ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ

တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ
ငြိမ်းချမ်းအေး
နိုဝင်ဘာ ၁၆၊ ၂၀၁၃


“တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ကြွေးကြော်သံ က ဒီရက်ပိုင်း ပေါ်ပြူလာ ပြန် ဖြစ်လာတယ်။  အရင်တခေါက် လို အင်္ဂလိပ် ဘာသာပြန် အလွဲ “Animism” ဆိုတာတော့ မပါတော့ဘူး။  ဒီ့အတွက် ဘဝင်လေဟပ်တဲ့ ဂေါက် ရောဂါရှိရင် ကိုယ့်ဘာသာ ဘဝင် မြင့် ရင်း “ငါ့ကျေးဇူးမကင်းဘူးဟေ့..” လို့ ဆိုနိုင်တယ်။  အဲဒီတုန်းက “Animism” ဆိုတဲ့ သဘော အကျဉ်းကို ရှင်းပြခဲ့မိတာကိုး။
ဒီတခါ အင်္ဂလိပ် စကားလုံး မပါတော့ ဒုက္ခရောက်တာလည်း ကိုယ် ကိုယ်တိုင် ဖြစ်နေတယ်။  (သူတို့) ဆိုလိုချင်တဲ့ ပထမ စာကြောင်း ကိုတော့ ကောင်းကောင်း နားလည်တယ်။  အဲဒီသဘောနဲ့ ဆက်စပ်တဲ့ ဆောင်းပါးလည်း မိုးမခ မှာ ရေးဖူးခဲ့တယ်။
ဒါပေမယ့် ဒုတိယ စာကြောင်း “တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ကိုကျ လိုက်မမီ နားမလည် ဝေဝါး ဖြစ်ရတယ်။
“တိရစ္ဆာန်ဝါဒ” ဆိုတာ ဘာလဲ နားလည်အောင် ကိုယ့်ဘာသာ စဉ်းစားရတယ်။  “သားဖောက်နှုန်း မြန်ခြင်း” ကို “တိရစ္ဆာန်ဝါဒ” နဲ့ ပုံဖော်လို့ ရလား၊ တိရစ္ဆာန်တွေရဲ့ မျိုးပွားပုံ၊ မျိုးပွာနှုန်း၊ လိင်ဆက်ဆံမှုပုံစံ စတဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို တွေးရတော့တယ်။
ဇီဝ/သတ္တ ဗေဒ ဟာ ကိုယ် အားနည်း တဲ့ အကြောင်းအရာ ဖြစ်ပေမယ့် လူသာမန် လူပြိန်း အသိတော့ ရှိတယ်လို့ ကိုယ့်ဘာသာ ထင်မိတယ်။
ဉာဏ်မီသလောက် ဆိုရရင် လူသားမျိုးနွယ် မဟုတ်တဲ့ အခြား တိရစ္ဆာန် တွေမှာလည်း လူတွေလိုပဲ အလား သဏ္ဌာန် တူညီတဲ့ မိတ်လိုက်ပုံစံစနစ် (Mating System) ရှိကြတယ်။  လူတွေလိုပဲ တစ်လင်တစ်မယား စနစ် (Monogamy)၊ လင်ပြိုင်/မယားပြိုင် စနစ် (Polygamy) ရှိကြတယ်။ လင်ပြိုင်/မယားပြိုင် မှာ မှ တခါ လူအတိုင်းပဲ အဖို တစ်ဦး (တစ်ကောင်) တည်းက အမ အများကြီး နဲ့ လိင်ဆက်ဆံတဲ့ မယားပြိုင်စနစ် (Polygyny)၊ အမ တစ်ဦး (တစ်ကောင်) တည်းက အဖို အများကြီးနဲ့ မိတ်လိုက်တဲ့ လင်ပြိုင်စနစ် (Polyandry) စသလို လူ့စနစ် အတိုင်း ရှိကြတယ်။  လူတချို့ ဆန္ဒအလို၊ ရာဂ အလို၊ ပျော်ရွှင်မှု အလို့ငှာ ကျင့်သုံးလေ့ရှိတဲ့ အုပ်စုဖွဲ့မိတ်လိုက်ခြင်း သဘော နီးစပ် Polygynandry ပုံစံ လည်း တိရစ္ဆာန်တွေမှာ ရှိတယ်။  ဒါ့အပြင် လူတွေလိုပဲ လိင်တိမ်းညွတ်မှု မှာလည်း လိင်ကွဲ ကာမတိမ်းညွတ်မှု (Heterosexuality)၊ လိင်တူ ကာမတိမ်းညွတ်မှု (Homosexuality)၊ လိင်တူ/လိင်ကွဲ နှစ်မျိုးစလုံး ကာမတိမ်းညွတ်မှု (Bisexuality) စတဲ့ တိမ်းညွတ်မှု ပုံစံမျိုးစုံကို တိရစ္ဆာန်တွေမှာလည်း တွေ့ရတယ်။
ဆိုတော့ ဗမာပြည်မှာတောင် တစ်လင်တစ်မယာစနစ် က အပြည့်အဝ မဖြစ်သေးဘဲ မယားပြိုင် ထားခွင့် ဥပဒေအရ ရနေသေးတော့ လိင်ဆက်ဆံမှု စနစ်၊ မိတ်လိုက်ခြင်း ပုံစံ ကို မူတည်ပြီး တိရစ္ဆာန်တွေကို မတရား တဖက်စောင်းနင်း ဥပမာ ယူ မဆိုအပ်ဘူး လို့ ဆိုနိုင်တယ်။  အကြောင်းက လူ့စနစ် နဲ့ တိရစ္ဆာန်စနစ် (Technically Speaking) သဘောတူနေတာကိုး။  တခြားတဖက် က စဉ်းစားကြည့်ပြန်ရင်လည်း လူ့ အစာ အလို့ငှာ မေထုန်မဲ့သားစပ် တိရစ္ဆာန်တွေကို မွေးမြူနေကြတဲ့ခေတ်မှာ မေထုန်အမှုနဲ့ ဆက်စပ်ပြီး တိရစ္ဆာန် ကို ဆွဲထည့်စရာ အကြောင်းမရှိလို့ ဆိုနိုင်ပြန်တယ်။  လိင်တိမ်းညွတ်မှု မှာလည်း ဆိုခဲ့သလို လူ နဲ့ တိရစ္ဆာန်မှာ ကွဲပြားမှုမရှိ သဘာဝ အတိုင်း ပုံစံမျိုးစုံ ဖြစ်တည်နေတာပါပဲ။
မျိုးပွားခြင်း၊ သားဖောက်ခြင်း အချက် ကို စဉ်းစားကြည့်ပြန်ရင်လည်း မေထုန်မှီဝဲခြင်း လိင်မှု ကိစ္စကို တစ်သက်မှာ တစ်ခါ ပဲ ကျင့်သုံးလို့ မျိုးပွားမှု အင်မတန်နည်းပြီး ရှားပါး မျိုးစေ့ စာရင်း ဝင် မျိုးတုံးလု ဖြစ်နေတဲ့ တိရစ္ဆာန် အမျိုးအစား တွေ ဒုနဲ့ဒေး ရှိနေပြန်တယ်။  ယေဘုယျ သဘောဆိုရရင် တိရစ္ဆာန် မှာ သဘာဝ အရ ရာသီအလိုက် ပဲ မေထုန်ပြုခြင်း၊ သားဖောက်ခြင်း အမှု ပြုကြလေ့ရှိတယ်။ “ကြောင်ပြာသို၊ ခွေးတော်သလင်း၊ လူ တက္ကသိုလ်” ဆိုပြီးတောင် ဟာသ သဘော မိတ်လိုက်ချိန် သဘာဝ ကို ဆိုကြတယ်။  ခွေးတွေ၊ ကြောင်တွေတောင် လူတွေရဲ့ အကျင့်တွေ ကူးကုန်လို့ မိတ်လိုက်ချိန်တွေ ပြောင်း၊ အခါ မရွေး လိင်ဆက်ဆံ လာကြတယ်လို့ ဆိုလေ့ရှိကြသေးတယ်။
ဆိုတော့ သားဖောက်ခြင်း နဲ့လည်း ဆက်စပ် “တိရစ္ဆာန် ဝါဒ” ကို ပုံမဖော်နိုင်ပြန်ဘူး။  ပုံဖော်ရင်လည်း လူသား ရဲ့ မတရားမှုပဲ ဖြစ်ပေမယ်။
ဒါနဲ့ပဲ (သူတို့) ဆိုလိုတဲ့ “တိရစ္ဆာန်ဝါဒ” ကို နားလည်ဖို့ ခက်နေတော့ နီးစပ် အင်္ဂလိပ် စကားလုံးတွေနဲ့ ဆက် စဉ်းစားကြည့်ရပြန်တယ်။
ဒဿနိကဗေဒ မှာ ”Animalism” ဆိုတဲ့ အတွေးအခေါ် သီအိုရီ တခု ရှိတယ်။  လူသား ဟာ အခြား သက်ရှိ သတ္တဝါ တွေ ဖြစ်တဲ့ တိရစ္ဆာန် မျိုးနွယ် တွေလိုပဲ သဘာဝ ရဲ့ အစိတ်အပိုင်း တခု ( a part of nature) အဖြစ်သာ ခံယူပြီး လူသား သီးသန့် တည်ဆောက်ယူထားတဲ့ သတ္တလောက သက်ရှိ ဘဝ ပုံစံ ထင်ယောင်မှားမှု (တနည်း ကြီးကျယ်မှု) အမြင်ကို စွန့်လွှတ်ခြင်း အတွေးအခေါ် ဖြစ်တယ်။
ဒီ့အတွက် ”Animalism” အတွေးအခေါ် ကို ခံယူတဲ့ “Animalists” တွေကို လူသား မဆန်ဘူးလို့ မဆိုနိုင်ဘဲ သဘာဝ နဲ့ တသားတည်း ရပ်တည် တည်ရှိတဲ့ တကယ့် လူစိတ် ရှိသူများလို့တောင် ဆိုချင် ဆိုနိုင်တယ်။  လူနဲ့ အဟိတ် တိရစ္ဆာန် မှာ မတူညီကွဲပြားမှုတွေ ရှိတယ်ဆိုတာ မှန်ပေမယ့် သဘာဝ အရ တူညီတဲ့ ဗီဇ တွေ ရှိတယ် ဆိုတာကို အထက်မှာ ဆိုခဲ့တဲ့ ကာမဆက်ဆံမှု၊ တိမ်းညွတ်မှု ပုံစံတွေ အပြင် အသက်ရှင်နေထိုင်လိုခြင်း၊ ဘဝ/အသက် လုံခြုံရာ ရှာလိုခြင်း၊ သူတပါး အပေါ် စိုးမိုးလိုခြင်း အစရှိတဲ့ အကျင့်၊ အကြံတူ အခြား အချက်အလက်များက သက်သေပြုတယ်။  ”Animalism”  ဟာ တနည်း ရှင်းအောင် ဆိုရရင် လူသား နဲ့ သဘာဝ ကိုခွဲခြား လူ့ ဘဝင် ရူး ရူးကာ သဘာဝ ကို ဖျက်ဆီး၊ တခြား သက်ရှိ သတ္တဝါ နဲ့ ရုက္ခ လောက ကို အနိုင့်အထက် ပြုနေတဲ့ ခေတ်သစ် လူသားဆိုးတွေ အတွက် လိုအပ်တယ်၊ အလားတူ ရှုထောင့်က စဉ်းစား ဆင်ခြင် ကျင့်ကြံဖို့လိုတဲ့ ကဏ္ဍတွေ ရှိတယ်လို့တောင် ဆိုနိုင်တယ်။
ဗုဒ္ဓ အတွေးအခေါ် အရ စဉ်းစားရင် လူ၊ နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ် အားလုံးဟာ “သတ္တလောက” မှာ “သတ္တ၀ါ” ခေါင်းစဉ်အောက် အတူတူ တည်ရှိတယ်။  ဒီ “သတ္တဝါ တွေ” ကိုမှ အမျိုးအစား ပြန်ခွဲရင် “ပုထုဇဉ် ပုဂ္ဂိုလ်” နဲ့ “အရိယာ ပုဂ္ဂိုလ်” ဆိုပြီး နှစ်မျိုး ရတယ်။  “ပုထုဇဉ် ပုဂ္ဂိုလ်” ကို ထပ်ခွဲရင် တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်၊ ငရဲသား အမျိုးအစား ဝင် “ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်” ဆိုတာ ရှိမယ်။  နတ်ပြိတ္တာ၊ ဘုမ္မစိုး၊ ရုက္ခစိုး နဲ့ လူထဲက ဆွံ့အ၊ ဒုက္ခတ၊ စိတ်မနှံ့ နဲ့ နပုန်းပဏ္ဍုက် ပါမကျန် အကျုံးဝင်တဲ့ “သုဂတိအဟိတ်ပုဂ္ဂိုလ်” ဆိုတာ ရှိမယ်။
(စကားချပ် – ဒီထဲမှာ မသန်စွမ်း လူသား၊ စိတ်ဝေဒနာရှင် နဲ့ မိန်းမလျှာ ကို ခွဲထည့်ထားတာဟာ မေးခွန်းထုတ်စရာ၊ စဉ်းစားစရာ ရှိတယ်။  ဒါက တကဏ္ဍ၊ ထားလိုက်ပါ။)
တတိယ “ပုထုဇဉ် ပုဂ္ဂိုလ်” တမျိုးက အမောဟ မပါ အလောဘ၊ အဒေါသ ဟိတ်နှစ်ပါး နဲ့ သာ ပဋိသန္ဓေ တည်နေပြီး ဈာန် မဂ်ဖိုလ် ရနိုင်လောက်အောင် ဉာဏ်မပါတဲ့ ပုဂ္ဂိုလ်မျိုး “ဒွိဟိတ်ပုဂ္ဂိုလ်” ဆိုတာ ရှိမယ်။  စတုတ္ထ နဲ့ နောက်ဆုံး တမျိုးက အလောဘ၊ အဒေါသ၊ အမောဟ ဟိတ်သုံးပါး နဲ့ ပဋိသန္ဓေ တည်နေပြီး ဈာန် မဂ်ဖိုလ် ရနိုင်လောက်တဲ့ ဉာဏ်ပါတဲ့ “တိဟိတ်ပုဂ္ဂိုလ်” အမျိုးအစားဖြစ်တယ်။  ဒီ (၄) မျိုးက “အရိယာ ပုဂ္ဂိုလ်” မဟုတ်တဲ့ “သတ္တ၀ါ” အမျိုးအစား “ပုထုဇဉ် ပုဂ္ဂိုလ်” တွေ ဖြစ်တယ်။
ဆိုလိုချင်တာက ဗုဒ္ဓ အလို အရ မှာလည်း အမျိုးအစား ခွဲခြားသတ်မှတ် (classify) လုပ်ထားပေမယ့် လူ နဲ့ တိရစ္ဆာန် ဟာ “သတ္တ၀ါ” အမျိုးအစားဝင် အတူတူ ဖြစ်တယ်။  ဆိုတော့ (သူတို့) ဆိုလိုချင်တဲ့ “တိရစ္ဆာန်ဝါဒ” ပုံက မပေါ်လာဘဲ ဖြစ်နေသေးတယ်။
ဒါနဲ့ပဲ တဖန် နီးစပ် အင်္ဂလိပ် စကားလုံး ဘက် ပြန်လှည့်ရပြန်တယ်။  ဖတ်ဖူးတဲ့ စာတွေမှာ “တိရစ္ဆာန်ဝါဒ”သဘော ဖော်ညွှန်းနိုင်တဲ့ “Animalism” အကြောင်း ပါ/မပါ ပြန်စဉ်းစားရတယ်။
Orwell က သူ့ရဲ့ ဆိုဗီယက် ပြည်ထောင်စု ကွန်မြူနစ်ဝါဒ ကို သရော်တဲ့ နာမည်ကျော် ဝတ္ထု “Animal Farm” မှာ “Animalism” ဆိုတဲ့ စကားလုံး သုံးခဲ့ဖူးတယ်။  အမှန်တော့ “Animal Farm” က မာ့က်စ် ဝါဒ ကို တိုက်ရိုက် သရော်ခြင်းသဘောမျိုး မဟုတ်ဘဲ ၁၉၁၇ ရုရှား လူထု တော်လှန်ရေးကြီး အပြီး ဖောက်ပြန်သွားတဲ့ တော်လှန်ရေးခေါင်းဆောင်မှု အကြောင်းနဲ့ စတာလင် ခေတ် ဆိုဗီယက် အာဏာရှင် စနစ် ကို သရော်ခြင်းသာ ဖြစ်တယ်။
“Animal Farm” မှာ (တိရစ္ဆာန် ရူထောင့်က ကြည့်ရင်) လူသားတွေရဲ့ မိစ္ဆာ အပြုအမူ၊ အကျင့်အကြံ တွေကို တိရစ္ဆာန်တွေ လိုက်လံ အတုခိုး ကျင့်သုံးမှုကို ကာကွယ်တားဆီးနိုင်ဖို့ရာ ခြေလေးချာင်း တော်လှန်ရေး ခေါင်းဆောင်ပိုင်း က  “တိရစ္ဆာန်ဝါဒ (Animalism)” ကို ချမှတ်တယ်။  “တိရစ္ဆာန်ဝါဒ” မှာ ပညတ်တော် (၇) ပါး ပါတယ်။  တိရစ္ဆာန် မည်သည် အဝင်အစား မဝတ်ရ၊ အိပ်ရာပေါ်မှာ မအိပ်ရ၊ အရက် မသောက်ရ၊ အခြား တိရစ္ဆာန်  တွေကို မသတ်ရ၊ ခြေနှစ်ခြောင်း အပေါ် ရပ်သူမှန်သမျှ ရန်သူ၊ အတောင်ပံ ပါ (သို့) ခြေလေးချောင်း အပေါ် ရပ်သူ သာ မိတ်ဆွေ၊ တိရစ္ဆာန် မှန်သမျှ သာတူညီမျှ တန်းတူ ဖြစ်ရမယ် ဆိုတဲ့ ပညတ်ချက်တွေ ပါတယ်။ 
ဒီ သတ်မှတ်ချက်တွေဟာလည်း နောက်ပိုင်း ဖောက်ပြန်တဲ့ ခေါင်းဆောင်တွေ ကြောင့် လျော့တိလျော့ရဲ တွေ ဖြစ်ကုန်ပြန်တယ်။  “တိရစ္ဆာန်ချင်း မသတ်ရ” မှာ “တိရစ္ဆာန်ချင်း အကြောင်းမရှိဘဲ မသတ်ရ” တွေ ဘာတွေ ဖြစ်ကုန်တယ်။  “တချို့ တိရစ္ဆာန် တွေက တချို့ တိရစ္ဆာန်တွေထက် ပို သာတူညီမျှ ရှိတယ်” ဆိုတာမျိုးတွေ ဖြစ်ကုန်တယ်။  “ကုလား အလှူ ငါတို့ မယူ၊ ငါ့ကို ပေးက အိုကေ ဗျ” သဘောမျိုးတွေ ဖြစ်မယ် ထင်ပါတယ်။  ထားပါ။  ဆိုချင်တာက Orwell က ဆိုခဲ့သလို “Animal Farm” မှာ “တိရစ္ဆာန်ဝါဒ (Animalism)” စကားလုံး ကို စတာလင် ဝါဒ ဆိုဗီယက် လက်နက်နိုင်ငံတော် အာဏာရှင်စနစ် ကို သရော်ရင်း သုံးဖူးခဲ့တယ်။
ဒါပေမယ့် အခု “တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ကြွေးကြော်သံ ဟစ်ကြွေးသူ ပုဂ္ဂိုလ်များ ဟာ Orwell တွေ၊ “Animal Farm” တွေ ထား၊ သခင်ဘသောင်း ရဲ့ “ခြေလေးချောင်း တော်လှန်ရေး” နဲ့တောင် နီးစပ်ဖူးဟန် မရှိတော့ ဒီ Orwell “Animalism” က လည်း သူတို့ ရဲ့ “တိရစ္ဆာန်ဝါဒ” အတွက် အဖြေ မပေးနိုင်ပြန်ဘူး။
ဒီလိုနဲ့ ဒီ “တိရစ္ဆာန်ဝါဒ” ဇာတ်ထုပ် က မိုးမလင်းနိုင်၊ ဒီစာလည်း အဆုံးမသတ်နိုင် ဖြစ်နေတယ်။
ဒါနဲ့ပဲ “တိရစ္ဆာန်ဝါဒ” ကို တခြား မှာ သွားမရှာဘဲ ကိုယ့်ဘာသာပဲ ပြန်ရှာရင်း အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။
စာရေးသူ ယုံကြည်တဲ့ “တိရစ္ဆာန်ဝါဒ” အကြောင်း ကို စာရေးသူ ရေးဖူးတဲ့ ယခင် ဆောင်းပါး ဟောင်း အများအပြား မှာ ထည့်သွင်း ပုံဖော်ခဲ့ဖူးတယ်။
“အမှန်တရား သည်သာ အင်အား (Right is Might)” မဖြစ်ဘဲ “အင်အားသည်သာ အမှန်တရား (Might is Right)” ဖြစ်နေတဲ့ စစ်အာဏာရှင် စနစ်ဆိုး ဟာ “တိရစ္ဆာန်ဝါဒ” ဖြစ်တယ်။  ကြီးနိုင် ငယ်ညှင်း အင်အားကြီးသူ နိုင်စတမ်း တောတွင်း ဥပဒေသ “The Law of the Jungle” ဟာ “တိရစ္ဆာန်ဝါဒ” ဖြစ်တယ်။  လူအုပ်စု တခု၊ လူတစ်စု၊ လူတန်းစား တခု အခွင့်ထူးခံရနေခြင်းဟာ “တိရစ္ဆာန်ဝါဒ” ဖြစ်တယ်။  အင်အားကြီးတဲ့ လူအများစု က လူနည်းစု ကို ဖိနှိပ်၊ ခွဲခြား ဆက်ဆံခြင်း ဟာ “တိရစ္ဆာန်ဝါဒ” ဖြစ်တယ်။
လိုအပ်တဲ့ အခါတိုင်း လက်နက်ထုတ်သုံး၊ သေနတ်ပစ်ပြတတ်တဲ့ “ဗမာပြည်က ကောင်းဘွိုင်” ဆယ်စုနှစ် ငါးစု ကျော် ကြီးစိုးနေတဲ့ ဗမာပြည်ဟာ အင်အားကသာ အမှန်တရား ဖြစ်စေတဲ့ “Might makes Right” ရှင်သန်ရာ၊ “တိရစ္ဆာန်ဝါဒ” ထွန်းကားရာ နေရာ ဝမ်းနည်းဖွယ် ဖြစ်နေတယ်။ ခေတ်အဆက်ဆက် ရဲ့ တရားမဲ့မှု၊ လူမဆန်မှု၊ အဓမ္မမှု အဖြစ်ဆိုးတွေ က သမိုင်းသက်သေ ရှိတဲ့အပြင် ရင်ဘတ်မှာ သေနတ် ကျည်ပေါက်ရာ နဲ့ ရင်နင့်ဖွယ် မြင်ရတဲ့ လက်တလော သတင်းဓာတ်ပုံ တခု က ဒီအချက်ကို ထပ်လောင်း သက်သေပြုနေတယ်။
စနစ်ဆိုး နဲ့ လူဆိုးတွေ ရဲ့ အင်အားကြီးသူ ရှင်သန် ရပ်တည်ဖို့ရာ အင်အားနည်းသူ က ချနင်း စတေးခံ ဖြစ်နေရခြင်းဟာ “တိရစ္ဆာန်ဝါဒ” “တောတွင်းဥပဒေသ” သရုပ်ကို အကောင်းဆုံး ပုံဖော်နိုင်တယ်။
ဒါကြောင့် စာရေးသူ ကလည်း ဗမာပြည်က စနစ်ဆိုး နဲ့ လူဆိုးတွေရဲ့ “တိရစ္ဆာန်ဝါဒ” ကို ဆန့်ကျင်ဖို့ တိုက်တွန်း နှိုးဆော်လိုတယ်။
စစ်အာဏာရှင် စနစ် နဲ့ စစ်အာဏာရှင် အမွေ ဆက်ခံသူ တွေရဲ့ အကျင့်အကြံ “တိရစ္ဆာန်ဝါဒ” ကို ဆန့်ကျင်ကြပါ။
“အင်အားကြီးသူ” က “အင်အားနည်းသူ” ကို ဖိနှိပ် တောတွင်း အရိုင်းဥပဒေ သ ကျင့်သုံး လိုသူ အရိုင်း “တိရစ္ဆာန်ဝါဒီ” မည်သူကို မဆို ဆန့်ကျင်ကြပါ။
“အင်အားကြီးအုပ်စု” တခု ခုက “အင်အားနည်း အုပ်စု” တခု ခု ကို မတရား ဖိနှိပ်နေတဲ့ “တိရစ္ဆာန်ဝါဒ” ကို ဆန့်ကျင်ကြပါ။
ဆိုတော့ စာရေးသူကလည်း သံတူကြောင်းကွဲ ဟစ်ကြွေးပါတယ်။
တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ။  တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ။  တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ။
ဒီလိုနဲ့ပဲ စာရေးသူ ရဲ့ “တိရစ္ဆာန်ဝါဒ” ရှာပုံတော် က နိဂုံးချုပ်ရတယ်။

“တရားရှာ ကိုယ်မှာတွေ့” တဲ..။  ဘုရားဟောများ သိပ် အသုံးတည့် ပါ့ကလား..။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts