ဓာတ်ပုံသတင်း နိုင်ငံတကာရေးရာ

၎ ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်၊ ရှင်ပြု၊ သီလရှင်ဝတ်ပွဲ ဓမ္မရံသီကျောင်း(ကနေဒါ)တွင် ကျင်းပ

ကျော်ဟုန်း  ၊ ဇူလိုင် ၂၆၊ ၂၀၁၂

၎ ကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်းကပ်နဲ့  ရှင်ပြု- သီလရှင်ဝတ်ပွဲကို 6700 No 4 Road, Richmond,BC ကနေဒါနိုင်ငံမှာ ဇူလိုင် ၂၁ က ၂၂ နေ့အထိ ဓမ္မရံသီ ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ပါတယ်။ ဝါဆိုသင်္ကန်းကပ်လှူပွဲကို ဓမ္မရံသီဘုန်းကြီးကျောင်း ဂေါပကများဖြစ်သော ကိုစိန်ထွန်း၊ ကိုကိုလေးတို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသားများက စုပေါင်း ပါဝင်ကျင်းပခဲ့ကြပါတယ်။  


ဝါဆိုသင်္ကန်းကပ်ခြင်းနဲ့အတူ  ရှင်ပြု၊ နားသ၊ သီလရှင်ဝတ် သာသနာ့ဘောင် သွတ်သွင်းခြင်းမင်္ဂလာပွဲကိုကျင်းပရာမှာ အလှူဒါယကာ၊ဒါယိကာမများ ဖြစ်ကြတဲ့ ဦးသန်းထိုက် ဒေါ်နန်းခင်နှင်းလှိုင်တို့ ၏သား  မောင်ဝေယံထိုက်နဲ့   ဦးစိုးကျော်-ဒေါ်သူဇာမင်းတို့ ၏သား  မောင်မင်းသွေးတို့ ကို  ပဗ္ဗဇ္ဖအမွေ   ရှင်သာမဏေအဖြစ် သွတ်သွင်းခြင်း ၊  ဦးကျော်ကျော်-ဒေါ်စန်းစန်းတို့ ၏  သမီးများဖြစ်သော မကေသီကျော်နဲ့   မကေစီကျော်တို့ကိုလဲ  ကဏ္ဏဝဇ္ဈန နားသမင်္ဂလာကျင်းပပြီး သီလရှင်ဝတ်ပေးခဲ့ကြပါတယ်။

ထိုမင်္ဂလာအလှူပွဲ အခမ်းအနားကို  ဓမ္မသီရံဘုန်းကြီးကျောင်းထိုင် ဦးဃောသကနဲ့ အတူ  တိုရန်တို၊ ဝါရှင်တန်(အမေရိကန်)၊  ထိုင်ဝမ်မှ သံဃာတော်များလဲ ကြွရောက်အပူဇော်ခံခဲ့ကြပါတယ်။ ဘုန်းတော်ကြီးများကလဲ ဝါဆိုသင်္ကန်းများ အလှူခံယူတော်မူအပြီးမှာ ကြွရောက်လာတဲ့ ပရိသတ်များကို  တရားဟောခြင်း၊ မေတ္တာပို့ ခြင်းများ၊ သီလစောင့်တည်ခြင်းများ၊ အမျှပေးဝေခြင်းများပြုလုပ်ပေးခဲ့ကြပါတယ်။

လာရောက်ကြတဲ့ ဧည့်ပရိသတ်များကို မုန့်ဟင်းခါး၊ မြန်မာထမင်းဟင်း၊ ဒန်ပေါက်၊ ခေါက်ဆွဲကြော်၊ ရွှေကြည်၊ ဆနွင်းမကင်း၊ သစ်သီးစုံများဖြင့် ကျွေးမွေးခဲ့သလို ဘုရားအမှူးပြုပြီး သံဃာတော်များကိုလဲ ဆွမ်းကပ်လှူဒါန ကုသိုလ်ယူခဲ့ကြပါတယ်။

ထိုဝါဆိုသင်္ကန်းကပ်ပွဲမှာ  ကနေဒါရောက်  မြန်မာကျောင်းသားတပ်မတော်က ရဲဘော်ဟောင်းများ၊  ရဟန်းပျိုသမဂ္ဂဟောင်းများနဲ့  ပြည်ပရောက်မြန်မာနိုင်ငံသားများ  စုစုစည်းစည်း ရင်းနှီးချစ်ခင်စွာ နေထိုင်ကြတာတွေ့ ရတာကတော့  ဝမ်းသာစရာကောင်းတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။  ပြည်ပမှာမွေးတဲ့ မြန်မာကလေးများကို မိမိတို့ ရဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုများကို အမွေပေးနိုင်ခြင်းဟာလဲ ချီးကျူးစရာကောင်းတဲ့ မျိုးချစ်စိတ်ဓာတ်ပဲလို့  တွေးမြင်မိပါတော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts