သတင်းပဒေသာ

ကပစ အသိမ်းခံ မြေဧက တစ်သောင်းကျော်အတွက် သမ္မတထံ စာတင်မည်


မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၂၅၊ ၂၀၁၂၊
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၃ ရွာမှ လယ်မြေဧက ၁၂၀၀၀ ကျော်ကို ကာကွယ်ရေးပစ္စည်းစက်ရုံ (က ပ စ) အမှတ် (၈) မှသိမ်းယူထားခဲ့ရာ ၎င်းလယ်မြေများ ပြန်လည်ရရှိရေးအတွက် နိုင်ငံတော်သမ္မတထံ စာရေးသားတင်ပြမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသူ မသန္တာ က မိုးမခသို့ ပြောသည်။
“ အခုလယ်မြေတွေက ၉၆ ၊ ၉၇ ခုနှစ်လောက်ကတည်းက သိမ်းခံထားရတာ၊ တချို့မြေတွေကို ကပစ က အဆောက်အဦဆောက်ပေမယ့် မဆောက်ပဲ လွတ်နေတဲ့မြေတွေကို လယ်သမားတွေက သီးစားခပေးပြီး ပြန်လုပ်နေရတာ ကြာပြီ၊ အခုတော့ အဆောက်အဦမဆောက်တဲ့ လွတ်နေတဲ့လယ်မြေတွေ ပြန်ရချင်တယ်ဆိုပြီး လယ်သမားတွေက တင်ပြမှာပါ”
ဟု ၎င်းက လတ်တလော ဖြစ်ပျက်နေသည့် အခြေအနေကို ရှင်းပြသည်။
ယင်းကျေးရွာအုပ်စု ၁၃ ရွာပေါင်းလျင် လယ်မြေဧက စုစုပေါင်း ၁၂၇၀၀ ကျော်သိမ်းဆည်း ခံထားရသည်ဟုလည်း လယ်သမားများ၏ ပြောဆိုချက်အရ သိရှိရသည်။ ယင်းလယ်မြေများ အတွက် ၁၉၆၀ ခုနှစ်မှ စတင်ကာ မြေခွန်ပေးဆောင်ထားသည့် ပြေစာများလည်း လယ်သမားများထံတွင်ရှိသည်ဟု ၎င်းတို့က ပြောသည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံ စာရေးသား တင်ပြသည့်ကိစ္စကို ယခုအခါ စာရွက်စာတမ်းများ ပြင်ဆင်နေဆဲဖြစ်သည်ဟုလည်း မသန္တာက ပြောသည်။
မဆလ အစိုးရနှင့် စစ်အစိုးရလက်ထက် သိမ်းဆည်းခံထားရသည့်  လယ်ယာမြေများနှင့် ပတ်သက်၍ ယခင်သီတင်းပတ်က ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ကပစ (၃) စက်ရုံအနီးရှိ လယ်မြေများအား လယ်သမားများက ထွန်တုံး တိုက်ပွဲဆင်နွှဲခဲ့ကြသကဲ့သို့ မိတ္ထီလာခရိုင်ရှိ မြို့နယ်အချို့တွင်လည်း သိမ်းဆည်းခံ လယ်မြေများ ပြန်ရရေး ထွန်တုံးတိုက်ပွဲများ လုပ်ဆောင်လျှက်ရှိကြသည်။
ဦးသိန်းစိန် အစိုးရတက်လာပြီး တစ်နှစ်ကျော် ကာလအတွင်း လယ်ယာမြေ သိမ်းဆည်းခံထားရသည့် ကိစ္စရပ်ရာနှင့်ချီ ပေါ်ထွက်လာလျှက်ရှိပြီး အချို့သော လယ်မြေများ ပြန်လည်ရရှိသော်လည်း အရေအတွက်အားဖြင့် နည်းပါးလျှက်ရှိသေးကြောင်း လယ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။     ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကပစ အသိမ်းခံ မြေဧက တစ်သောင်းကျော်အတွက် သမ္မတထံ စာတင်မည်
  1. မသန္တာလိပ်စာလိုချင်တယ်
    သူတို့ နဲ့ဆက်သွယ်ချင်
    လို့

  2. U Thein Sein what are you doing and are you deaf and blind? All our farmers are suffering can’t you see and hear?

Comments are closed.