သားကြီးမောင်ဇေယျ သရော်စာ

Thargyi Maung Zeya – မှားပြီးရင်းမှား ၁

မှားပြီးရင်းမှား ၁

သားကြီးမောင်ဇေယျ ၊ ဇူလိုင် ၁၈၊ ၂၀၁၂

ဘုရားသခင်ရဲ့ အမှားဆုံး လုပ်ရပ်ဟာ လူကိုဖန်ဆင်းခဲ့တာပါလို့ ပြောကြရင် ဖန်ဆင်းခံ လူသားတွေထဲမှာ ကျွန်တော်မျိုးသားကြီးမောင်ဇေယျကို ဖန်ဆင်းခဲ့တာဟာ အမှားတကာ့အမှားဆုံးလို့ဆိုရမှာပါ။

ကျနော်ဟာငယ်စဉ်က  မကြာခဏအမှားများပြုလုပ်လေ့ရှိပါတယ်။ ကျနော်ရဲ့ လေ့ကျင့်ခဏ်းစာအုပ်မှာ အမှားတွေ ဘလပွပါ။ အဲ ကျနော်စာအုပ်မှာ အမှားတွေ နည်းသွားရင် ဒါမှမဟုတ် အမှားတွေကို မတွေ့ရဘူးဆိုရင်တော့ အဲဒါ တခုတခု အကြီးအကျယ်မှားနေပြီလို့ ကျနော့်ဆရာက ကျနော့်ကိုမကြာခဏပြောလေ့ရှိပါတယ်။ အဲဒီတုန်းက ကျနောမသိလို့မှားမိတာပါ။ မတတ်လို့မှားမိတာပါ။

အဲဒီလို မကြာခဏမှားရာမှတဆင့် ကျနော်ဟာ မမှားရမနေနိုင်အောင်မှားတတ်လာပါတော့တယ်။ တနည်းပြောရရင် အမှားကို ကျနော်ဟာ တော်တော်ဝါသနာ ပါလာပါတော့တယ်။ ဥပမာ ကျောင်းအချိန်ဇယားမှားခြင်း ၊ လေ့ကျင့်ခဏ်းစာအုပ်များ မှားထည့်လာခြင်း၊ ကျောင်းခွင့်တိုင်စာနဲ့ ရည်းစားစာ မှားပေးခြင်းမျိုးတွေပေါ့။

ကျနော်က ကျောင်းခွင့်တိုင်စာကို ကျနော်ကြိုက်နေသော ကောင်မလေးကို ပေးမိပါတယ်။ အဲဒါက သိပ်ပြသနာမရှိလှ၊ ရည်စားစာကို အပျိုကြီးဆရာမထံ ပေးမိခြင်းက ပြသနာ။ အဲဒီအမှားကို ဘယ်လိုလုပ်ဖြေရှင်းရပါမလဲ။

အဆိုးဆုံးက ရည်းစားစာရဲ့ အစမှာ

မိရေ ကိုယ်သိပ်ချစ်ရတဲ့ မိရေ …”

လို့ ရေးမိထားတာပဲဖြစ်ပါတယ်။ ကျနော်ကြိုက်နေတဲ့ကောင်မလေးကလည်း မ မိမိအောင် ၊ ကျနော်ဆရာမနာမည်က ဒေါ်မိမိချို။  အဲဒါပြသနာပါ။ ဆရာမက ခွင့်စာတွေဖေါက်ဖတ် ပြီး ကျနော့်ဖက်ကိုလှမ်းကြည့်ပါတယ်။ ပြီးတော့ခေါင်းညှိတ်ပြီးခေါ်လိုက်ပါတယ်။

ကျနော်ကကော ဘာများတတ်နိုင်ပါမည်နည်း ။

ဆရာမခေါ်တော့ သွားရတော့တာပေါ့။ စာနှစ်စောင်ကို သူ့ရှေ့မှာချထားပါတယ်။ တခုက ကျနော်ခွင့်စာ၊ ကျနော်ကြိုက့်တဲ့ မိမိအောင်က ကျနော်ကို ခွင့်စာလူကြုံပါးတယ်ထင်လို့ ဆရာမထံပေးထားတာပါ။ နောက်တစ်စောင်က ကျနော်ကိုယ်တိုင် ဆရာမကိုပေးမိတဲ့ ရည်းစားစာပါ။

“မင်းခွင့်စာတိုင်ထားတယ်နော် ”

“ဟုတ်ကဲ့”

“မင်းဘာဖြစ်လို့ကျောင်းလာတက်တာလဲ”

“ဟို . . . .  . . ”

“ဒီစာက ဆရာမကို ပေးဖို့လား”

ဆရာမက ကျနော်ပေးလိုက်သော ရည်စားစာကို လက်က ကိုင်ပြရင်း ကျနော့်ကိုစေ့စေ့ ကြည်ပြီးမေးပါတယ်။

“ဟို . . . ဟို . . .”

“သွားတော့ …”

ဆရာမ သွားခွင့်ပြုလိုက်သည်နှင့်ချက်ချင်း ကျနော် နေရာကို အမြန်ဆုံးရောက်အောင်သွားပါတယ်။ ဆရာမ မျက်နှာကို ကျနော်မကြည်ရဲ။

နောက်သုံးလ ခန့်ကြာသောအခါ ကျနော့််ဆရာမ အပျိုကြီး ဒေါ်မိမိချို တစ်ယောက် ကျနော်တို့ကျောင်းက အလွန်အေးသော အလွန်အရှက်ကြီးသော ဆရာလူပျိုကြီးတစ်ယောက်နှင့် မင်္ဂလာရက်သတ်မှတ်လိုက်ကြောင်း ကြားသိရပါသည်။ အခြားအတန်းက ဆရာမတစ်ယောက်က ကျနော့်ကို ဆရာမများ နားနေခန်းသို့ခေါ်ကာ ဆရာများစုံရာ ရှေ့မှာ ဘယ်သူမှမသိစေနဲ့လို့ ဆိုပြီး ကျနော့်ကို တိုးတိုးတိတ်တိတ် မေးပါတယ်။

“ ဟိုဆရာ လူပျိုကြီး ရဲ့ ရည်းစားစာကို နင်က ယူပြီးတော့ နင့်ဆရာမ ဒေါ်မိမိချိုကို ပေး ပေးတာလို့ ငါတို့ကြားတယ်။ အဲဒါဟုတ်လား …”  တဲ့

“ဟို . . . ဟို  . .  . မှား မှား  မှား …”

“နင်မမှားပါဘူး  သူတို့ အတွဲက တော်တော်လေးလိုက်ဖက်တယ်ဟဲ့ ငါတို့က သူတို့ကိုဖြစ်စေချင်တာ နင်မှန်ပါတယ် …”

“အင်း . . . . ကျနော်ဘာမှ မပြောနိုင်ပါ …”

ကျနော် မှန်တယ်ဆိုရင် တခုခုတော့ မှားနေပြီ လို့ ကျနော်ဆရာက ကျနော့်ကို ပြောဖူးတယ်မဟုတ်လား။

 (၁၃-၇-၂၀၁၂ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts