ကဗျာ

မော်လ်ဒန်းတွေ ရေးရတာပျင်းလာပီ

ဆောင်းလူ
ဇူလိုင် ၁၆၊ ၂၀၁၂
ကောဇာ သက္ကရာဇ် ၂၀၁၂
အပြာရောင်ကောင်းကင်ကြီး
ကြယ်တွေ လက်ဆဲ
လက သာဆဲ
သံလွင်ရေ နောက်ဆဲ …
အို … ကမ္ဘာမြေ အသင်ကံကောင်းပါစေ ….။
ခုနှစ်တွေတက်နင်း
အိုးလှန်ခွက်မှောက်
ကဆုန်ပေါက်ခဲ့ရတဲ့ကာလ ….
ဆူရှီလိပ်သူက လိပ်တယ် …
သတင်းရေးသူက ရေးတယ် …
အတင်းရေးသူက ရေးတယ် …
စက်ချုပ်သူချုပ်
ကောက်စိုက်သူစိုက် …
ဒုက္ခသည်အမည်ခံ
ဘာသာစကားစုံတဲ့
ဟော့ဒီလောကကြီးမှာ
ငါတတ်တာ တခုပဲရှိတယ် …
ဗိုက်ဆာတယ် …
ဘ၀ရေ ..
ဟိုးတုန်းက
စဉ်းခံခဲ့ရတဲ့ ကွန်းစွန်းရွက်တွေ …
ငါးပိတခွက်ကြား
သူရဲကောင်းကြီးပေါ့ …
ခုတော့
သိုးဆောင်းစကားတွေပွား … ဟမ်ဘာဂါတွေစား
တောကျိုအုံကြားက မျှစ်ငထွား
အဆစ်တွေ အမြစ်တွေ
တနေ့ထက်တနေ့
ရင့်သထက်ရင့်လာလို့ ..
ငြီးငြီးနေတယ် ….။
လိုရင်တော့ ရဲဘော်
မလိုရင်တော့ ၀ဲကြော် …
…. ….
…. …
ဟယ်လို .. ဟယ်လို … နေကောင်းလား ..
မင်းဘာလုပ်နေလဲ …
ငါဘာလုပ်နေတယ် ….
အေးကွာ .. သူငယ်ချင်း …. ဒီမှာ သိပ်ခက် …ခက် …ခက် ….
…. …..
….. ….
အိုကေ ဘေဘီ … လာပြီ ..လာပြီ ..
အလုပ်သိပ်များတယ်ကွာ ..
နောက်မှတွေ့မယ် … စီးယူ …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts