သတင်းဆောင်းပါး အရှင်ဝီရသူ

ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ အောင်မြင်စွာ ပြီးစီး (MoeMaKa)

ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ အောင်မြင်စွာ ပြီးစီး
မိုးမခ မိတ်ဆွေ (မန္တလေး)
ဇူလိုင် ၂၈၊ ၂၀၁၂

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယကျောင်းဆောင်သစ်ကြီးနှင့် လောကနာထစေတီတော် ထီးတော်တင်ပွဲ အခမ်းအနားသို့ ကြွရောက်လာကြသော မြန်မာပြည်တစ်ဝှမ်းလုံးမှ မစိုးရိမ်တိုက်သစ် ကျောင်းသား (အသင်းသား) ဟောင်းများသည် ယနေ့ ၂၅- ၇- ၂၀၁၂ ရက်နေ့ ည ၇း၃၀ နာရီတွင် ဓမ္မမဟိဒ္ဓိလေးထပ်ကျောင်းဆောင်ကြီး၌ ကျင်းပခဲ့ကြပါသည်။

 

မစိုးရိမ်တိုက်သစ် နာယကဆရာတော်များ၊ ကျောင်းသားဟောင်းများဖြစ်သော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ရဟန်းပျိုများ စုစုပေါင်း သံဃာတော်အပါး တစ်ထောင်ကျော် တက်ရောက်တော်မူကြပါသည်။

အခမ်းအနား၌ ပဲခူးမြို့၊ ဓမ္မရတနာကျောင်းဆရာတော် ဘဒ္ဒန္တဥာဏောဘာသ မထေရ်မြတ်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး အရှင်ဝီရသူက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူကာ ရန်ကုန်မြို့ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသ၊ ဓမ္မသမိဒ္ဓိဆရာတော် ဘဒ္ဒန္တဝါသေဌာဘိဝံသ၊ ဆမ္မဆယ်ဆရာတော် ဘဒ္ဒန္တသိရိန္ဒ၊ မင်းကွန်းဆရာတော် ဘဒ္ဒန္တဥာဏိက စသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများက သြဝါဒကထာ မိန့်ကြားတော်မူကြပါသည်။

 

တက်ရောက်လာသော ဆရာတော် သံဃာတော် (ကျောင်းသားဟောင်း)များ တစ်ထောင်ကျော်ထဲမှ ရဟန်းပျိုများကလည်း ဘာသာရေး၊ သာသနာရေး၊ အမျိုးသားရေးနှင့်ပတ်သက်သည်များကို လျှောက်ထားတင်ပြ အဆိုပြုခဲ့ကြပါသည်။ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသမထေရ်မြတ်ကြီး၏ သက်တော် ၈၀ ပြည့် ပတ္တမြားရတု (၁၃၇၅ ခု၊ ဝါဆိုလဆန်း ၈ ရက်) နေ့တွင် ယခုလို ပြန်လည်ဆုံစည်းကာ သြဝါဒခံယူသွားရန်၊ ပရိယတ္တိစာမေးပွဲများ သန့်ရှင်းရေးဆောင်ရွက်ရန်၊ မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ ထေရုပ္ပတ္တိကထာ ရေးသားရန်၊ မစိုးရိမ်တိုက်သစ်ပတ်ဝန်းကျင် ကြည်ညိုဖွယ် ပါသာဒိက ဂုဏ်ဆောင်နိုင်ရေး ဆောင်ရွက်ရန်တို့ကို အဆိုပြု၊ ဆွေးနွေး၊ ထောက်ခံအတည်ပြုခဲ့ကြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts