ကဗျာ

ဒေါင်းသွေးသစ်တို့၏ ပုံပြင် (Zaw Htet, Pyin Ma Nar)

ဇော်ထက် (ပျဉ်းမနား)၊သြဂုတ် ၁၀၊ ၂၀၁၂

ဒေါင်းသွေးသစ်တို့

တနှစ်

နှစ်နှစ်

သုံးနှစ် … …

နှစ်ဆယ့်လေးနှစ်

အဲဒီနှစ်ကနေ စတွက်ကြ

ရှစ်ဆယ့်ရှစ်နှစ် ရှစ်ရက်ရှစ်လ။

ရှစ်ဆယ့်ရှစ်မှာ ဒေါင်း

ကိုးဆယ့်ရှစ်မှာ ဒေါင်း

နှစ်ထောင့်ဆယ့်နှစ်မှာ ဒေါင်း

အရောင်မပြောင်းတဲ့ ခွပ်ဒေါင်း

လှေခွက်ချည်းကျန်ခဲ့တဲ့ နှစ်ပေါင်း

နှစ်ဆယ့်လေးရဲ့  အကြောင်း။

ရှစ်ဆယ့်ရှစ်မှာ ဒေါင်း

ကိုးဆယ့်ရှစ်မှာ ဒေါင်း

နှစ်ထောင့်ဆယ့်နှစ်မှာ ဒေါင်း

အသွင်မပြောင်းတဲ့ ခွပ်ဒေါင်း

အလံမလှဲခဲ့တဲ့ နှစ်ပေါင်း

နှစ်ဆယ့်လေးရဲ့ အကြောင်း။

ရှစ်ဆယ့်ရှစ်မှာ ပျိုမြစ်

နှစ်တွေလည်း ပြို

ငါတို့လည်း အဘိုးအို

အဘွားအိုလေးတွေဖြစ်

အမေအိုတောင် ခြောက်ဆယ့်ခွန်နှစ်နှစ်။

ဒါပေမယ့်လို့

ဒေါင်းတို့ မနား

အား မလျော့လို့

ငါတို့ သားစဉ်မြေးဆက်အထိ

ခွပ်ဒေါင်းအင်အားတွေ ဖြည့်

ခွပ်ဒေါင်းအင်အားတွေ အပြည့်။

ဒေါင်းပြီးရင် ဒေါင်း

နှစ်ပေါင်း ဘယ်လောက်ဖြစ်ဖြစ်

အားအင်သစ်တွေ လောင်း

မိုးဆောင်းနွေ မရွေး

အားအင်သစ်တွေ မွေး

ဒေါင်းသွေး အစစ်

ဒေါင်းသွေး အသစ်။

ဒေါင်းသွေးသစ်တို့

တနှစ်

နှစ်နှစ်

သုံးနှစ်… …

နှစ်ဆယ့်လေးနှစ်

အဲဒီနှစ်ကနေ စတွက်ကြ

ရှစ်ဆယ့်ရှစ်နှစ် ရှစ်ရက်ရှစ်လ။           ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts