မျက်မှောက်ရေးရာ သတင်းပဒေသာ

မစိုးရိမ်တိုက်သစ် ကျောင်းဆောင် ရေစက်ချပွဲ

မစိုးရိမ်တိုက်သစ် ဓမ္မစေတိယကျောင်းဆောင် ရေစက်ချပွဲနှင့် လောကနာထစေတီတော် ထီးတော်တင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
မိုးမခ မိတ်ဆွေ (မန္တလေး)
ဇူလိုင် ၂၈၊ ၂၀၁၂

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၌ အသစ်ဆောက်လုပ်လှူဒါန်းပြီးသော ဓမ္မစေတီယကျောင်းဆောင်သစ်ကြီး ရေစက်ချပွဲနှင့် လောကနာထစေတီတော် ထီးတော်တင်ပူဇော်ပွဲကို မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၌ ယနေ့ ၂၆၊ ၇၊ ၂၀၁၂ ရက်နေ့ မနက် ၇း၀၀ နာရီမှာ စတင်ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို မစိုးရိမ်တိုက်သစ် သင်္ဂဇာအင်းနံဘေး ကွင်းပြင်ကျယ်ကြီးအတွင်း ဝိသကြုံမဏ္ဍပ်တော်ကြီးမှာ ကျင်းပခြင်းဖြစ်ပြီး ရွှေကျင်သာသနာပိုင် သက်တော်ရှည် ဝါဆိုဆရာတော်ကြီး၊ တောင်ပြင် ထီးလင်းတိုက်ဆရာတော် ဦးဇောတိကာဘိဝံသ၊ မြတောင်တိုက် ရွှေဝါဝင်းကျောင်းဆရာတော် ဘဒ္ဒန္တ သာသနာဘိဝံသ၊ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသနှင့် မန္တလေးမြို့ လေးပြင်လေးရပ်မှ စာချအကျော် ဆရာတော်များ၊ မြန်မာပြည်တဝှမ်းလုံးမှ မစိုးရိမ်ကျောင်းထွက် တပည့်ဟောင်းများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးရဲမြင့်၊ မန္တလေးတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ရဲအောင်နှင့် အာဏာပိုင်အဖွဲ့အစည်းများ၊ ကျောင်းဒါယကာ ဒါယိကာမ မိသားစုများ၊ ဘုရားဒါယကာ ဒါယိကာမ မိသားစုများ၊ ပရဟိတအဖွဲ့အစည်းများ၊ ဧည့်ပရိသတ်များ စုံလင်စွာတက်ရောက်ကြကြောင်း သိရှိရပါတယ်။

မနက် ၇ နာရီတိတိအချိန်တွင် ဝန်ကြီးချုပ်ဦးရဲမြင့်က စိန်ဖူးတော်ပင့်ဆောင်ပြီး တိုင်းမှူး ဗိုလ်ရဲအောင်က ငှက်မြတ်နားတော်ပင့်ဆောင်ကာ ကျောင်းဒါယကာ ဒါယိကာမများ၊ ဘုရားဒါယကာ ဒါယိကာမများနှင့် ကုသိုလ်ရှင်များက ဓမ္မစေတိယကျောင်းဆောင်သစ်ကြီးကို သုံးပတ်လှည့်လည် ပူဇော်ခဲ့ကြပါတယ်။

 

ဝိသကြုံမဏ္ဍပ်တော်ကြီးအရောက်မှာတော့ ခရိုင်သာသနာရေးမှူး ဦးကျော်လှိုင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ကာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုးပြီး အခမ်းအနားကို စတင် ဖွင့်လစ်ခဲ့ကြပါတယ်။ ၇ နာရီ ၃၂ မိနစ်မှာ ရွှေကျင်သာသနာပိုင် သက်တော်ရှည် ဝါဆိုဆရာတော်ဘုရားကြီးက ကိုးပါး သီလချီးမြှင့်ပြီး ဝန်ကြီးချုပ်ဦးရဲမြင့်က စိန်ဖူးတော်ကို ဝါဆိုဆရာတော်ဘုရားကြီးအား ကပ်လှူပြီးကာ ဗိုလ်ချုပ်ရဲအောင်က ငှက်မြတ်နားတော်ကို မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္ဓာဘိဝံသအား ကပ်လှူကြပါတယ်။

အခမ်းအနားမှူးက မင်္ဂလာအခါတော်ကြား စာတမ်းကိုဖတ်ကြားချိန်မှာ ရွှေတံဆိပ်ဆုရှင် စိန်မွတ္တာဆိုင်းအဖွဲ့က ရတုပိုဒ်စုံဖြင့် တီးခတ်သီဆို ပူဇော်ကြပြီး ရွှေထီးတော်ကို မင်္ဂလာရထားပျံဖြင့် ငြိမ့်ငြောင်းသာယာဆွဲယူ တင်လှူပူဇော်ကြပြီး ဆရာတော် သံဃာတော်များက ဇယန္တော ဗောဓိယာ မူလေ အစရှိသော အောင်ဂါထာတော်ကို သုံးကြိမ်တိတိ ရွတ်ဆိုပူဇော်ကြပြီး ရွှေတံဆိပ်ဆုရှင် စိန်မွတ္တားဆိုင်းအဖွဲ့က ဓမ္မတေးများ ရွတ်ဆိုပူဇော်ခဲ့ကြပါတယ်။ မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ မထေရ်မြတ်ကြီးက စိန်ဖူးတော်ကို စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူပြီး ရွှေထီးတော်အား အမွှေးနံ့သာရေများဖြင့် ပက်ဖြန်းပူဇော်ခိုက်မှာ ကျောင်းတော်ကြီးအလွှာအသီးသီးမှ ကျောင်းဒါယကာ ဒါယိကာမများ၊ အလှူဒါယကာ ဒါယိကာမများက ရတနာရွှေမိုး ငွေမိုး ရွာသွန်းဖြိုးပေးကြပါတယ်။ ထို့နောက်မှာတော့ ဝန်ကြီးချုပ်ဦးရဲမြင့်နှင့် ဗိုလ်ချုပ်ရဲအောင်တို့က မဟာနာယကချုပ်ဆရာတော်ကြီးရဲ့ လက်က်ျာလက်ဝဲဘက်မှာ အသီးသီးနေရာယူပြီး ဓမ္မစေတိယကျောင်းဆောင်သစ်ကြီး လှူဒါန်းပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

ဆက်လက်ပြီး မဟာနာယကချုပ်ဆရာတော်ကြီးက စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ ဘုရားအနေကဇာတင် အခမ်းအနား၊ ရေစက်ချအခမ်းအနားအပြီးမှာတော့ နန်းတော်ရှေ့ဆရာတင်၏မြေး စောင်းဦးအုန်းညွှန့် နန်းကြာဝတ်မှုံ စောင်းအဖွဲ့က စောင်းဂီတဖြင့် ပူဇော်ပြီး လောကနာထစေတီတော် ထီးတော်တင်လှူပူဇော်ပွဲ၊ ဓမ္မစေတိယ ကျောင်းဆောင်သစ်ကြီး ရေစက်ချလှူဒါန်းပွဲ မင်္ဂလာအခမ်းအနားဟာ စည်ကားသိုက်မြိုက်စွာ ပြီးဆုံးသွားခဲ့ပါတယ်။ မစိုးရိမ်တိုက်သစ် စာချစာသင်သံဃာတော်များအား ဆွမ်းလောင်းခြင်း၊ ပင့်သံဃာများအား ဆွမ်းကပ်ခြင်းကုသိုလ်ကို ဦးကျော်ကျော်လွင်+ဒေါ်ခင်ချောချောလွင် ရွှေပြည်သာ ကျောက်မျက်ရတနာမိသားစု၊ မန္တလေးမြို့မှ တစ်ဦးတည်း လှူဒါန်းရာ ယနေ့တစ်မနက်တည်းအတွက်ပင် သိန်း ၁၀၀ ကျော်ကုန်ကျခဲ့ကြောင်း၊ တခြား သောက်ရေသန့်ကုသိုလ်၊ ပန်းဖလက် လက်ကမ်းစာစောင်ကုသိုလ်၊ မုန့်ဟင်းခါး စတုဒိသာကုသိုလ်ရှင်များစွာတို့ကလည်း ဝမ်းပန်းတသာ ပေးလှူကြတာကို တွေ့ရပါတယ်။

ဓမ္မစေတိယကျောင်းဆောင်သစ်ကြီးနှင့် လောကနာထစေတီတော်ကြီး တည်ထားကိုးကွယ် ဆောက်လုပ်လှူဒါန်းကြရာတွင် သံဃာဆောင်မှ ပဋိပတ္တိဘာဝနာဌာနအထိ ၇ လွှာကို တစ်ဦးချင်းစီမှ ကုသိုလ်ယူကြပြီး စေတီတော်နှင့် စေတီရင်ပြင်၊ ဂန္ဓကုဋိကျောင်းဆောင်တို့ကို အများပြည်သူတို့ စုပေါင်းကုသိုလ်ယူခြင်းဖြစ်ကြောင်း၊ အခမ်းအနားကုန်ကျစရိတ်မပါ အဆောက်အအုံသက်သက် လှူဒါန်းမှူတစ်ခုတည်းဖြင့်ပင် ငွေကျပ်သိန်းပေါင်းခြောက်ထောင်ခန့် ကုန်ကျကြောင်း သိရှိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts