ကဗျာ

ဧရာဝတီ (Ni Lwin Thwe)

ဧရာဝတီ
နီလွင်သွေး(ဒဿနိက)၊ သြဂုတ် ၁၇၊ ၂၀၁၂
မေခနဲ့မေလိခ
မြစ်နှစ်မွှာဆုံရာ
မိခင်ဧရာဝတီ
အမိတိုင်းပြည်ရဲ့အသဲနှလုံး
ပြည်သူ့သစ္စာနဲ့ပုခုန်းထမ်းတွန်းတင်ထားတဲ့
ကြီးမားတဲ့ရာဇ၀င်သိန်းသန်းတို့
 ဖြတ်သန်းစီးဆင်းရာ
ထ၀ရသစ္စာရှင် ။
ဧရာဝတီကို
ငါတို့ဘိုးဘေးဘီဘင်တွေလက်ထက်ကတည်းက
အသက်သွေးချွေးမျက်ရည်တွေနဲ့
စတေးပြီးရယူခဲ့ရ ။
ငါတို့ခေတ်
စစ်အာဏာရှင်တွေလက်ထဲက
အသက်ငင်လုဆဲ
မြန်မာပြည်နဲ့
မိခင်ဧရာဝတီရဲ့ရှင်သန်ရပ်တည်မှုအတွက်
ငါတို့သွေးအသက်ထောင်သောင်းသိန်းသန်းနဲ့
ဥဒေါင်းသံအကြိမ်ကြိမ်ချီလို့
နှစ်ပေါင်းများစွာရင်းတည်ခဲ့ ။
ဧရာဝတီက
ငါတို့အသက်ဓါတ်ဖြစ်တည်မှု
ငါတို့ရဲ့မြင့်မြတ်တဲ့သမိုင်းဂုဏ်ရောင်
ငါတို့အသက်ရှင်ရပ်တည်မှုရဲ့အလင်းရောင်
ငါတို့ရဲ့ယဉ်ကျေးမှုအစဉ်အလာ
ငါတို့ရာဇ၀င်ကိုထွန်းပြောင်ရာ
ငါတို့မိခင်ဖြစ်တယ်ကွဲ့ ။
ဧရာဝတီက
ငါတို့ရဲ့အိမ်ယာ
ငါတို့ရဲ့တောင်ယာ
ငါတို့ရဲ့သောက်စရာရေ
ငါတို့အတွက်ဝမ်းစာ
ငါတို့ရဲ့ကူးသန်းသွားလာရာ
ငါတို့ကုန်စည်ရောင်းဝယ်ရာ
ငါတို့ပြည်သူတွေရဲ့သမိုင်းအဆက်ဆက်ကို
ဆက်စပ်ပေးရာဖြစ်တယ် ။
ဧရာဝတီကို
ပြည်သူသာပိုင်တယ် ။
ဧရာဝတီ
ထာဝရတည်စေရမယ် ။
မြန်မာပြည်တည်နေသရွှေ့
ဧရာဝတီတည်နေစေရမယ် ။
ဧရာဝတီအတွက်
ငါတို့အသက်ကိုပေးဆပ်စွန့်လွှတ်ရန်
အဓိဌာန်ပြုပါတယ် ။
အို အမေ
ဧရာဝတီ
နီ၍စီးလေ့ စီးလေလေ့ ။
၉ ၊ ၂၀ ၊ ၂၀၁၁
အင်္ဂါနေ့

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts