ကဗျာ ကမာပုလဲ

မိုးမခမင်း (ကမာပုလဲ)

 Ko Oo + Ma Thandar Design

သား
မင်းကို မင်းအဖေက
မိုးမခမင်း လို့ အမည်ပေးခဲ့တယ် …။

သူလည်း
သူ့ အဖေ အမေ ကိုယ်စား
မိုးမခပင်တွေနဲ့ ကြီးပြင်းခဲ့ရတာ …။

သား
မင်း စကား စ ပြောတော့
‘အရေးကြီးပြီ ညီနောင် အပေါင်းတို့
သွေးစည်းကာ ညီစေညီကြစို့’ တဲ့ …။

ဘဝ အပူတွေလည်းငြိမ်းခဲ့

ကိုယ့် ရွေးချယ်ရာလမ်းကိုလည်း ကိုယ်အမှန်အတိုင်းမြင်ခဲ့
ဆီ ဆန် ဆား ငြုပ် …
ချို့တဲ့ ဘဝ ပြဿနာ
သားရဲ့
ပြုံးစစ မျက်နှာမှာ
လက်ဝါးကလေး နဖူးမှာကပ်
အလေးပြုနေတဲ့ စတိုင်က …။

ညီမကလေး တယောက်ထပ်ရတယ်
ဒုက္ခသည်စခန်းမှာ ဒုက္ခသည်စစ်စစ်တွေ အတွက်
ခိုကိုးရာ မရှိတော့ဘူး …။

အမေရိကားဆိုတဲ့ တတိယ နိုင်ငံကြီးဆီကို
မေမေက
မသွားချင်ပေမဲ့ သွားရမယ်
မိုးမခမင်းရယ်
ညီမလေးရယ် …။

ဖေဖေက သူ့တော်လှန်ရေး သူဆက်လုပ်မယ်
ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အရိုးပုံပေါ်မှာ
ကျောင်းသားတပ်မတော် အလံကို ကိုင်ရင်း
သစ္စာဆိုခဲ့ကြတယ် မလား …။

သား
အဲဒီနေ့မှာ
ဒုက္ခသည်စခန်းကနေ … မဲဆောက် …
မဲဆောက်ကနေ …
မေမေရယ်
မိုးမခမင်းရယ်
ညီမလေးရယ်
ထွက်ခွာသွားမယ့် နေ့ …။

အဲဒီဒုက္ခသည် စခန်းထဲမှာပဲ
သားကလေးဟာ
ဘဝကို ခေါင်းချ ဇာတ်သိမ်းခဲ့ရလေ သလား …
သား
မိုးမခမင်းရေ
နောက် တရက် နှစ်ရက်ဆိုရင်
မြစ်သံလွင်နဲ့ သောင်ရင်းမြစ် ကမ်းခြေမှာ
မိုးမခပင်တွေက
၈၈၈၈ … ၂၄ နှစ်မြောက်ကို ကျင်းပကြတော့မယ်။ ။

ကမာပုလဲ (ကိုပေါက်)

၎၊ ၈၊ ၂၀၁၂

(၃၊ ၈၊ ၂၀၁၂ ည ဘဲကလော် (မဲလ) ဒုက္ခသည်စခန်းတွင် သေဆုံး (ကျဆုံး) သွားသော သားကလေး မိုးမခမင်း (ဖခင် ရဲဘော်မင်းမင်း၊ မိခင် အိအိ) အမှတ် ၈ တပ်ရင်း ကျောင်းသားတပ်မတော်၏ ရင်သွေးငယ်သို့ …

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မိုးမခမင်း (ကမာပုလဲ)
  1. မိသားစုနဲ့ ထပ်တူ ၀မ်းနည်းမိပါသည်။ မိုးမခမင်းလေး ကောင်းရာသုဂတိရောက်ပါစေ။

Comments are closed.