မိုးမခကို ပေးတဲ့စာ

အေကေ လကမ္ဘာလမ်း ပကာသနီ (မိုးမခပေးစာ)

ကိုသင့်မြတ်
ဇူလိုင် ၂၂၊ ၂၀၁၂

ပုံတွေကြည့်ပြီး လကမ္ဘာပေါ်မှာ သွားရိုက်ထားတယ်လို့ မယူဆစေချင်ဘူး။ လကမ္ဘာပေါ်မှာ အိမ်တွေ ကားတွေ ဆိုင်ကယ်တွေ ရောက်နေပြီ လားလို့ တွေးနေရင်အခက်။ ဆက်လေ့လာကြည့်ပါဦး။

ရွံ့တွေ ဗွက်တွေထူတဲ့လမ်းဟောင်းတခုကို ရိုက်ပြထားတာပဲလို့ထင်ရင်တော့ မှားလိမ့်မယ်ဗျာ။ နေ့စဉ် ကားကြီး ကားငယ် ယာဉ်ကြီးယာဉ် ငယ်တွေနဲ့လူတွေ ထောင်ပေါင်းများစွာ၊ ကုန်တွေ တန်ပေါင်းများစွာ ကူးလားသွားလာနေတဲ့ လမ်းကြီးဖြစ်ပါတယ်။ လမ်းပျက်နေတဲ့ တနေ ရာလောက် ကွက်ပြီးရိုက်ပြတာလည်း မဟုတ်ရပေါင်ဗျာ။ ပျက်လိုက်တဲ့လမ်းတွေဆိုတာ မြင်မကောင်းလွန်းလို့ပါ။

ဒီလမ်းဟာ ပြည်ပကနေ ကုန်စည်တွေကို ၂၄ နာရီအတွင်း မြို့တော်ရန်ကုန်အရောက် တင်ပို့နေတဲ့ တခုတည်းသော လမ်းကြီးဖြစ်တယ်ဆိုရင် အံ့သြနေမလားပဲ။ ဟုတ်ပါတယ်။ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ကုန်းလမ်းကနေ သွင်းကုန် ထုတ်ကုန် အကြီးဆုံးနဲ့ အဓိကအကျဆုံး လမ်းဖြစ်ပါတယ်။

ပုံတွေဟာ မြ၀တီမြို့နဲ့ ကော့ကရိတ်မြို့ကြားက လမ်းတွေပေါ့။ မြ၀တီမြို့နဲ့ မလှမ်းမကမ်းဆိုပါတော့။ လမ်းအတိုင်းဆက်သွားရင် ဒေါန တောင်တန်းကြီးကို ဖြတ်၊ မချွတ်မချော်၊ မတိမ်းမစောင်း၊ မပျက်မဆီး မထိခိုက်ပဲ ကံကောင်းထောက်မရင်တော့ ကော့ကရိတ်မြို့ကို ရောက် မှာ ဖြစ်ပါတယ်။ ကံအကြောင်းမလှလို့ တောင်ပေါ်ကနေ ချော်ကြ၊ ဘရိတ်ပေါက်လို့ ပြုတ်ကျ၊ လမ်းမြေပျော့လို့ လျောကျ၊ ထိခိုက်မိလို့ ကွဲရှ၊ ပစ္စည်းဆုံး၊ ကားဆုံး၊ အသက်ဆုံးကြတဲ့ သတင်းတွေကလည်း မကြားချင်မှအဆုံး အခုလို မိုးတွင်းကာလဆို အဆိုးဆုံးပေါ့။

ဒီပုံကိုကြည့်ပြီး လမ်းဘေးမှာ ဈေးရောင်းနေတယ်လို့လည်း မထင်နဲ့ဦး။

ဒေါနတောင်တန်းပေါ်မှာပေါ့..။ ဘရိတ်ပေါက်လို့ လမ်းဘေးချောက်ထဲ မကျအောင် တဖက်ကိုအမြန်ကပ်ပြီး ထိန်းလိုက်ရတော့ ကုန်ပစ္စည်း တွေ မွစကြဲကုန်တာပေါ့။ တခါတလေ ဒီလိုကုန်တွေထဲ ဘီယာတွေလည်းပါသေးဗျာ။ ပေါက်ကုန်တဲ့ ဘီယာတွေကို ကားသမားအချင်း လမ်း ခရီးသည်အချင်းချင်း (နှမျောလို့) သူတဗူး ငါတဗူး ၀ိုင်းသောက်လိုက်ကြတာမျိုးလည်း ရှိသေး။ (ဘာပဲဖြစ်ဖြစ် ပျက်ဆီးဆုံးရှုံးတာကိုတော့ ကားသမား (သယ်ယူပို့ဆောင်ရေးက) လျော်ရတယ်ပေါ့။

လမ်းတွေ ဒီလောက်ဆိုးနေတာ မြေကြီးလမ်း၊ ရွံ့ဗွက်လမ်းကို ကတ္တရာလေးခင်းပါရော့လား။ ကွန်ကရစ်လေး ခင်းပါရော့လား။ ဒီလောက် သွားလာ ကူးသန်းရောင်းဝယ်နေတာလို့တော့ အထင်မမှားစေချင်ဘူး။ ဒါ.. ဘုရားစူး ကတ္တရာလမ်းပါဗျာ။

လမ်းတွေပေါက်တော့ ပြင်တော့ပြင်ပါတယ်။ ပေါက်နေတဲ့နေရာကို မြေကြီး၊ သဲတွေဖို့ပေးတယ်လေ။ ဆိုတော့ မိုးလည်းရွာရော အဲဒီ ဖို့ထား တာတွေက အရည်ပျော်ပြီး လမ်းကို ပိုဆိုးအောင်၊ ပိုချော်အောင် လုပ်သလို ဖစ်နေသကိုး။

“စနစ်တကျ ပြုပြင်ဖို့လိုတယ်။ ဒါကို နိုင်ငံတော်ချည်းပဲအားမကိုးပဲ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့စီစဉ်လိုက်ရင် ” ဆိုပြီး စောဒကတတ်မိတော့..

“ဟိုးအရင်တုန်းကတော့ အစိုးရကလုပ်တော့ အထက်လူကြီး၊ အလယ်လူကြီး အောက်လူကြီးတွေ စီမံကြ၊ လွဲချော်ကြ၊ စီမံကိန်းပြည့်မီအောင် ခွဲတမ်းချကြလို့ အဆင်မပြေ လမ်းမကောင်းဖြစ်ခဲ့တယ်ဆိုပြီး အခုနောက်ပိုင်း ပုဂ္ဂလိကပေးထားတာပဲလေ..” လို့ ဆိုကြတယ်။

“ယူထားတဲ့တာဝန်ပြည့်မှီအောင် မလုပ်ကြဘူးလား” လို့ ထပ်စုံစမ်းတော့ လမ်းကြေးတွေကတော့ သောက်သောက်လဲကို ကောက်တာပဲ ဗျို့။ လမ်းတွေကိုပြင်တာတော့ မြင်တဲ့အတိုင်းပါပဲ” လို့ ဖြေကြပါတယ်။

ဟုတ်ပါတယ်။ နာမည်နဲ့ပဲ တပ်ပြောလိုက်ပါရစေတော့။ တရားဝင်ဆိုင်းဘုတ်ကြီးတွေတပ်ပြီး ငွေကောက်ခံနေတာမို့ ဒီလမ်း ဒီခရီး သွားဖူး သူတိုင်း သိတဲ့ကုမ္မဏီမို့ပါ။ နာမည်က AK (အေးကို) ကုမ္မဏီပါတဲ့။ တခေတ်တခါက ထိပ်ပိုင်းကလူကြီးတွေနဲ့ ရင်းနှီးကျွမ်းဝင်လွန်းခဲ့တဲ့ ဦး အေးကိုတို့ကုမ္မဏီက ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ လမ်းခရီးကြေးကောက်ခံတယ်။ တန်ပိုကြေးလည်း ကောက်ခံတယ်။ လမ်း တော့ ပြင်နေတာတွေ့ရတတ်ပါတယ်။ ပေါက်နေတဲ့ကတ္တရာလမ်းပေါ်မှာ အလုပ်သမလေးတွေက ကျောက်ခဲလေးတွေနဲ့ဟိုတလုံး ဒီတလုံး စိမ်ပြေနပြေ ထိုင်စီနေတာတော့ (ဘုရားစူး)တွေ့ရ တတ်ပါတယ်။

လမ်းကြေးတွေကတော့ ကောက်ခံနေတာ အခက်အခဲမရှိတာ အမှန်ပါပဲ။ အဲ.. အထက်ကဖေါ်ပြထားသလို လမ်းတွေကိုတော့ ပြင်ဖို့တော့ ဘာအခက်အခဲတွေရှိတယ်မသိဘူး။ အထက်ကဖေါ်ပြထားတဲ့ လမ်းဆိုးတဲ့နေရာတွေမှာပဲ ခပ်တည်တည်နဲ့ လမ်းကြေးကောက်နေတာ ကောက်ခံသူတွေတော့ မသိပေမယ့် ဘေးကကြည့်နေသူတွေကတော့ သူတို့ကိုယ်စား ရှက်ရမလိုလို၊ အားနာရမလိုလိုပါပဲ။ လမ်းကြေး ကောက်တာတွေနဲ့ပတ်သက်လို့ ကုန်ကျမှုတွေက ဟောသည်လိုရှိပါတယ်ခင်ဗျာ။

ဒီလိုပြောနေဆိုနေ ရေးသားလေတော့ အေကေ ကုမ္မဏီနဲ့ ရန်ညှိုးရန်စရှိသူလား၊ မနာလို မုဒိတာမပွားနိုင်သူလားဆိုပြီး တမျိုးတဖုံတော့ မယူဆစေချင်ပါဘူး။ ဘာရန်ညှိုးရန်စမှလည်းမရှိသလို အေကေလို သိကြားမင်းဖြစ်မယ့်သူမျိုးနဲ့ မိတ်ပျက်လည်း မခံနိုင်၊ ရန်ညှိုးလည်း အဖွဲ့ မခံနိုင်ပါဘူးခင်ဗျား။ တကယ်ပြောတာပါ။ တံတားတွေဆောက်၊ လမ်းတွေခင်းဆိုတာ ဦးမာဃရဲ့လမ်းစဉ်မဟုတ်လားဗျာ။ စိတ်စေတနာ ကောင်းထားပြီးလုပ်ကြမယ်ဆိုရင် သိကြားမင်းတောင်ဖြစ်နိုင်တဲ့ မွန်မြတ်တဲ့လုပ်ငန်းကြီးပါ။ မောင်မင်းကြီးသားများ ဆောင်ရွက်ပေးမှု ကျေး ဇူးကြောင့် ခရီးသည်များလည်း အဆင်ပြေ၊ ကုန်သည်များလည်း အဆင်ပြေ၊ သံဃာတော်များလည်း အဆင်ပြေ၊ နတ်လူ သာဓုခေါ်စရာ မုဒိတာ ပွားစရာလုပ်ငန်းကြီးမဟုတ်လား။ (ကျသင့်တဲ့ လမ်းကြေးကောက်တာကတော့ တကဏ္ဍပေါ့လေ။)

ခရီးသွားပြည်သူတွေ၊ လုပ်ငန်းရှင်တွေက ငွေကောက်တာကို အပြစ်မဆိုကြပါဘူး။ နိဂုံးအနေနဲ့ လုပ်ငန်းရှင်တဦးရဲ့ သက်ဆိုင်ရာကိုတိုင်တဲ့ စာတစောင်ကို လက်ဆောင်ပေးလိုက်ပါရဲ့။ သူက နာမည်နဲ့တကွ ပေါ်ပေါ်တင်တင်ပဲ တင်ပြထားတာတွေ့ရပါတယ်။ နိုင်ငံအကြီးအကဲတွေ၊ ပါတီအဖွဲ့အစည်းနဲ့ ၈၈၊ ကရင်အဖွဲ့အစည်းတွေအထိ အားကိုးတကြီးနဲ့ တိုင်ကြားထားတာမို့ ဂရုဓမ္မ ပြုကြလိမ့်မယ်ထင်ပါရဲ့။

ကောက်ခံစရာရှိရင်လည်း ကောက်ခံ၊ လမ်းခင်းပေးစရာရှိရင်လည်း လမ်းခင်းပေးကြမယ်ဆိုရင် အဖက်ဖက်က အဆင်ပြေမယ့်ကိစ္စပါ။ အခု လိုတင်ပြနေတာက.. ကုမ္မဏီ အထက်လူကြီးမင်းများက အလုပ်များကြ၊ တာဝန်တွေများကြဆိုတော့.. အောက်ခြေက အခြေအနေကို မျက် ခြေပျက်သွားတာမို့ အခုလို “အေကေ လကမ္ဘာလမ်း” ဆိုပြီး ပျက်ရယ်ပြုစရာ ဖြစ်နေရတယ်လို့ ယူဆမိပါတယ်။

အုပ်ချုပ်ရေးတာဝန်ရှိသူတွေက တည့်မတ်ပေး၊ သက်ဆိုင်ရာ ကုမ္မဏီတာဝန်ရှိသူတွေက ညွှန်ကြား၊ တာဝန်ယူလုပ်ကိုင်နေသူတွေက ပြုပြင် လိုက်ကြမယ်ဆိုရင် အားလုံးအဆင်ပြေသွားမယ်လို့ ယုံကြည်မိပါကြောင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “အေကေ လကမ္ဘာလမ်း ပကာသနီ (မိုးမခပေးစာ)
  1. Share လုပ်ချင်တာပါ ( ကျွန်တော်တို့က ၁၂ ဘီး၎ စီးရှိပါတယ် … ခါတိုင်း ဆို ကော့ကရိတ် အဝင်ဂိတ်မှာ တန်ပို(ကတ္တား) ဆိုတာမရှိပါဘူး … ဒါပေမဲ့ ကော့ကရိတ်- ဘားအံလမ်းကို အသုံးပြုတဲ့ အတွက်ကြောင့် AK ကိုတော့ လမ်းကြေးပေးဆောင်ရပါတယ်(အဲ့လမ်းကြေးက မြဝတီ-ကော့ကရိတ် လမ်းအတွက်မဟုတ်ပါ)… ကျွန်တော်သိရသလောက်ကတော့ မြဝတီ-ကော့ကရိတ်လမ်းကို ဆောက်လုပ်ရေးနဲ့ ဂျပန်နဲ့ကို ပေါင်းလုပ်ဖို့အစိုးရက ခွင့်ပြုထားပါတယ်… ဒါပေမဲ့ ဆောက်လုပ်ရေးကတော့ မြဝတီ- ကော့ကရိတ်လမ်းကို မပြင်တဲ့အပြင် ကော့ကရိတ်မြို့အဝင်မှာပါ တန်ပို(ကတ္တား) ကို အရင်လက စပြီးတော့ လုပ်ပါတယ် … အဲ့တော့ ကျွန်တော့်တို့ ကားတွေလည်း ၂၅တန်(စံချိန်)အတိုင်းတင်ရင် လမ်းကဆိုး ဆိုတော့ တာရာနာ ကားနာတဲ့အပြင် ဒရိုင်ဘာကြေး ဘာတို့ နှုပ်လိုက်ရင် ကားခ သိပ်မကျန်တော့ပါဘူး … အဲ့တော့ ကျွန်တော့်တို့လည်း ရခင်အတိုင်း ၄၅ တန်ကိုပြန်တင်မှ ကားခ ပိုကျန်ပါတယ် … ဒါပေမဲ့ ဆောက်လုပ်ရေးက ကတ္တားကတော့ တန်ပိုးကြေးတောင်းပါတယ် ကျွန်တော်တို့ကားလည်း တန်ပိုတင်တဲ့အတွက် တန်ပိုကြေးဆောင်ပါတယ် … ဒါပေမဲ့ ဆောက်လုပ်ရေးက တန်ပိုကြေးကောက်တယ် လမ်းမပြင်ပါဘူး …. ကျွန်တော်ပြောချင်တာက ဆောက်လုပ်ရေးနဲ့ ဂျပန်နဲ့ပေါင်းပြီး လမ်းပြန်ပြင်ပေးပြီး လမ်းကောင်းသွားရင်တော့ ကျွန်တော်တို့လို ကားပိုင်ရှင်တွေလည်း လမ်းကောင်းတဲ့အတွက်အာစီယံ စံနှုန်းအတိုင်းတင်ပါ့မယ် …. အခုတော့ ကိုသင့်မြတ်ပုံထဲက တွေ့တဲ့အတိုင်း လမ်းတွေကဆိုး ဝါးတားဂိတ်တွေကများ(ဂျူတင်ကုန်နဲ့ကားလည်း ကောက်တာပဲ)… ကတ္တားက ရှိဆိုတော့ ကျွန်တော်တို့ ကားတွေလည်း(၁၂ဘီး) အာစီယံ စံနှုန်း ၂၅ တန် အစား ကရင်ပြည်နယ်စံနှိုန်း ၄၅ တန်ကိုသာ တင်ရပါတယ် …. ယိုးဒယားက မြဝတီ-ညီနောင်လမ်းကို အာစီယံ စံနှုန်းနဲ့ခင်း ကားတွေက ကားခ ပိုကျန်အောင် မတန်တဆ တင်ဆိုတော့ ဘယ်သူခင်းခင်း(အမေရိက ကပဲလားခင်းခင်း) ဒီအတိုင်း ဆက်တင်နေရင် တော့ လမ်းက ပျက်မှာပဲ …. ဖြစ်နိုင်တာတခုတော့ရှိတယ် – စီးဆင်းသမျှ ကုန်စည်တွေကို ဂျူတီနဲ့ဆင်း – လမ်းမှာ ရှိတော့ ဂိတ်ကြေး+ဝါးတားဂိတ်တွေကို ဖြုတ်ပေး – ကတ္တားတွေထားမယ် ကားတွေက စံနှုန်းအတိုင်းတက်မယ်ဆိုတော့ နောင် ပြန်ခင်းမဲ့ မြဝတီ- ကော့ကရိတ်လမ်းကြီးကတော့ တာရှည်ခံမှာပါ )

  2. နောင်ကြီး ကိုသင့်မြတ် ပြောတဲ့ မြဝတီ- ကော့ကရိတ်လမ်းကြီးကတော့ ဆိုးလှကြီလား။ ကျနော်ကြားဘူးတဲ့ ကျပ်ပြေးနေပြည်တော်က လမ်းမကြီးတွေကတော့ အသက် ၈၀ လောက်အဖိုးကြီးက အမိုးဖွင့်ကားအရှေကြီးပေါ်မှာ မတ်တပ်ရပ်ပြီးစီးပြတာ နဲနဲမှ မရိမ်းယိုင်ဘူးတဲ့။ ဒါတောင်မကြေနပ်သေးလို့  ဦးကျော်သူ (နာရေးကူညီမှုအသင်း) က ရွှေရောင်ဖိတ်ဖိတ်တောက် နေတဲ့ကားကြီးနှစ်စင်း ဂျပန် ကပို့ လိုက်ထာကို သူတို့ ဆီ တစ်စင်းပေးရမယ်ဆိုပြီး အတင်းဗိုလ်ကျယူသွားတယ်။ ငါ အိပ်ပြီးစီးပြမယ် မင်းတို့ မယုံရင်ကြည့်နေတဲ့။ ဦးကျော်သူလည်း ဒါကြတော့အ ကျောက်သားဘဲ။ ကျနော်လည်း သူ့ နေရာမှာဆို စပယ်ရာတောင် မလိုက်ရဲဘောင် လိုက်ရဲဘောင် ပါဘုရား။

  3. အေးကို(AK) လမ်းပြင်ဖို့မအားဘူးလေး ဒေါနတောင်တန်း (မြ၀တီ-ကော့ကရိတ်လမ်းအကြား) မှာ သစ်တွေ ခုတ် တောထဲမှာ ခွဲစက်ထောင်ပြီး ခွဲသားတွေ သယ်နေရတယ်လေ။

  4. မြ၀တီ လမ်းကြောင့် ရှက်မိပါသည် ကျွန်တော်သည် မြ၀တီမြို့တွင်နေထိုင်ပါသည် နယ်စပ်မြိုဖြစ်တာကြောင့် မြ၀တီ မှ မြန်မာနိုင်ငံသားများ တစ်ဘက် နိုင်ငံ မဲဆောက်မြို့ သို့ သွားရောက် လည်ပတ်ကြသလို မဲဆောက်ဘက်မှ ထိုင်း နှင့် အခြားနိုင်ငံသား များလည်း မြ၀တီမြို့ သို့ လာရောက်လည်ပတ်ကြပါသည်၊အသိမိတ်ဆွေများ မြ၀တီမြို့ သို့ ရောက်ရှိစဉ် ကုန် သွယ်ရေးဇုံ ကိုသွား ရောက်လေ့လာလိုကြောင်း ပြောသဖြင့် ကုန်သွယ်ရေးသို့ လိုက်ပါပို့ဆောင်ပေးခဲ့ရာ မြ၀တီ ကုန်သွယ်ရေးဇုံ သွားလမ်းမှာ အထက်မှာ မြင်တွေ့ရတဲ့ အတိုင်း ရှောင်ကွင်းသွားစရာလည်းမရှိ၊ မရှောင်ပြန်တော့ လည်း လမ်းဂျိုင့်ခွက် က မလွတ် ဒါနဲ့ လမ်းမရွေးတော့ဘဲ မျက်နှာမူရာ တည့်တည့် သာ မောင်း ပို့ပေးလိုက် ပါ တော့ တယ်၊ အဲဒါနဲ့ ပါလာတဲ့ ဧည့်သည်း က လမ်းတွေ အဲဒီလောက်ဆိုးတာ ဘာလို့ လမ်းတွေ မပြင်တာ လဲ ဟုမေးလာပါသည်၊ ဘယ်သူပြင်မှာ လဲ ………ဘယ်သူ့ မှာ တာဝန်ရှိတာလဲ တဲ့ မြို့က ဌာနဆိုင်ရာ လူကြီးတွေ ဒီလမ်းက မသွားဘူးလား ……ဒါမှမဟုတ် ဘယ်လမ်းက သွားနေလဲ ..တဲ့ ဘယ်သူမှလည်း တာဝန်ရှိသူတွေကို မတင်ပြ ဘူး လား လို့ မေးတယ် ကျွန်တော် မဖြေနိုင်ခဲ့ပါဘူး …… ဟုတ်ပါ့ဗျာ က တောင်ပေါ်လမ်းပျက် တယ် ဆိုရင် လက်ခံနိုင်စရာရှိသေးတယ် အခုဟာက မြ၀တီမြို့တွင်းလမ်းတွေပါ သုံးမရတော့ဘူး ဆိုတော့ ထိုင်း က လူ တွေ ပြော သလိုများ ဖြစ်နေပြီလား မသိဘူး မြ၀တီမြို့က ဌာနဆိုင်ရာတွေ ဘာတွေများ လုပ်နေကြလဲ … ဒီလမ်းကနေ မသွားဘူးကြလို့များလား……ဒါမှမဟုတ် အခြားလမ်းတခုခု များ ရှိနေလို့်လား………………………….

Comments are closed.