ကဗျာ

တနင်္ဂနွေ (Maung Nyein Aye)

မောင်ငြိမ်းအေး၊ ဇူလိုင် ၂၅၊ ၂၀၁၂

မိန်းမက

ဆန်အိုးကိုထောင်ပြတာနဲ့
တနင်္ဂနွေနေ့ကလေးကို အိတ်ကပ်ထဲထည့်
အပေါင်ဆိုင်ဘက်ကို ထွက်လာခဲ့တယ်။

ကောင်တာပေါ်ကို
တုန်ရီနေတဲ့လက်ချောင်းတွေနဲ့
ငါ့တနင်္ဂနွေနေ့ကလေးကို တင်လိုက်တဲ့အခါ
အတိုးတွေနဲ့ ပြည့်ဖြိုးလှပနေတဲ့ မမက
ဆတ်ခနဲေ ကာက်ယူလိုက်ပြီးတဲ့နောက်
မှတ်ကျောက်မဲမဲကလေးအပေါ်မှာ
ငါ့တနင်္ဂနွေခမျာ
အစုန်အဆန်ခရီး နှင်နေရှာတော့တယ်။

တနင်္ဂနွေ စစ်မစစ်
တဂျစ်ဂျစ်ခြစ်ပြီး စစ်နေတဲ့ မမလေ
ငါ့တနင်္ဂနွေနေ့ကလေးမှာ
တစ်ခါမှ အေးအေးလူလူစာဖတ်ထားတာ မတွေ့ရ
တစ်ခါမှ မိတ်ဆွေအပေါင်းအသင်းအိမ်လည်ထားတာ မတွေ့ရ
တစ်ခါမှ မိသားစုပျော်ပွဲစားထွက်ထားတာ မတွေ့ရ
တစ်ခါမှ ဘုရားဖူးသွားထားတာမတွေ့ရ ….. ဆိုတော့
ရှင့် တနင်္ဂနွေဟာ
တနင်္ဂနွေအတုကြီး လို့ပြောပြီး
ဒေါသနဲ့ ငါ့တနင်္ဂနွေကို
ငါ့ရှေ့ပြန်ပစ်ပေးလိုက်ပါရော…..။

ပိုက်ဆံ မပါရင်မဖြစ်
ပိုက်ဆံပါမှ ဖြစ်မှာကြောင့်
တနင်္ဂနွေ မစစ်တဲ့
တနင်္ဂနွေ အတုကိုကောက်ပြီး
နေပူကျဲကျဲကြီးထဲကို
ငါ… တိုးဝင်လိုက်တော့မှပဲ
ငါ့ရဲ့ တနင်္ဂနွေဟာ
တကယ့်တနင်္ဂနွေအစစ် ဖြစ်နေပြန်တော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts