သန်းဝင်းလှိုင်

ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီး


သန်းဝင်းလှိုင်
ဇူလိုင် ၂၂၊ ၂၀၁၂
မြန်မာများထဲမှ ခေတ္တဘုရင်ခံအဖြစ် ၄ လခန့် တာဝန်ယူခဲ့သူ ဒိုင်အာခီနှင့် ၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ပညာ ရေးဝန်ကြီး၊ အထက်လွှတ်တော်ဥက္ကဌ၊ ဟိုက်ကုတ်တရားသူကြီးအဖြစ် ထိပ်တန်းရာထူးများရယူခဲ့သော ဗြိတိသျှအလိုတောရိ ဝါရင့်နိုင်ငံရေး သမားကြီး ဆာဂျေအေမောင်ကြီးကို ၁၈၇၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် အင်္ဂါနေ့တွင် မော်လမြိုင်မြို့၌ အဖ ဘလုပ်ကုမ္ပဏီစာရေးကြီး ဦးခင်၊ အမိ ဒေါ်ရင်တို့မှ ဖွားမြင်ခဲ့သည်။ တစ်ဦးသောသား ဖြစ်သည်။ ဂျေအေ၏အရှည်ကောက်မှာ Joseph Augustus ဖြစ်သည်။

ဖခင်ဖြစ်သူဦးခင်မှာ လယ်တီဦးဝါယမ (အဂ္ဂမဟာပဏ္ဍိတ ဆရာမြို့) တည်ထောင်သော ဗုဒ္ဓသာသနာ ပြု “ဓမ္မသာဝနအသင်း” ၏ ဥက္ကဌဖြစ် ပြီး ထိုခေတ် ကုန်သည်လောကတွင် သြဇာကြီးမားထင်ရှားခဲ့သူဖြစ်သည်။ ဖခင်ဘက်မှအဘိုးမှာ မြန်မာမင်းလက်ထက်တွင် “ကတိုးဇာကြီး ခေါ် ၁၂ မြို့ပိုင်” မြို့စားတစ်ဦး ဖြစ်သည်။ မိခင်ဘက်မှအဘိုးမှာ ဒုတိယအင်္ဂလိပ်-မြန်မာစစ်အပြီး နယ်ခြားဝန်ထောက်အဖြစ် အမှုထမ်းခဲ့သည့် ဦးကျော် ဖြစ်သည်။

ငယ်စဉ်က ရန်ကုန်မြို့ စိန့်ပေါလ်ကျောင်း (အထက ၆ ဗိုလ်တထောင်) ၌ စတင်ပညာသင်ကြားခဲ့ပြီး ၁၈၈၄ ခုနှစ် အသက် ၁၃ နှစ် အရွယ်တွင် စိန့်ပေါလ်ကျောင်းမှ အင်းထရင့်စာမေးပွဲ (၁၀ တန်း) အောင်မြင်ခဲ့သည်။ စကောလားရှစ် (ပညာသင်ဆု)ရရှိ၍ ရန်ကုန်ကောလိပ်၌ ဆက်လက် ပညာသင်ကြားပြီး ၁၈၈၆ ခုနှစ်တွင် အင်္ဂလန်သို့ ပညာသင်သွားရောက်၍ ၁၈၈၇ ခုနှစ် လန်ဒန်မက်ထရစ် အောင်၍ I.C.S စာမေးပွဲအတွက် စိန့်မေ ရီကောလိပ်၊ အောက်စဖို့ဒ်တက္ကသိုလ်၊ ဘရပ်ဆဲကောလိပ်တို့၌ ဆက်သင်ကြားခဲ့သည်။ I.C.S စာမေးပွဲဖြေဆိုနေစဉ် ကျန်းမာရေးချို့ ယွင်းကာ မူးလဲရာမှ ဆက်မဖြေဖြစ်တော့ချေ။ လန်ဒန်ဂရေအင်း ဥပဒေသင်တန်းကျောင်းမှ ဘာရစ်စတာ (Barrister at Law) ခေါ် ဝတ်လုံ ဘွဲ့ရရှိခဲ့သည်။ ယင်းနောက် အင်္ဂလန်တွင် အင်္ဂလိပ်အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ကျ၍ စာနယ်ဇင်းများတွင် ဆောင်းပါးများရေးပြီး အ သက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ၁၉၀၀ ပြည့်နှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သည်။

၁၉၀၀ ပြည့်နှစ်မှ ၁၉၁၁ ခုနှစ်တိုင် ရန်ကုန်မြို့၌ ဝတ်လုံတော်ရအဖြစ် အသက်မွေးသည်။ ၁၉၁၁ တွင် ယိုးဒယား (ထိုင်း) သို့ အမှုလိုက်သွားရာမှ ယိုးဒယားရှိ ဗြိတိသျှသစ်ကုမ္ပဏီတွင် ဥပဒေအကြံပေးအဖြစ်ဆောင် ရွက်သည်။ ယိုးဒယားတွင်နေထိုင်စဉ် ယိုးဒယားနိုင်ငံဖွား ဒေါ်မေနှင့် အိမ်ထောင်ကျကာ သမီးတစ်ယောက်ထွန်းကားခဲ့သည်။ ၁၉၁၄ တွင် မြန်မာပြည်သို့ပြန်၍ ဝတ်လုံတော်ရအဖြစ် ခန့်အပ်ခံရသည်။ ၁၉၁၇ တွင် ဘုရင်ခံ၏ အတိုင်ပင်ခံအဖြစ် ခန့်အပ်ခြင်းခံရသည်။

၁၉၂၀ ပြည်နှစ်ဝန်းကျင်တွင် အင်ဒီပင်းဒင့်ပါတီ ခေါ် ရွှေတောင်ကြားပါတီကို ဂျေအေမောင်ကြီးသည် ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ဗဟန်းရပ် ရွှေတောင်ကြား (ဂိုးလ်ဒင်းဗယ်လီ) တွင် နေထိုင်သည့် အင်္ဂလိပ်၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်ကုန်သည်များ စသည့်အထက်တန်းလွှာများပါဝင်ကာ အင်္ဂလိပ်အလိုတော်ရိပါတီအဖြစ် လူသိ များသည်။ ပါတီ၏အမည်ကို မြန်မာလွတ်လပ်ရေးအဖွဲ့၊ အင်ဒီပင်းဒင့်ပါတီ၊ တိုးတက်ရေးပါတီဟူ၍ အမျိုးမျိုး အမည်တပ်ထားသော်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ပြီးအမတ်လုပ်ခြင်း၊ နယ်ချဲ့အစိုးရပေးသမျှ ရာထူး များကို လက်ခံရယူပြီး လွှတ်တော်အတွက် အင်္ဂလိပ်အကြိုက်လုပ်ငန်းများ အကောင်အထည်ဖေါ်ခဲ့သည့်ပါတီသာဖြစ်သည်။ ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဗြိတိသျှပါလီမန်မှ မြန်မာနိုင်ငံကို အုပ်ချုပ်ရေးတိုးမြှင့်ပေးသင့်၊မပေးသင့် စုံစမ်းစစ်ဆေးရန် အိန္ဒိယဥပဒေပြုကောင်စီဥက္ကဌ ဆာအေဖရက်ဒရစ်ဝှိုက် (Sir A. Frederick Whyte) ဥက္ကဌအဖြစ်ဆောင်ရွက်သော ဝှိုက်ကော်မတီလာရောက်စဉ် အစစ်ဆေးခံ၍ ဒိုင်အာခီ အုပ်ချုပ် (ပူးတွဲအုပ်ချုပ်ရေး) ကို လက်ခံခဲ့သည်။

၁၉၂၃ ဇန်နဝါရီ ၂ တွင် ဆာဟာကုတ်ဘတ္တလာသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်ခံရာထူးတွင် တာဝန်ထမ်း ဆောင်၍ ဒိုင်အာခီအုပ်ချုပ်ရေး ခေါ် ပူးတွဲတာဝန်ခံအုပ်ချုပ်ရေး အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့ရာ ဂျေအေမောင်ကြီးသည် ငါးထောင်စားသစ်တော ရေးဝန်ကြီးချုပ်အဖြစ် ၁၉၂၃ မှ ၁၉၂၄ ထိ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ၁၉၂၄ နိုဝင်ဘာလ ၁၂ တွင် သစ်တောရေးဝန်ကြီးချုပ် ဂျေအေ မောင်ကြီးသည် တရားရုံးချုပ်တရားသူကြီးအဖြစ် ခန့်အပ်ခံရသည့်အတွက် သစ်တောရေးဝန်ကြီးချုပ် ရာထူးကို ဝတ်လုံတော်ဦးပု (ရွှေကျင်)အား လွှဲပြောင်းပေးခဲ့သည်။

၁၉၂၅ နိုဝင်ဘာ ၁၇ တွင် မြန်မာနိုင်ငံတွင် ဒိုင်အာခီအုပ်ချုပ်ရေးနည်းစနစ်အရ ဒုတိယအကြိမ်ဥပဒေ ပြုလွှတ်တော် အမတ်ရွေးကောက်ပွဲကျင်းပ ခဲ့ရာ ရွေးကောက်ပွဲတွင် ဂျေအေမောင်ကြီး ကြီးမှူးသော အင်ဒီပင်းတင့်ပါတီ (Independent Party) ခေါ် ရွှေတောင်ကြားပါတီ (Golden Valley Party) သည် အမတ် ၂၀ ကျော် အရွေးခံရသည်။ ထို့နောက် ၁၉၂၆ ဇွန်လ ၂၃ တွင် ဂျေအေမောင်ကြီးသည် ဒိုင်အာခီအုပ်ချုပ်ရေးအဖွဲ့၌ ပြည်ထဲရေးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည်။

ထို့နောက် ၁၉၂၇ ဇန်နဝါရီ ၁ ရက်နေ့တွင် ဂျေအေမောင်ကြီးသည် K.C.I ခေါ် ဆာ (Sir)ဘွဲ့ ချီးမြှင်ခံရကာ “ဆာဂျေအေမောင်ကြီး” ဖြစ် လာသည်။

၁၉၃၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့ ဘုရင်ခံ ဆာချားလ်အင်းနစ် (Sir Charles Innes) သည် လန်ဒန်မြို့သို့ ခွင့် ၄ လယူ၍ ခေတ္တပြန်ခဲ့သည်။ ၎င်းခွင့်ယူစဉ်ကာလအတွင်း မြန်မာများကို နှစ်သိမ့်သောအားဖြင့် လန်ဒန်အစိုးရက ဆာဂျေအေမောင်ကြီးကို ခေတ္တဘုရင်ခံ ခန့်အပ်ထားခဲ့ သည်။ ခေတ္တပင်ဖြစ်စေတော့ မြန်မာများထဲမှဘုရင်ခံ ခန့်အပ်ခံရသူဖြစ်သောကြောင့် အင်္ဂလိပ်အလိုတော်ရိများက ဂုဏ်ယူခဲ့ကြသည်။ သို့ ရာတွင် ဆာဂျေအေမောင်ကြီးသည် ၄ လတာမျှ ဘုရင်ခံတတ်၍လုပ်ရတုန်းမှာပင် သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ ဆရာစံဦးဆောင်သော တောင်သူလယ်သမားအရေးတော်ပုံနှင့် ဝင်တိုးခဲ့ရသည်။

၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၀ တွင် ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးသည် သယာဝတီမြို့သို့ တိုင်းခမ်းလှည့်လည်ရင်းရောက်ရှိခဲ့ သည်။ အရာရှိများ၊ သူကြီးများကို ဆုချီးမြှင့်သည့် ဒါဘာပွဲခေါ် မင်းပွဲသဘင်ကျင်းပခဲ့၏။ မြို့ပရိသတ်၊ ရွာသူရွာသားပရိသတ် စည်ကား၏။ ရွာလူထုက မြန်မာလူမျိုးစစ်စစ်ဘုရင်ခံသည် မြန်မာလယ်သမားများ၏ ဒုက္ခကိုမြင်ကာ အခွန်လျှော့ပေါ့ပေးမည်။ ကောက်ခံခြင်းကို အနည်း ဆုံးဆိုင်းငံ့ပေးမည်ဟု သတင်းကောင်းပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။ အသနားခံလွှာများကိုလည်း တင်သွင်းကြသည်။ ထို့ပြင် သာယာ ဝတီနယ်တွင် အစိုးရစစ်တပ်များက ကျေးရွာများအား မတရားနှိပ်စက်မှုများကို ကျေးရွာသားတို့က တိုင်တန်းခဲ့ကြ၏။

ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးက “အစိုးရစစ်တပ်များက ကျေးရွာများကို နှိပ်စက်သည်ဟု အစိုးရအားတိုင်တန်းသောအခါ လျှောက် လွှာများကိုရကြောင်း၊ အခွန်တော်မပေးဘဲနေလျှင် ဤသို့ပင်ခံရလိမ့်မည်ဖြစ်ကြောင်း၊ တဿမေဓနှင့် လူခွန်ကို အစိုးရကဖျက်သိမ်းရန် မကြံရွယ်ကြောင်း၊ အခွန်တော်ကို အချိန်မှန်မှန် ကောက်ခံမည်။ မရလျှင် အာဏာစက်ကိုသုံးမည်”ဟု ပြတ်သားစွာ ပြောကြားခဲ့၏။ ဤသို့ဖြင့် ဆရာစံဦးဆောင် သော တောင်သူလယ်သမားအရေးတော်ပုံကြီးသည် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွေင် ပေါ်ပေါက်လာခဲ့ရာ ခွင့်ပြန်နေသော မြန်မာဘုရင်ခံ ဆာချားလ်စ်ဒင်းနစ်သည် ခွင့်မစေ့မီ အမြန်ပြန်လာ၍ ၁၉၃၁ ဇန်နဝါရီ ၉ ရက်နေ့တွင် ဆာဂျေအေမောင်ကြီးထံမှ မြန်မာဘုရင်ခံတာဝန်ကို ပြန်လွှဲပြောင်းယူခဲ့သည်။

ဆောဂျေအေမောင်ကြီးသည် ၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် ၁၉၃၂ မှ ၃၄ ထိ သစ်တောရေးဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ ၁၉၃၃ မှ ၃၄ ခုနှစ်ထိ ပညာရေးဝန်ကြီးချုပ်အဖြစ်လည်းကောင်း ပူးတွဲတာဝန်ယူခဲ့သည်။

၁၉၃၂ နိုင်ဝင်ဘာ ၉ တွင်ကျင်းပခဲ့သော စတုတ္တအကြိမ် ဒိုင်အာခီဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲတွင် ဆာဂျေအေမောင်ကြီး၏ ရွှေတောင် ကြားပါတီသည် မရှုမလှ ရှုံးနိမ့်ခဲ့သည်။

သို့သော် ၁၉၃၃ ဇန်နဝါရီ ၁၄ တွင် လေးကြိမ်မြောက် ဒိုင်အာခီအစိုးရဖွဲ့စည်းခဲ့ရာ ဆာဂျေအေမောင် ကြီးသည် သစ်တောရေးဝန်ကြီးအဖြစ် ဘုရင်ခံ၏ခန့်အပ်ခြင်းခံရသည်။ ၁၉၃၄ ခုနှစ် ဥပဒေပြကောင်စီအစည်းအဝေး၌ ဆာဂျေအေမောင်ကြီး၏ “ဝိနယဓရ ဥပဒေကြမ်း”ကို လက်ခံ သင့်၊မခံသင့်ဆွေးနွေးရာ မန္တလေးစီပီခင်မောင်က ကန့်ကွက်ခဲ့သည်။ ဘာသာရေးကိစ္စ ဓမ္မကြောင်းကို ရဟန်းတော်များအား မလွှဲအပ်ဘဲ လူဝတ်ကြောင်တစ်ဦးကတင်သွင်း၍ ကန့်ကွက်ခြင်းဖြစ်သည်။ ဥပဒေကြမ်းကိုမဲခွဲဆုံးဖြတ်ရာ ဦးဘဘေ၊ ဒေါက်တာ ဘမော်အပါအဝင် အ မတ် ၅၁ ဦးကကန့်ကွက်၍ ဆာဦးဘနှင့် အမတ် ၁၂ ဦးက ထောက်ခံခဲ့သည်။ အလယ်တောရဆရာတော် ရှင်ကောသလ္လ၊ အရှင်အာဒိစ္စဝံသနှင့် ထင်ရှားသော ဆရာတော်အချို့ကထောက်ခံခဲ့ကြသော်လည်း နိုင်ငံအဝန်းမှ သံဃာအများစုကကန့်ကွက်၍ ဥပဒေကြမ်းပျက်ခဲ့ရသည်။ ဝိနယဓရ ဥပဒေကြမ်းမှာ ရဟန်းသံဃာများအမှုအခင်းဖြစ်လျှင် လူတရားရုံး၌မဆုံးဖြတ်စေဘဲ ရဟန်းဝိနည်းဓိုရ်များကဆုံးဖြတ်၍ ထိုဆုံး ဖြတ်ချက်ကို တရားရုံးမှအတည်ပြုပေးရန်နှင့် တရားရုံးကုန်ကျစရိတ်များ ကင်းလွတ်ခွင့်ရရန်ဖြစ်သော်လည်း အများစုက လက်မခံ၍ ရှုံးနိမ့်ခဲ့ ရခြင်းဖြစ်သည်။

၁၉၃၄ ဖေဖေါ်ဝါရီ လ ၂၀ တွင် လွှတ်တော်အစည်းအဝေး၌ ဦးဘဘေနှင့် ဒေါက်တာဘမော်တို့က အစိုး ရအဖွဲ့ဝင် ဝန်ကြီးချုပ်များဖြစ်ကြသော ဆာဂျေအေမောင်ကြီးနှင့် ပညာရေးဝန်ကြီးချုပ် ဝတ်လုံဦးကျော်ဒင်တို့ကို အယုံအကြည်မရှိ အဆိုတင်သွင်း၍ ဖြုတ်ချခဲ့သည်။ ဒိုင်အာခီအုပ် ချုပ်ရေးခေတ်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ပထမဆုံးအကြိမ်အယုံအကြည်မရှိ အဆိုတင်သွင်းခံရခြင်းဖြစ်သည်။

၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာန အုပ်ချုပ်ရေး) အရ ပထမဆုံးကျင်းပသော အောက်လွှတ်တော်ရွှေးကောက်ပွဲ ကျင်းပရာ ဆာဂျေအေမောင်ကြီး၏ ရွှေတောင်ကြားပါတီသည် နှစ်ဦးသာ ရွေးချယ်ခံရသည်။ သို့သော် ဘုရင်ခံကရွေးချယ်ခန့်အပ်၍ ၁၉၃၇ မှ ၁၉၄၀ ပြည့်နှစ်တိုင် အထက်လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ် ဖေဖေါ်ဝါရီ လ ၂၉ ရက်တွင် မြန်မာပြည်ကာကွယ်ရေးဥပဒေပြဌာန်းခဲ့၍ အထက်လွှတ်တော်ဥက္ကဌ ဆာဂျေအေမောင်ကြီး (ရွှေကျင်) ကို ဘုရင်ခံက ကာ ကွယ်ရေးတိုင်ပင်ခံအဖြစ် ဇူလိုင်လ ၁၂ တွင်ခန့်အပ်သောကြောင့် ဆာဂျေအေမောင်ကြီးသည် သြဂုတ်လ ၃၀ တွင် အထက်လွှတ်တော် ဥက္ကဌဖြစ်လာခဲ့သည်။

ထို့နောက် ၁၉၄၂ မတ် ၈ ရက်တွင် အမှတ် ၂၁၅ ဂျပန်ခြေလျင်တပ်မကြီးနှင့် ဗမာ့ကာကွယ်ရေးတပ်မတော် (B.I.A) တို့ ရန်ကုန်မြို့ကို ဝင် ရောက် သွားသိမ်းပိုက်ပြီးနောက် ဂျပန်ခေတ်တွင် ဆာဂျေအေမောင်ကြီးသည် တွံတေးမြို့မှတဆင့် အထက်မြန်မာပြည်သို့ စစ်ပြေးအဖြစ်ခို လှုံခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံရေးမှအနားယူကာ ဘာသာရေးနှင့်စာပေရေးရာများကို လေ့လာကာ အေးချမ်းစွာနေ ထိုင်ခဲ့သည်။

ဆာဂျေအေမောင်ကြီးသည် ငယ်စဉ်ကပင် ဘာသာတရားကို ယုံကြည်လေးစားသူဖြစ်ပြီး၊ ဇင်းကျိုက်တောင်၌ ကြီးကျယ်ခန်းနားသော တန် ဆောင်းနှင့် သံတောင် ၈ တောင် (တစ်သံတောင်လျှင် ၁၉ လက်မရှိ သည်)ရှိ တင်ပျဉ်ခွေရုပ်ပွားတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထို့ပြည် ဝိနည်းပိဋကတ်တော်များကို ကျနစွာလေ့လာ၍ ဆရာမြို့ဦးဆောင်သော ပိဋကတ်တော် မြန်မာပြန်များ ပုံနှိပ်ရေးအတွက် အထူး အကူအညီ ပေးခဲ့သည်။ ခေတ္တဘုရင်ခံဘဝတွင် ဘုရင်ခံအိမ်တော်၌ သံဃာတော်များကိုပင့်၍ ဆွမ်းကျွေးလှူဒါန်းခြင်း၊ ဘုရင်ခံဘဝက သူ၏ ကိုယ်ရံတော်ဗိုလ်မှူးအဖြစ် မြန်မာလူမျိုး ကပ္ပတိန်ထွန်းလှအောင်ကို ခန့်အပ်ခဲ့သည်။ လုပ်ရပ်များသည် ထင်ရှားခဲ့သည်။

မြန်မာပြည်၏ခေတ္တဘုရင်ခံဖြစ်ခဲ့သော ဆာဂျေအေမောင်ကြီးသည် ၁၉၅၅ မတ်လ ၉ ရက် တွင် ဗဟန်းရပ် ရွှေတောင်ကြားလမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ကိုးကား
၁။ ဦးအေးမောင်၊ မြန်မာနိုင်ငံရေးသမိုင်း (စာပေလောက စာအုပ်တိုက်၊ တတိယကြိမ် ၂၀၁၂။
၂။ မောင်ဇေယျာ၊ မြန်မာလူကျော် ၁၀၀ (ပထမအုပ်) Unity စာပေ ပကြိမ် ၂၀၁၀။
၃။ မြန်မာ့ရက်စဉ်သမိုင်း (ပထမတွဲ) သမိုင်းသုတေသနဦးစီးဌာန ပကြိမ် ၂၀၀၉။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီး
  1. ဘာပြောပြောအဲဒီခောတ်10တန်းစာမေးပွဲကို13နှစ်နဲ့အောင်တာအလွန်ချီးကျူးပါတယ်။

  2. ဦးစောလက်ထက်တွင်ဘုရင်ခံနှစ်အတိုက်အခံပြုပီး တဿမေဓနှင့် လူခွန်ကို ဖျက်သိမ်း ခဲ့သည်။

Comments are closed.