ကဗျာ မောင်စွမ်းရည်

ပန်းပန်လျက်သာ မဗေဒါ (Maung Swan Yi)

မောင်စွမ်းရည်၊ သြဂုတ် ၁၄၊ ၂၀၁၂
နှင်းဆီပန်း၊ စပယ်ပန်း
ပိတောက်ပန်း
မေတ္တာပန်းတွေကို
လမ်းသွားရင်းလဲ ပန်၊ အိမ်နေရင်းလဲ ပန်
ဟောပြောရင်းလဲ ပန်၊ ဖြေကြားရင်းလဲ ပန်
ထောင်ဝင်ရင်လဲ ပန်၊ ထောင်ထွက်ရင်လဲ ပန်
ဝင်ပြန်လဲ အခါခါ
ထွက်လာရ အပွဲပွဲ
စုဗေဒါ အံကိုခဲ
ပန်းပန်လျက်ပဲ တဲ့။
လူထုထဲက လူတွေက
သူတို့ နှမ သူတို့ အစ်မကို
သူတို့ သမီး၊ သူတို့မြေးကို
နွေးထွေးယုယ “ဗေဒါမ” လို့
ခေါ်ကြပေတယ်။
ပြည်သူမေတ္တာ ရွှေကြာပန်းကို
ရေနံ့သာမြန်းတော့ ရွှင်လန်းကြည်လင်
ပန်းကိုမြင်ရင်၊ စုကိုမြင်မယ်
စုကိုမြင်ရင် ပန်းကိုမြင်လို့
ပန်းလိုခင်မယ်။
စုကိုမုန်းရင်တော့
ပန်းကို မုန်းမှာ သေချာသပေါ့။
ယမ်းကြိုက်သူက၊ ပန်းမကြိုက်ဘူး
ယမ်းနံ့ရှုသူမှာ ပန်းနံ့ မကြူနိုင်ဘူး။
ယမ်းနံ့မွန်သူမှာ၊ ပန်းနံ့ရွံရှာပေမှာပေါ့၊
ဒီလိုနဲ့
ပန်းကြိုက်သူနဲ့
ပန်းကြောက်သူတို့
လူမျိုးနှစ်မျိုး ကွဲလေရော့။
မောင်စွမ်းရည်
၂၀၁၁ ဇန်န၀ါရီ ၎
နယူးယောက်
(ဒီမိုဝေယံပီကာဆာက ယူသုံးပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts