ကဗျာ

ကျီးတွေအာတဲ့ … မြို့ (Saung Luu)

ဆောင်းလူ၊ သြဂုတ် ၈၊ ၂၀၁၂

၁၀ စုနှစ် တခုကြာကင်းကွာခဲ့တာမှာ
စိတ်ရောင်စုံ
တိမ်အသေတွေနဲ့
ကျီးတွေ “အာ” တဲ့ မြို့ ….။လူလားခေါက်ပြန်
ကားအထပ်ထပ်
လမ်းပျက်ထက်မှာ
ယာဉ်ကြပ်တဲ့မြို့ ….။

လစာ သုံးသောင်း
ဆန်တအိတ်နဲ့ 
ဂျော်နီလမ်းလျှောက်
ကိုင်သောက်နေတဲ့ မြို့ ….။

တမှတ်တိုင် နှစ်ရာ
နှစ်မှတ်တိုင် နှစ်ရာ
ကိုယ့်အသက်ကို ဖက်နဲ့ထုပ်
လိုရာေ၇ာက်ဖို့ ဆုတောင်းနေရတဲ့မြို့ …။

ဖေ့ဘွတ်ခ်
တွစ်တာ
ပီဖင်းလ်ကိုး
ဂျီးတော့နဲ့
နက်ဂိမ်းတွေကြား
ကမ္ဘာတခုကို ရင်ဘောင်တန်း
အလုပ်လက်မဲ့ဖြစ်နေတဲ့ မြို့….။

နီယွန်မီး ဆိုင်းဘုတ်ကြီးတွေနဲ့
သိန်းချီတန်တိုက်တွေကြား
ဆက်သွယ်မှုဧရိယာပြင်ပထဲမှာ
မျက်နှာငယ်လှတဲ့မြို့ …။

မိုးတဖြိုင်ဖြိုင်ကျတဲ့နေ့ဆို
ခိုပြာတွေ အုပ်စုဖွဲ့
ကျီးတွေကြားမှာ
တလောကလုံး ညည်းသံတွေပြန့်
ခြောက်ခြားစရာကောင်းတဲ့ မြို့ …။

မိတ်ဟောင်း ဆွေဟောင်းတွေနဲ့
စိတ်ရောင်စုံ တိမ်အသေ
ကျီးတွေအာတဲ့မြို့ဟာ
ဆယ်စုနှစ်တခုကျော်အတွင်း
ရင်ကြပ်ရင်း
အရောင်တွေ တဖျတ်ဖျတ်တောက်နေရဲ့ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts