ဓာတ်ပုံသတင်း ကျော်သူ နဲ့ နာရေးကူညီမှုအသင်း ရေခြားမြေခြား မြန်မာများ

ရခိုင်တိုင်းရင်းသားများကို မေ့မထားတဲ့ San Francisco Bay Area

ရခိုင်တိုင်းရင်းသားများကို မေ့မထားတဲ့ San Francisco Bay Area
ကျော်သူ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဇူလိုင် ၂၀၊ ၂၀၁၂
မြန်မာပြည်တွင်းတွင် ဖြစ်ပေါ်လျှက်ရှိသော ရခိုင်ပြည်နယ်ရှိ လူမျိုးရေးပဋိပက္ခကြောင့် အိုးအိမ်များ၊ မိသားစုများ သေကြေပျက်စီးဆုံးရှုံးမှုများကို လူသားချင်းစာနာစိတ်ဖြင့် San Francisco Bay Area Burmese Community မှ မြန်မာလူမျိုးများတို့စုပေါင်း၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှတဆင့် ရခိုင် ပြည်နယ် ဒုက္ခသည်များအတွက် ၁၉.၇.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝး၃ဝ) နာရီအချိန်တွင် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် San Francisco Bay Area Burmese Community မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ သိန်း (၁ဝဝ) ကျပ်တိတိအား လှူဒါန်းပေးအပ်ခဲ့သည်။ အခမ်း အနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လှူဒါန်းရခြင်း ရည်ရွယ်ချက်အား San Francisco Bay Area Burmese Community မှ တာဝန်ရှိသူတစ် ဦးမှ ပြောကြားခဲ့ရာတွင်

“San Francisco Bay Area တွင် နေထိုင်ကြသော မြန်မာမိသားစုများကလည်း ပြည်တွင်းရှိ ရခိုင်ပြည်နယ်၌ နေထိုင်ကြသော ရခိုင်တိုင်းရင်းသားများကို မေ့မထားကြောင်းနှင့် ယခုလို ဒုက္ခရောက်နေကြသော ပြည်တွင်းရှိ မြန်မာလူမျိုးတိုင်းရင်းသားများကို တတ်နိုင်သည့်ဘက်မှ ကူညီ လှူဒါန်းကြရခြင်းဖြစ်ကြောင်း”

 ပြောကြားခဲ့ကာ အလှူငွေ သိန်း (၁ဝဝ) ကျပ်တိတိအား ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ ကိုဆောင်းဦးလှိုင်၊ ဦးရဲလွင်တို့လက်ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဈာပနပို့ဆောင်ခြင်းရုံးခန်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း၊ သုခအလင်း (စာကြည့်တိုက်)၊ ပညာဒါန သင်တန်းများအား လိုက်လံကြည့်ရှု လေ့လာသွားခဲ့ပါသည်။ လှူဒါန်းမှုအစုစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူသည် ရခိုင်တိုင်းရင်းသားများ ကိုယ်စား အထူးကျေးဇူးတင် သာဓု .. သာဓု .. သာဓု ဟုခေါ်ဆိုခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts