သတင်းပဒေသာ

U Wirathu – ဆရာတော်ဦးဝီရသူ ကလေးလုပ်သားအား ကူညီထောက်ပံ့

 “ဆရာတော်ဦးဝီရသူ ကလေးလုပ်သားအား ကူညီထောက်ပံ့”

မိုးမခမိတ်ဆွေ၊ မန္တလေး၊ ဇူလိုင် ၁၁၊ ၂၀၁၂

          မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက စာချ ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်) ဒီနေ့ ၈-၇-၂၀၁၂ ရက်နေ့တွင် အလုပ်ရှင်အိမ်မှ ထွက်ပြေးလာသော ကလေးလုပ်သား ဒုက္ခသည်မလေး မတင်နီလာအေးအား ငွေကျပ်တစ်သိန်းနှင့် စားစရာများ ထောက်ပံ့ ကူညီခဲ့ပါတယ်။

          ကလေးလုပ်သား မတင်နီလာအေး အသက်(၁၄)နှစ်ဟာ မိုးကုတ်မြို့နယ်မှ မန္တလေး စိန်ပန်းရပ်ကွက် ဆင်တိုင်ရပ် ဦးဇော်ထက်အောင်(ခ)ဦးမောင်ကျော်+ဒေါ်ခင်နီလာဝင်းတို့ထံမှာ အိမ်ဖော်လုပ်ငန်းလုပ်ကိုင်နေ (၉)လပြည့်ခဲ့ပြီ ဖြစ်ပြီး၊ အလုပ်စ၀င်တဲ့နေ့မှ စပြီး အနှိပ်စက်ခံခဲ့ရတာလို့ ဆိုပါတယ်။ လခ တစ်လနှစ်သောင်း ရပြီး အစားဆင်းရဲ အနေဆင်းရဲနှင့် နေ့စဉ်ဒုက္ခခံကာ မိခင်ဖြစ်သူထံ ငွေပို့ပေးနေသူလေးဖြစ်ပါတယ်။

          နေ့စဉ်နဲ့အမျှ အလုပ်ဆင်းရဲ အစားဆင်းရဲနှင့် နှိပ်စက်မှုဒဏ်ကို မခံနိုင်တော့တဲ့ မတင်နီလာအေး  (၅-၈-၂၀၁၂)ရက်နေ့မှာ ခေါင်းကွဲလက်ကျိုး၊ ပေါင်မီးပူလောင် ဒဏ်ရာကြီးနှင့် အိမ်မှထွက်ပြေးလာခဲ့တာ ဒေါ်သောင်းသောင်း ထမင်းဆိုင်ရှေ့မှာ မူးလဲသွားလို့ ၀ိုင်ဝန်းဆေးကုပေးခဲ့ကြပါတယ်။ ဆေးခန်းက လက်မခံလို့ ရဲစခန်းကို အကြောင်းကြားမှ ရဲစခန်းက ဆေးရုံတင်ပေးခဲ့တာပါ။

          ဆေးရုံမှ တစ်ညအိပ်ကုသပြီး ဒေါ်သောင်းသောင်း ကိုစန်းထွေး မောင်နှမတစ်စုက ဆေးရုံမှ အိမ်ကိုခေါ်လာပြီး ပြုစုပေးထားတာပါ။ မတင်နီလာအေးရဲ့ ဦးခေါင်းအပေါ်ထိပ်ဟာ ထိုင်ခုံဖြင့် အရိုက်ခံ ထားရလို့ ၇ချက်ချုပ်ထားရပါတယ်။ ဘယ်ဘက်လက်လည်း အရိုက်ခံထားရလို့ အရိုးအက်သွားပါတယ်။ မျက်နှာမှာ လက်သည်းရာများစွာ ပြည့်နေပြီး လက်နှစ်နှင့် စုံလိုက်ပါးအရိုက်ခံရလို့ မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေပါတယ်။ ပါးစပ်မှ သွေးများလည်း ထွက်ကျနေပါတယ်။ ပေါင်းရင်းမှာလည်း မီးပူအကပ်ခံထားရလို့ အရေခွံတွေ လောင်ကျွမ်းနေပါတယ်။ နောက်ကျောမှာလည်း ဒုတ်ရာတွေကြည့်ပါပဲ။

          မတင်နီလာအေးရဲ့ ဖြစ်ရပ်က ထိတ်လန့်စရာကောင်းလွန်းလွန်းလို့ မန္တလေးသံဃာထုနှင့် လူထုက မခံမရပ်နိုင်ဖြစ်နေကြပါတယ်။

          ၆-၇-၂၀၁၂မှာအမှုဖွင့်ထားပြီး ၇-၇-၂၀၁၂ရက်နေ့မှာ မတင်နီလာအေးရော မိခင်ကြီးနှင့် အကိုဖြစ်သူ တို့ဟာ အမှတ်(၇)ရဲစခန်းမှာပဲ အိပ်ကြရပါတယ်။ ၈-၇-၂၀၁၂ရက်နေ့ မွန်းလွဲပိုင်းမှာ မတင်နီလာအေးတို့ မိသားစုကို ဆရာတော်အရှင်ဝီရသူက မီဒီယာသမားနှင့် တွေ့ဆုံပေးခဲ့ပါတယ်။
          မတင်နီလာအေးလေးက အစပိုင်းမှာ ငိုယိုတောင်းပန်နေလို့ ကယ်တင်သူဒေါ်သောင်းသောင်းတို့ မောင်နှမတစုကသာ မီဒီယာမေးသမျှ ဖြေကြားခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ မတင်နီလာအေးက တိုးကျဉ်းလိုရင်းနှင့် ထိထိမိမိ ဖြေဆိုနိုင်ခဲ့ပါတယ်။ မီဒီယာသမားများရော ပရိသတ်ပါ စုတ်တစ်သတ်သတ်နှင့် မခံမရပ်နိုင်ဖြစ်ခဲ့ရပါတယ်။
          မီဒီယာတွေ မေးမြန်းစုံစမ်းအပြီးမှာတော့ ဆရာတော်အရှင်ဝီရသူက မတင်နီလာအေးတို့ မိသားစု အတွက် ငွေကျပ်တစ်သိန်းထောက်ပံပေးခဲ့ပြီး စားစရာမျိုးစုံပေးကမ်းလှူဒါန်းစွန့်ကြဲလိုက်ပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီး အရှင်ဝီရသူပြောတာက ကြေကွဲစရာအတိပါ။

          ဦးဇင်းကို လာလာပြီးမေးကြတယ် အိမ်ရှင်က တရုပ်လားကုလား-လားတဲ့။ ဘယ်ဟုတ်မလဲဗျာ ဗမာအချင်းချင်းဆိုတော့ အတော်ကြီးကို အံသြနေကြတာ။ တကယ်လူမဆန်ဘူးဗျာ။ ဇာတ်လမ်းတွေထဲကထက် အများကြီးပိုဆိုးပါတယ်။

          မိုးရွာထားလို့ တံမြက်စည်းလှဲလို့မပြောင်တာကို တမံတလင်းပေါ်က မန်ကျည်းရွက်တွေကို လျှာနဲ့လျှက် ခိုင်းတာ နာရီဝက်တောင်ကြာတယ်တဲ့။

          “ည(၁၂)နာရီအထိ အလုပ်လုပ်ရပြီး၊ မနက်သုံးနာရီ အိပ်ရာထရတယ်တဲ့။ အရိုက်မခံရတဲ့နေ့မရှိဘူးတဲ့”

          “အိမ်ရှင်မရှိရင် သော့ခတ်ထားခဲ့ပြီး အပေါ့အပါးတောင်သွားခွင့်မရဘူးတဲ့”

          ”နာမည်ချင်း ဆင်တူနေလို့ဆိုပြီး လူချင်းကွဲအောင် ဆံပင်အရှည်ကြီးကို အတင်းဆွဲပြီး ရိတ်ဖြတ်ပစ်တာတဲ့”

          “လူတွေဘာလို့ ဒီလောက်ရက်စက်ကြတာလဲ။ ဒီ ဒေါ်ခင်နီလာဝင်းဆိုတဲ့ အမျိုးသမီမှာ အသဲနှလုံး မရှိဘူးလား။  တကယ်ရွံတယ်ဗျာ။”

          မတင်နီလာအေးလေးရဲ့ မိခင်ဖြစ်သူကတော့ သဋ္ဌေးအိမ်မှာနေရတယ်ဆိုပြီး ကောင်းကောင်းစား ကောင်းကောင်းဝတ် ကောင်းကောင်းအိပ်ရမယ်ထင်နေခဲ့တာကြောင့် —

          “ကျွန်မသမီးလေး အစက ၀၀ဖြိုးဖြိုး စိုစိုပြေပြေလေးပါ ဟုပြောရင်း ငိုကျွေးနေပါတော့တယ်။”

          အိမ်ရှင် ဒေါ်ခင်နီလာဝင်းဟာ အသက် လေးဆယ်ကျော်ရှိပြီး လိုင်စင်မဲ့ကား အရောင်းဝယ်နှင့် အခြားမောင်ခိုလုပ်ငန်းနှင့် ကြီးပွားနေကြောင်း မိဘအပေါ်မှာလည်း အတော်မောက်မာကြောင်း သိရပါတယ်။ မိခင်ကြီးဒေါ်ပုက မတင်နီလာအေးလေးကို သူ့သမီးမရှိချိန်မှာ အမြဲတမ်း ကူညီဖေးမပေးခဲ့သူဖြစ်ပြီး၊ အခု ကိစ္စမှာလည်း မိခင်ကြီး ဒေါ်ပုကပဲ မတင်နီလာအေးကို မုန့်ဖိုးလေးရာပေးပြီး “ငါမကြည့်ရက်တော့ဘူး နင်ထွက်ပြေးတော့ဟု” ပြောပြီး ထွက်ပြေးခိုင်းတာလို့သိရပါတယ်။

          ဒေါ်ခင်နီဝင်းရဲ့ နှိပ်စက်မှုကြောင့် အိမ်မှထွက်ပြေးတဲ့ ကလေးလုပ်သား သုံးယောက်ရှိခဲ့ပြီး ဖြစ်ကြောင်းနှင့် အရင်နှစ်ယောက်ကိစ္စတုန်းက ငွေနှင့်ဖြေရှင်းခဲ့ကြကြောင်း အသိသက်သေများကဆိုပါတယ်။ မတင်နီအေးလေးရဲ့ ညီမဖြစ်သူလေးဟာ လည်း  အိမ်ရှင်ဒေါ်ခင်နီလာဝင်းရဲ့ သူငယ်ချင်းအိမ်မှာ အခုလိုပဲ နှိပ်စက်ခံနေ ရတယ်လို့ မတင်နီလာအေးလေးက ပြောပြပါတယ်။ သူမနှင့်တွေ့ချိန်မှာ ကျောကုန်းက ဒဏ်ရာတွေ ထုတ်ပြခဲ့လို့ သိရတာဖြစ်ကြောင်း မတင်နီလာအေးလေးက ပြောပြပါတယ်။

          ဆရာတော်အရှင်ဝီရသူက မ မတင်နီလာအေးလေးရဲ့ ညီမလေး — အိမ်ဖော်မလုပ်ချင်တော့ဘူး၊ ရွာပဲပြန်နေမယ်ဆိုရင် နှစ်လစာကြိုယူထားတဲ့ ငွေကျပ်သုံးသောင်းကို စိုက်ထုတ်ပေးပြီး ပြန်ရွေးပေမယ်။ ကလေးဆန္ဒကို သွားမေးပေးပါလို့ မိခင်ကြီးဒေါ်သန္တာဦးကို မိန့်ကြားနေတာ တွေ့ခဲ့ရကြောင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “U Wirathu – ဆရာတော်ဦးဝီရသူ ကလေးလုပ်သားအား ကူညီထောက်ပံ့
  1. အရှင်ဝီရသူ၏ ဆင်းရဲဒုက္ခရောက်နေသူများအပေါ် ကူညီဖေးမနေမှုများသည် ဗောဓိသတ္တခေါ် ဘုရားအလောင်းများသာ လုပ်နိုင်စွမ်းသော အလုပ်များဖြစ်ပါသည်။
    ပလ္လင်ပေါ်မှာသာ တင်ပလ္လင်ခွေထိုင်မနေဘဲ အဖိနှိပ်ခံ ဆင်းရဲသား နင်းပြားတို့ထံသွားရောက်ဖေးမနေခြင်းသည် တကယ့်ဘုရားရှင်အလိုကျ စစ်မှန်သော သာသနာပြုနည်းဖြစ်ပါသည်။
    အရှင်ဝီရသူကို မဟနများက သြ၀ါဒပေးရန်မလိုအပ်ပါ။ မဟနများကသာ ၀ီရသူ၏ လမ်းစဉ်ကို အတုယူသင့်ပါသည် အရှင်မြတ်တို့ဘုရား။

Comments are closed.