အရှင်ဝီရသူ၊ သြဂုတ် ၁၃၊ ၂၀၁၂
မတင်နီလာအေး(၁၄)နှစ် အနှိပ်စက်ခံရလို့ အမှုဖွင့်တိုင်ကြားခဲ့တာ တစ်လကျော်ခဲ့ပြီ ဖြစ်ပါတယ်။
စာရေးသူက စာနယ်ဇင်းသမားတွေနှင့် တွေ့ဆုံပေးပြီး ကလေးလုပ်သား မတင်နီလာအေးအမှု အများသိအောင် သတင်းပေးခဲ့တာ ဇူလိုင် ၈ ရက်နေ့က ဖြစ်ပါတယ်။ မီဒီယာအခန်းကဏ္ဍရဲ့ ကျယ်ပြန့်နက်ရှိုင်းမှု ကြောင့် မတင်နီလာအေးလေးကို တစ်ကမ္ဘာလုံးက ကရုဏာသက်နေကြတာ တွေ့ရပါတယ်။
အဲ့ဒီအချိန်မှာပဲ စာရေးသူဟာ ရန်ကုန်နှင့် ရခိုင်သို့ ခရီးထွက်ခဲ့မိပါတယ်။ ဇူလိုင် ၉ ရက်နေ့မှာ မတင်နီလာအေးလေးကို နှိပ်စက်သူ အိမ်ရှင်ဒေါ်နီနီဟာ စာရေးသူရဲ့ ဒကာရင်းများဖြစ်သော ဦးထွန်းသိန်း+ ဒေါ်စိမ်းစိမ်းမိသားစုထံ ဝင်ရောက်ချဉ်းကပ်ပါတယ်။ ငိုယိုပြီးတောင်းပန်ပါတယ်။ ဦးထွန်းသိန်းကလည်း စာရေးသူထံ ဖုန်းဆက်သွယ်ပြီး ကလေးမလေးလည်း မနစ်နာရအောင်၊ အိမ်ရှင်ဒေါ်နီနီလည်း ဒုက္ခမရောက် အောင် ကလေးမလေး နစ်နာမှုအတွက် ငွေကျပ် သိန်းငါးဆယ် ပေးပါ့မယ်။ အမှုရုပ်သိမ်းပေးပါလို့ ဆိုလာပါ တယ်။ စာရေးသူက ကလေးမလေးကျေနပ်ရင် ငါးသိန်းပေးလည်း သဘောတူတယ်။ ကလေးမလေးနှင့်သာ ညှိကြပါလို့ ပြန်ပြောခဲ့ပါတယ်။
စာရေးသူ ရခိုင်မှပြန်အရောက်မှာတော့ အိမ်ရှင်ဒေါ်နီနီရဲ့ ဆွေမျိုးရင်းချာတွေ ရောက်လာပြီး ကလေးမလေးနှင့် ညှိကြပါတယ်။ ကလေးမလေးကတော့ “ထောင်ချမယ်”တကဲကဲလုပ်နေတာ တွေ့ရပါတယ်။ ကလေးဆိုတော့ ငွေမက်ရကောင်းမှန်း သိပုံမပေါ်ဘူး။ ခံထားရသူဖြစ်နေတော့ ပိုဆိုးတာပေါ့။
ဒေါ်နီနီရဲ့ အဒေါ်ဖြစ်သူကလည်း ခေသူမဟုတ်ပါဘူး။ ကလေးမလေးကို အညှာကိုင်ပြီး ထိန်းချုပ်နိုင်ခဲ့ ပါတယ်။ ဒေါ်နီနီရဲ့ အဒေါ်ဖြစ်သူကိုင်လိုက်တဲ့အညှာက အိမ်ရှင်ဒေါ်နီနီရဲ့ အမေနှင့် သမီးလေး လမင်းသစ်ပါ။
မတင်နီလာအေးလေးဟာ လမင်းသစ်လေးကို ညီမအရင်းလို တွယ်တာ နေပြီး ဒေါ်နီနီရဲ့အမေ အမေသိန်းကို မိခင်အရင်းလို အားကိုးနေသူပါ။ အမေသိန်းကိုယ်တိုင်က မတင်နီလာအေးလေးကို သမီးဖြစ်သူ ဒေါ်နီနီ လစ်ရင် လစ်သလို ထမင်းခိုးကျွေး၊ မုန့်ခိုးကျွေးပြီး ဒဏ်ရာဒဏ်ချက်တွေကို ခိုးပြီးကုသပေးခဲ့သူ၊ ယုယပေးခဲ့သူ ဖြစ်ပါတယ်။ အခုကိစ္စမှာလည်း မတင်နီလာအေးလေး ဒုက္ခကို မကြည့်ရက်တော့တဲ့အဆုံး ရှိစုမဲ့စုငွေလေး ၄၀၀ ကျပ်ကို မုန့်ဖိုးအဖြစ် ပေးပြီး ထွက်ပြေးခိုင်းလိုက်တာလည်း အမေသိန်းပါပဲ။ ဒီသံယောဇဉ်နှင့် ဒီကျေးဇူးတရား တွေနှင့် ကိုင်လှုပ်ခံရတဲ့အခါမှာတော့ မတင်နီလာအေးလေးဟာ တောင့်ခံ မထားနိုင်တော့ပါဘူး။ ဆင်းရဲသား နင်းပြားပီပီ ကိုယ်ချင်းစာတရား အပြည့်အဝ ပေါ်ပေါက်လာတာ ခွှင့်လွတ်ခြင်း၊ နားလည်ခြင်းတို့နှင့် အတူ သဘောထားကြီးမားလာပါတော့တယ်။
“သမီးလည်း စဉ်းစားမိပါတယ်။ ဒေါ်နီနီထောင်ကျသွားရင် ညီမလေး(လမင်းသစ်လေး)ဘယ် သူနဲ့ နေမလဲဆိုတာကိုပေါ့”
ဒီစကားဟာ မတင်နီလာအေးကိုယ်တိုင် ဒေါ်နီနီရဲ့အဒေါ်ဖြစ်သူကို ပြောခဲ့တဲ့စကားဖြစ် ပါတယ်။
ဒီလိုနဲ့ အမေသိန်းမျက်နှာနှင့် လမင်းသစ်လေးမျက်နှာကို ထောက်ထားပြီး ငွေကျပ်သိန်း ငါးဆယ် လက်ခံပါ့မယ်။ ကြေအေးပေးပါ့မယ် ဖြစ်သွားခဲ့တာပါ။
သူတို့ညှိပြီးလို့ စာရေးသူထံ ရောက်လာတဲ့အခါ စာရေးသူက ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်ပါတယ်။
ဦးမောင်ကျော်+ဒေါ်နီနီတို့ကို သနားလို့ ကြေအေးလိုက်တာလားလို့ မေးတဲ့အခါ ကလေးမလေးက ‘မသနားဘူး လုံးဝမသနားဘူး’ လို့ ဖြေပါတယ်။
အဲ့ဒီတုန်းက လာရောက်စေ့စပ်တဲ့ အဖွဲ့တွေပြောတာကတော့ ဒေါ်နီနီဟာ အလှူအတန်းဘယ်လို ရက်ရောတာ အခုဆို မဟာစည်ရိပ်သာမှာ တရားစခန်းတောင် ဝင်နေပြီး၊ နောင်တရနေပြီး ထောင်ကျမှာ ကြောက်ပြီး တငိုငို တအီအီနဲ့ စတာတွေပြောပြီး ငိုပြခဲ့ကြပါသေးတယ်။
စာရေးသူက အချက်သုံးချက်တောင်းဆိုတဲ့အခါလည်း တစ်ဖွဲ့လုံးက သဘောတူကြောင်း ဝန်ခံကတိ ပေးခဲ့ကြပါတယ်။
စာရေးသူတောင်းဆိုတဲ့ အချက်သုံးချက်ကတော့
(၁) ပေးထားတဲ့ကတိ မဖောက်ဖျက်ရဘူး။
(၂) လက်အရိုးအက်သွားတာ ပြန်ကုပေးရမယ်။
(၃) တိုင်းသိပြည်သိ လုပ်ထားတဲ့အမှုဖြစ်လို့ ခိုးချောင်ခိုးဝှက် မရုပ်သိမ်းပေးနိုင်ဘူး။ ဒါကြောင့် စာနယ်ဇင်းသမားတွေရှေ့မှောက်မှာ ဝန်ချတောင်းပန်ရမယ်။ ဆိုတာပါပဲ။
အဲ့ဒီနောက်ပိုင်းမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမှတ်(၇)ရဲစခန်းမှူးတို့နှင့်တွေ့ဆုံပြီး ကြေအေး ပေးဖို့ ညှိနှိုင်းကြပါတယ်။ စခန်းမှူးကြီးကတော့ ရဲကိစ္စပြီးသွားပြီ။ တရားရုံးတင်လိုက်ပြီ။ တရားသူကြီးကိစ္စပဲကျန် တော့တယ်။ အားလုံးက ကရုဏာသက်တဲ့အမှုဖြစ်နေလို့ အလွယ်တကူ ရုပ်သိမ်းပေးဖို့ တရားသူကြီးမှာ ဆုံးဖြတ်ရခက်တယ်လို့ ပြောသွားပါတယ်။
ဒီလိုနှင့် တစ်ရက်ချိန်းနိုးနိုး စောင့်ဆိုင်းလာခဲ့တာ အခုတစ်လကျော်ပါပြီ။ ရုံးချိန်းတစ်ခါတောင် မသွားရသေးပါဘူး။
ဒေါ်နီနီဘက်မှ ငွေကြေးလာမပေးသလို၊ ကြေအေးလက်မှတ်လည်း လာမထိုးခိုင်းတော့ဘဲ စုန်းစုန်းမြုပ်သွားတာ အခုချိန်ထိပါပဲ။
ကလေးမလေးကို ဆေးရုံလိုက်ပို့ရင်း ကားပေါ်မှာ ဒေါ်နီနီက ခြိမ်းခြောက်ကြောင်း၊ ငွေကျပ်သိန်းနှစ် ဆယ် လက်ခံရင် ခံ၊ မခံရင် အမှုရင်ဆိုင်မှာဖြစ်ကြောင်း၊ အမှုရင်ဆိုင်တဲ့အခါ ထောင်မကျအောင် လုပ်နိုင်ကြောင်းတွေ ပြောတယ်လို့ တပည့်ဦးဇင်းတွေက တိုင်ကြလို့ စာရေးသူကိုယ်တိုင် ဒေါ်နီနီထံ ဖုန်းဆက်မေးပါတယ်။ ဒေါ်နီနီက ဘူးခါ ပြီး အကြောက်အကန် ငြင်းဆိုပါတယ်။
စာရေးသူထံချဉ်းကပ်ဖို့အတွက် အသုံးချခဲ့တဲ့ ရှေ့နေဦးထွန်းသိန်း မိသားစုကိုလည်း ငွေအလျှော် ပေးပြီးပြီလို့ ဒေါ်နီနီက လိမ်ညာထားပါတယ်။ ယနေ့ သြဂုတ် ၁၁ ရက်နေ့ ထုတ် မြနန္ဒာသတင်းဂျာနယ်မှာ ပါလာတော့မှ အလိမ်ခံရမှန်း သိသွားတာပါ။ ရှေ့နေဦးထွန်းသိန်းဟာ ငွေကြေးမယူပဲ ကူညီဖျန်ဖြေပေးခဲ့သူပဲ ဖြစ်ပါတယ်။
အခုတော့ ဒေါ်နီနီဟာ ရှေ့နေဦးထွန်းသိန်းထံလည်း မသွားတော့ပါဘူး။ တိုင်းဒေသကြီးအစိုးရရဲ့ ဥပဒေရေးရာအကြီးဆုံး အရာရှိနှင့် အဆက်အသွယ်ရပြီး၊ အဲ့ဒီအရာရှိကြီးရဲ့တူ ရှေ့နေတစ်ယောက်ကို ငှါးကာ ဒေါ်နီနီရဲ့ဆွေမျိုးရင်းချာထဲက တစ်ယောက်ဖြစ်တဲ့ နေပြည်တော်ဝန်ထမ်း စစ်ဘက်ဆိုင်ရာအရာရှိကြီးရဲ့ အရှိန်အဝါနှင့် အမှုကို ပေါ့၊သေး၊ ပပျောက်အောင် လုပ်ဆောင်နေကြောင်း သိရပါတယ်။
အမှုကိစ္စ ရေခဲတုံးလိုဖြစ်နေလို့ ပြောပြတဲ့အခါတိုင်း ရဲတွေအာဏာပိုင်တွေဟာ ငိုင်ကျသွားပြီး ရေငုံနှုတ်ပိတ်ဖြစ်ကုန်ကြတာ များပါတယ်။ မြို့နယ်ဥပဒေအရာရှိမှ ခရိုင်ဥပဒေအရာရှိ၊ ၎င်းမှတိုင်းဥပဒေအရာရှိ ထံ အဆင့်ဆင့်တင်ပြနေရလို့ အမိန့်မကျသေးတာလို့ပဲ ပြောပါတယ်။
တိုင်းမှ ဗဟို၊ ဗဟိုမှ အာဆီယံ၊ အာဆီယံမှ UN ထိ အဆင့်ဆင့်တင်ပြပြီးမှ ပြန်ချမည့်ပုံစံချိုး နေကြတာပါ။
စာရေးသူဟာ ကလေးမလေးရဲ့ အမေ၊ အစ်ကိုနှင့်ညီမလေးကို ကျောင်းမှာခေါ်ယူစောင့်ရှောက်ထားရ တာပါ။ အခုဆို တင်ကျွေးထားရတာ တစ်လကျော်ပါပြီ။ ထောင်ချရင်လည်း ချ၊ ကြေအေးရင်လည်း အေး၊ တစ်ခုခုလုပ်ရမှာ မလုပ်ပဲနဲ့ အခုလို အချိန်ဆွဲနေတာဟာ အရင်းရှင်စနစ်ရဲ့ အကျိုးသက်ရောက်မှုလား၊ ဒါမှမဟုတ်၊ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးရဲ့ တရားဥပဒေအသစ်ကြီးကြောင့်လား မခွဲခြားတတ်တော့ပါဘူး။
ရှေ့နေဦးထွန်းသိန်းကတော့ ကတိမတည်တဲ့ အမှုသည်အတွက် မျက်နှာပျက်ခဲ့ရလို့ တောင်းပန်စကား ဆိုပြီး၊ ငြီးငြူသွားခဲ့ပါတယ်။
ဒီအမှုနှင့် ပတ်သက်သူရော တာဝန်ရှိသူတွေ အားလုံးကို ပြောချင်တာက
“တောင်းပန်ပါရစေ၊ မရက် စက်ပါနဲ့၊ မျှော်လင့်နေဆဲ”ဆိုတာပါပဲ။
ဦးပဉ္ဇင်း ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်၊ မန္တလေး
ပလ္လင်ပေါ်မှာ ထိုင်နေရုံနဲ့ ကျေနပ်နေတဲ့အထဲမှာ အရှင်ဝီရသူ မပါပါ။ အဖိနှိပ်ခံနင်းပြား၊ ကျောမွဲဆင်းရဲသားတိုကို လေ့လာကွင်းဆင်းကယ်တင်နေတာ ဗောဓိသတ္တခေါ် ဘုရားလောင်းတို့ကျင့်စဉ်ပါ။
ဥပဒေစကား အမြှုတ်ထွက်အောင်ပြောနေကြတဲ့ ဦးရွှေမန်းတို့၊ ဦးကိုကိုတို့ ဘယ်လို လုပ်ကြမလဲ ဒီအမှုကို။
မတရားတာကိုတော့ ဘယ်နေရာမှာမဆို တွန်းလှန်းသွားကြရမှာပါ။လူသားစိတ်ဓာတ် အပြည့်ရှိယင် ဥပဒေက ဆုံးဖြတ်တာကို ရဲရဲကြီး ခံသင့်ပါတယ်။
ဒီမတရားမှုကို လူတွေများများသိအောင် လာဖတ်မိတဲ့သူတိုင်း share လုပ်ပေးကြပါ လို့ တိုက်တွန်းလိုက်ပါတယ်ဗျာ.။