နိုင်ငံတကာရေးရာ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကိုမြန်မာတိုင်းရင်းသားမိသားစုများ စက်တင်ဘာ ၂၈ မှာ တွေ့ကြမည်

 ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကိုမြန်မာတိုင်းရင်းသားမိသားစုများ စက်တင်ဘာ ၂၈ မှာ တွေ့ကြမည်

မိုးမခ၊ သြဂုတ် ၆၊ ၂၀၁၂

လာမယ့် စက်တင်ဘာ တတိယပတ်မှာ မြန်မာပြည်၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို အစိုးရနှင့် အဖွဲ့အစည်းအသီးသီးရဲ့ ဖိတ်ကြားချက်အရ ဂုဏ်ပြုဆုချီုးမြှင့်မှုများ လက်ခံရယူရန် လာရောက်မှာဖြစ်ပါတယ်။ အဲသည်ခရီးစဉ်မှာ အမေရိကန်အနောက်ခြမ်း ဆန်ဖရန်စစ္စကိုဘေးဧရိယာကို စက်တင်ဘာ ၂၈ မှာ လာရောက်နိုင်လိမ့်မယ်လို့ သတင်းရရှိပါတယ်။

အဲသည် ခရီးစဉ်ကို သိရှိတာကြောင့် ဆန်ဖရန်စစ္စကိုက မြန်မာမိသားစုများအနက် မြန်မာ့အရေးနိုးကြားသူများက ဆက်သွယ်စုံစမ်းခြင်း၊ မြန်မာတိုင်းရင်းသား မိသားစု အားလုံး အတူတကွ တပေါင်းတစည်းတည်း ကြိုဆိုနိုင်ရေး ပြင်ဆင်ရန် ဆွေးနွေးခြင်းတို့ စတင်လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ တပတ်ကျော်က လက်လှမ်းမီရာ မြန်မာမိသားစုများ တိုင်းရင်းသားများကို ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့ကြရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာတိုင်းရင်းသားမိသားစု အားလုံးက လှိုက်လှဲစွာ ကြိုဆိုပါကြောင်း အများကိုယ်စားပြု ဖိတ်စာတရပ်ကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

(အများပြည်သူကိုယ်စားပေးပို့တဲ့ ဖိတ်စာ)

လာမယ့် သြဂုတ်လ ၁၂ ရက် ညနေခင်းမှာ ဖရီးမောင့်မျြိ့က အများပြည်သူ စုဝေးနိုင်တဲ့ ခမ်းမတခု စီစဉ်ပြီးတော့ ဘေးဧရိယာတ၀ှမ်းလုံးမှာရှိတဲ့ မြန်မာတိုင်းရင်းသားများ၊ အစုအဖွဲ့များ၊ တသီးပုဂ္ဂလပုဂ္ဂိုလ်များ၊ စေတနာဝန်ထမ်းများ၊ ဘာသာရေး၊ သာသနာရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံးကို လိုက်လံ အသိပေးဖိတ်ကြားပြီး မြန်မာတိုင်းရင်းသားအားလုံး တစုတစည်း အတူတကွ လှိုက်လှဲပြူငှာစွာ အဖက်ဖက်က ပြည့်စုံတဲ့ တွေ့ဆုံပွဲ ကြိုဆိုပွဲတခု ဖြစ်မြောက်အောင် ၀ိုင်းဝန်းကြဖို့ ညှိနှိုင်းတိုင်ပင် ဆွေးနွေးပွဲတခု စီစဉ်နေတယ်လို့ သိရပါတယ်။ ယခုသတင်းကိုယ်တိုင်ကလည်း အားလုံးကို ပါဝင် ကူုညီကြဖို့ ဖိတ်ခေါ်တဲ့ နှိုးဆော်ချက်လည်း ဖြစ်ပါတယ်။

မြန်မာတိုင်းရင်းသား အားလုံးရဲ့ ၀ိုင်းဝန်းကူညီဆောင်ရွက်မှုကို ဖော်ဆောင်တဲ့ ပျော်ရွှင်နွေးထွေးဖွယ်ရာ တွေ့ဆုံပွဲတခု ဖြစ်စေချင်တယ်လို့ လက်ရှိမှာ တွေ့ဆုံပွဲဖြစ်မြောက်အောင် ကမကထပြု စီစဉ်နေသူတဦးဖြစ်တဲ့ ကိုဝင်းလှိုင်က မိုးမခကို ပြောပြပါတယ်။ ကိုဝင်းလှိုင်က အင်န်အယ်ဒီပါတီရဲ့ ၉၀ ခုနှစ် ရွေးကောက်ခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်း ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ် မေလ ဒီပဲယင်းလုပ်ကြံမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ အသက်ရန်ရှာမှုခံရစဉ်မှာ ရင်ဆိုင်ကာကွယ်ခဲ့သူ တဦးအပါအ၀င်ဖြစ်တဲ့ အင်န်အယ်ဒီပါတီလူငယ်ခေါင်းဆောင်တဦးအဖြစ် ဆောင်ရွက်ခဲ့သူ ကိုတိုးလွင်ကတော့ ဆန်ဖရန်ဘေးဧရိယာ မြန်မာကွန်မြူနီတီအားလုံးနဲ့အတူ တွေ့ဆုံပွဲ အောင်မြင်ရေး ကျရာအခမ်းကဏ္ဍကနေ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သူ့ဆန္ဒကို ပြောကြားပါတယ်။

မြန်မာ့အရေး၊ အမျိုသားရေး၊ တိုင်းရင်းသားအရေး၊ သာရေးနာရေးတွေမှာ တက်ကြွစွာ ဆောင်ရွက်နေသူတွေ အားလုံးကို လက်လှမ်းမီရာ အသိပေးဖိတ်ခေါ်ပြီးတော့ ပါဝင်ကြဖို့၊ ကူညီကြဖို့ တယောက်တလက် လက်ဆင့်ကမ်း ဖိတ်ပေးကြမယ်၊ ရပ်နီး ရပ်ဝေး သတင်းကြားသူတွေကိုယ်တိုင်လည်း လာရောက်ပြီး တွေ့ဆုံပွဲမှာ ပါဝင်ဆင်နွှဲနိုင်ဖို့လည်း ကြိုဆိုချင်တယ်၊ မြန်မာတိုင်းရင်းသားမိသားစုတွေ အားလုံး စုဝေး ဂုဏ်ယူစရာ ပွဲတခု၊ အားလုံးနဲ့ သက်ဆိုင်တဲ့ ပွဲတခု ဖြစ်စေချင်တယ်လို့ မြန်မာ့အရေး လှုပ်ရှားမှုတွေမှာ ပါဝင်သူ လူရွယ်တွေဖြစ်တဲ့ ကိုမိုးကျော်၊ ကိုနေလင်း၊ ကိုညီညီသန်း နဲ့ ကိုကျော်သူရတို့က သူတို့သဘောထားကို တညီတညွတ်တည်း ပြောကြပါတယ်။

မိုးမခမီဒီယာကလည်း အဆိုပါ တွေ့ဆုံပွဲသတင်းများ လှုပ်ရှားမှုများကို စုံစမ်း အသိပေး တင်ပြပေးနေမှာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts