်းလင်းပွဲနဲ့ ခုံရုံး သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) တို့ကို အတိုချုပ်ပြောရရင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က သြဂုတ် ၁၄ ရက်ဖြင့်ပေးပို့သော သဝဏ်လွှာ ကို လုံးဝလက်မခံဘဲ၊ ပြတ်ပြတ်သားသားတညီတညွတ်တည်း ပယ်ချလိုက်တာပဲဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က သြဂုတ် ၁၄ ရက်ဖြင့်ပေးပို့သော သဝဏ်လွှာမှာ အဓိကအာဖြင့် အောက်ပါ  အချက် ၂ ခုပဲပါဝင် တာဖြစ်ပါတယ်။

– သမ္မတကိုယ်စား ရှေ့နေချုပ်မှ  (၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်)နေ့တွင် တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည် ရုတ်သိမ်းရန်

– သြဂုတ် ၂၁ ရက်မတိုမီ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဆန္ဒအလျောက်တာဝန်မှ နုတ်ထွက် အနားယူ ရန်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထံပြန်ကြားလိုက်တဲ့ သမ္မတသဝဏ်လွှာ (၂၀ သြဂုတ်) က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနည်း လမ်းကိုတင်ထားပြီး၊ ထိန်းထိန်း၊သိမ်းသိမ်း၊ ညှိညှိနှိုင်းနှိုင်းလုပ်ကြဖို့ အချက်ပြထားပေမယ့် အထက်မှာဖေါ်ပြခဲ့တဲ့အချက် ၂ ချက်နဲ့ ပတ် သက်လို့တော့ သမ္မတဦးသိန်းစိန်ဟာ ဦးသိန်းစိုးတို့ခုံရုံးနဲ့ တစ်စိတ်တည်းတစ်ဝမ်းတည်းရှိတယ်ဆိုတာကို ရှင်းရှင်းပြတ်ပြတ်ဖေါ်ပြထားတာ ပေါ်လွင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသုံးရပ် အညီအမျှခွဲဝေထားတယ်ဆိုတာ အမြင်ကောင်းအောင်ပြထားတာ ပေါ်လွင်အောင်  သူ့သဝဏ်လွှာနိဂုံးပိုင်းမှာ “လွှတ်တော်နဲ့ ခုံရုံး” ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားတဲ့သီးခြားလွတ်လပ်သော အဖွဲ့အစည်းတွေ ဖြစ်လို့  မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်” ရှိတယ်လို့လမ်းဖွင့်ပေးထားရပါတယ်။

ဆိုလိုချင်တာကတော့ ပြည်သူ့လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ (က) (၂) ပုဒ်မခွဲငယ်(၅) တို့အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲ ပြစ်တင်မယ့်အဆိုကိုတင်ခြင်းလည်း တင်နိုင်တယ်လို့ ပြော တာဖြစ်ပါတယ်။

“ခုံရုံးဆိုသည်မှာ တရားရုံးဖြစ်သည့်အတွက် ပရိသတ်များနှင့် ကင်းကင်းရှင်းရှင်းနေရမည့်ဌာနဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခုံရုံးအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သည့်တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မှဆန္ဒ အလျောက် နှုတ်ထွက်ပေးရန် တောင်းဆိုမှုမှာ လွှတ်တော်ကိစ္စသာ ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာလတွင် ခုံရုံးအနေဖြင့် သြစတေးလျနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်ဖြစ်ကြောင်း”

ဆိုတဲ့ ဦးသိန်းစိုးရဲ့ပြောဆိုချက်ကလည်းပြတ်သားလှပါတယ်။ လွှတ်တော်ပရိသတ်တွေနဲ့ လုံးလားထွေးလားလုပ်နေပြီး မျှော်မှန်းချက်ကြီးလှတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကို ငေါ့လိုက်တာ ထင်ပါတယ်။

ပြည်သူ့လွှတ်တော်က ဒီလိုပြစ်တင်စွပ်စွဲမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)စည်းဝိုင်းထဲက (နဝတ-နအဖ)စစ်အုပ်စု ရဲ့ အာဏာအမွေခံ၊ အာဏာအမွေဆိုင်၊ အာဏာပြိုင်တွေဟာ သူတို့စိတ်ကြိုက် ရေးဆွဲချမှတ်အတည်ပြုပြဋ္ဌာန်းခဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကို သူတို့ဘာသာသူတို့ ဖျက်ဆီးပစ်လိုက်တာပဲလို့ ကောက်ချက် ချယုံမှတပါးအခြားမရှိပါ။ နှမျောတသဝမ်းနည်းစရာလည်းမရှိပါ။

ဦးသိန်းစိန်က “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနည်းလမ်း”ကို တင်ထားပါတယ်။ သူတို့လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့သာလျှင် ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောနေတဲ့ပြင်ဆင်ရေးမျိုးနဲ့လည်း တူလိမ့်မယ်တော့ မထင်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြောနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာ ဘယ်လိုပြင်ဆင်ရေးလဲဆိုတာ တိတိကျကျ မသိရသေးတော့ နှိုင်းယှဉ်ပြီးတော့မပြောနိုင်သေးပါဘူး။

ဒါ့အပြင် စစ်အုပ်စုရဲ့ အာဏာအမွေခံ၊အာဏာအမွေဆိုင်၊ အာဏာပြိုင်တွေအချင်းချင်း ဖွဲ့စည်းပုံအခြခံဥပဒေ (၂၀၀၈) စည်း ဝိုင်းထဲမှာ  ဗိုလ်လုမှု၊ အာဏာပါဝါပြိုင်ဆိုင်မှု၊ “ဥပဒေအရ/ ဥပဒေနဲ့အညီ အငြင်းပွားမှု”တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပညာတတ် ပညာရှင်တွေ  ဆွဲသွင်း၊ အသုံးချမခံရဖို့နဲ့ ကြားညှပ်မခံရဖို့  သတိကြီးကြီးထားကြရပါလိမ့်မယ်။

  အရေးအကြီးဆုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ဟိုတစ်ပိုင်းဒီတစ် ဆန်စင်ရာကျည်ပွေ့လိုက် ဆိုသလိုပြင်ဆင်နေလို့ မဖြစ်နိုင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ဖျက်သိမ်းပစ်ပြီး စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ်နဲ့ စစ်မှန်သောပြည်ထောင်စု စနစ် ကို တိတိကျကျ အာမခံနိုင်မယ့် အခြေခံဥပဒေအသစ်ပြန်လည်ရေးဆွဲကြဖို့သာဖြစ်ပါတယ်။

ညွန်း

– ၂၁ သြဂုတ် ၂၀၁၂ မြန်မာ့အလင်းသတင်းစာ

– 20 aug 2012_EMG

– မိုးမခ အွန်လိုင်း ၊ “လွှတ်တော်၊ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ” တူမောင်ညို 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ရဲ့ကံကြမ္မာ (Tu Maung Nyo)
  1. ထိပ်တင်ဝိုင်း(ဘိုးတော်ဘုရား)နဲ့ဦးပေါ်ဦးပြောဘူးတယ်။ထပ်တင်ဝိုင်းကဟဲ့ပေါ်ဦးမြတ်စွာဘုရာကိုသွားတော်လေးဆယ်စွယ်တော်လေးချောင်းကြားဘူးတယ်။ဘုရားသွားတော်က လေးဆယ်မှာစွယ်တော်လေးချောင်းအပါအ၀င်လားဒါမှမဟုတ်သွားတော်လေးဆယ်အပြင်စွယ်တော်လေးချောင်းလားမေးတော့ဦးပေါ်ဦးကမှန်လှပါဘုရားသွားတော်လေးဆယ်တွင်စွယ်တော်လေးချောင်းပါဝင်ပါကနည်းလွန်းပါသည်။သွားတော်အပြင်စွယ်တော်လေးချောင်းပေါင်းလေးဆယ့်လေးချောင်းဆိုကများလွန်းပါသည်။လေးဆယ့်နှစ်ချောင်းယူမှမျှမျှတတဖြစ်ပါလိမ့်မည်ဟုပြန်လျှောက်တင်သတဲ့။လွှတ်တော်ဥပဒေတွေတော့မကြည့်ဖူးပါ။ဖွဲ့စည်းပုံမှာတော့အမြဲတမ်းကော်မီတီ၅ရပ်ကိုဖေါ်ပြထားသည်။ယင်းတို့သည်ပြည်ထောင်စုအဆင့်ဟုတ်မဟုတ်ဖေါ်ပြမထားပါ။အခြေခံဥပဒေပါအမြဲတမ်းကော်မီတီများသည်ပြည်ထောင်စုအဆင့်ဖြစ်သင့်ပါသည်။အခြားနိုင်ငံများရှိေ၇းးရာကော်မီတီတို့၏အဆင့်များကိုလေ့လာသင့်ပါသည်။

Comments are closed.