ဇူလိုင် ၈၊ ၂၀၁၂
အဲဒီကာလတွေတုန်းက ကိုသီလနေထိုင်တဲ့ မြို့ကလေးရဲ့ အနီးအပါးရော၊ ဝေးဝေးလူလူမှာပါ တွဲဖက်ကျောင်းကလေးတွေ ရှိကြတယ်။ မြို့ မှာ ကျောင်းမတက်နိုင်တဲ့ကလေးတွေအတွက် အတော့်ကိုဟန်ကျတာ။ ကျောင်းသားအရေအတွက်လည်း ပြည့်မီမယ်။ ရွာကလည်း ကျောင်းဆောင်အတွက်ရော ကျောင်းဆရာ၊ ဆရာမငှားရမ်းဖို့ ရံပုံငွေကိစ္စတွေပါ အဆင်သင့်ရှိနေမယ်ဆိုရင် တွဲဖက်မူလတန်း၊ အလယ်တန်း၊ အထက်တန်းအထိ ကျောင်းကလေးတွေ ဖွင့်လှစ်ခွင့်ကိုရတယ်ပေါ့လေ။
ဒါပေမဲ့ ကိုယ်တွဲဖက်တဲ့ ကျေးလက်ကျောင်းကလေးတွေကိုတော့ တရားဝင် ဆရာ၊ ဆရာမတွေကို မြို့နယ်က ချမပေးနိုင်ဘူး။ ကိုယ့်ရွာနဲ့ကိုယ် အဆင်ပြေအောင် ဆရာ၊ ဆရာမတွေ ငှားပေတော့ပဲ။ ရွာနဲ့ပဲ စာချုပ်၊ ရွာကပဲ လစာငွေပေး။ စာမေးပွဲတွေစစ်ရင်တော့ ကိုယ်တွဲထားတဲ့ မြို့ပေါ်က တရားဝင်ကျောင်းတွေမှာ မေးခွန်းတက်ယူ စစ်ရတယ်။ အတန်းတင် စာမေးပွဲကြီးကျတော့ မေးခွန်းမပေးတော့ဘူး။ ကျောင်းသား တွေအားလုံး မြို့ပေါ်တက်လာ၊ ပြီးရင် မြို့ပေါ်က တရားဝင်ကျောင်းမှာ ခုံနံပါတ်ယူ။ စာမေးပွဲကြီးကို ဖြေဆိုကြတော့ပေါ့။
အဲဒီတုန်းက ကိုသီလမှာ လူမမယ်သားကလေး တယောက်လည်း မွေးထားသေးတယ်။ သားက ၁၉၉၁ မှာ မွေးတာ။ ဒီတော့ ကိုသီလရဲ့ ကျေးလက်တွဲဖက်အလယ်တန်းကျောင်းကလေးမှာ ကျောင်းသူ၊ ကျောင်းသားတွေတောထဲ ကိုသီလရဲ့သားကလေး မွေးဖွားကြီးပြင်းလာခဲ့ တယ်။ သားက စကားမပြောတတ်၊ ပြောတတ်အချိန်မှာ “၀” လုံးတို့၊ ကကြီးတို့ရွတ်ဆိုရင်း ကြီးပြင်းခဲ့ရတယ်။ ကျောက်တံကိုင်နိုင်တဲ့အချိန် ကျောက်သင်ပုန်းနဲ့ ကျောက်တံဝယ်ပေးလိုက်တော့ ကလေးက “၀“ လုံးကို သူ့ကျောက်သင်ပုန်းအပြည့် ရေးတော့တာ။ ထားပါလေ … စာ သင်ကျောင်းကလေးအကြောင်းကိုပဲ ဆက်ပြောရအောင်ပါ။
ကိုသီလရဲ့ ကျေးလက်စာသင်ကျောင်းကလေးဟာ ကိုသီလနေတဲ့မြို့ကနေ ဆယ်မိုင်ကျော်ကျော်လောက် ဝေးပါတယ်။ မြစ်တွေ၊ ချောင်း တွေ ၀င်္ကပါလို ယှက်ဖြာနေတဲ့အရပ်မို့ ကိုသီလတို့ဟာ ကျောင်းကို စက်လှေစီးပြီးသွားရတယ်။ စက်လှေက ကျောင်းအထိရောက်တာတော့ မဟုတ်ဘူး။ လမ်းတ၀က်ပဲ ရောက်တာ။ လမ်းတ၀က်မှာလာလို့ စောင့်ကြိုနေတဲ့ ကျောင်းသားကလေးတွေရဲ့ လှေကိုဆက်စီးရတယ်။ ရေ ဆန်ဆို အနည်းဆုံး မိနစ်လေးဆယ်လောက် လှော်ရတာ။ “လှေကလေးကို လှော်မည် … ဘေးမသန်းဘဲ အေးချမ်းတော့သည်” ဆိုတဲ့ ဒိုရာသန်းအေးသီချင်းကို မခံစားနိုင်ပါဘူးဗျာ။ နေပူပူထဲ ချွေးတပြိုက်ပြိုက်နဲ့ ရေဆန်ကို လှော်ခတ်နေရတဲ့ ကျောင်းသားကလေးတွေကို ကြည့်ရင်း ကိုသီလခမျာ ပင့်သက်ချရတာ အမောပေါ့။ နောက်တော့ ကိုသီလတို့လည်း ကျောင်းမှာ အဖီဆွဲပြီး နေလိုက်တော့တယ်။ ကျောင်း ကိစ္စတွေ မလွှဲသာ၊ မရှောင်သာရှိလာမှ ကိုသီလ မြို့တက်တော့တယ်။
ဘာပဲဖြစ်ဖြစ်လေ ကိုသီလရဲ့ တွဲဖက်အလယ်တန်းကျောင်းကလေးဟာ ကျောင်းတက်ခေါင်းလောင်းကလေးမရှိပေမဲ့ အချိန်တန်ရင် က လေးတွေရဲ့ စာအံသံတွေနဲ့ ညံနေတော့တာ … ။ သိပ်ကြည်နူးဖို့ ကောင်းတာ …။
ကိုသီလက ကလေးတွေကို မြန်မာစာနဲ့ အင်္ဂလိပ်စာ သင်ပေးတယ်။ သင်ရိုးကတော့ ပြည်တွင်းသင်ရိုးပေါ့။ ကိုသီလက အင်းစိန် ဘ၀တက္က သိုလ်ကျောင်းကို ရောက်ခဲ့ဖူးသူဆိုတော့ ကိုသီလစာသင်ရင် ကလေးတွေက မျက်လုံးကလေးတွေဝိုင်းပြီး စူးစူးစိုက်စိုက် နားထောင်နေတော့ တာ။ ခြောက်တန်းအင်္ဂလိပ်စာမှာ “ကတိမတည်တဲ့ မြို့စားကြီးနဲ့ ပုလွေဆရာ” အကြောင်းကိုသင်ရတယ်။ အဲဒီမြို့မှာ ကြောင်တွေကို ပြန်ကိုက်နိုင်တဲ့ ဧရာမကြွက်ကြီးတွေ မင်းမူ သောင်းကျန်းနေတယ်။ ကလေးတွေကို လည်းကိုက်တယ်။ အ၀တ်အစားတွေ၊ ရိက္ခာတွေကိုလည်း ဖျက်ဆီးပစ်နေတယ်။
အဲဒီ ကြွက်ကြီးတွေကို ဘယ်လိုနှိမ်နင်း သုတ်သင်ရမယ်ဆိုတာကို မြို့သူမြို့သားတွေ မကြံမဆနိုင် ဖြစ်နေကြတယ်။ မြို့ရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ် မြို့စားကြီး အတော့်ကို ခေါင်းကိုက် စိတ်ညစ်နေချိန်ပေါ့။ ဒီအချိန်မှာ မြို့ကို မျက်နှာစိမ်း ပုလွေဆရာရောက်လာတယ်။ မြို့စားကြီးနဲ့ စကားပြောတယ်။ ပုလွေဆရာက အဲဒီကြွက်ကြီးတွေကို ရှင်းလင်းသုတ်သင်ပေးမယ်။ အဖိုးအခအဖြစ် ဆုငွေကို ဘယ်ရွေ့ဘယ်မျှ ပေးမှာလဲ ပေါ့။
မြို့စားကြီးက ကြွက်တွေအားလုံးကို သုတ်သင်ပေးရင် ဒင်္ဂါးပြားတွေ ဆုချမယ်ပေါ့။ ဒင်္ဂါး တသောင်းလား တသိန်းလား ပေးမယ်ပေါ့။ ဒါနဲ့ ပုလွေဆရာက ကြွက်နှိမ်နင်းရေးကို လုပ်ပါတော့တယ်။ သူ့ရဲ့ ထူးဆန်းလှတဲ့ ပုလွေကို မှုတ်လိုက်တဲ့အခါမှာ အဲဒီ ပုလွေသံကြောင့် ကြွက်ကြီးတွေ လမ်းပေါ်ပြေးထွက်လာကြတယ်။ ပုလွေဆရာနောက်ကို ကြွက်ကြီးတွေ လိုက်သွားကြတယ်။ ပုလွေဆရာက သူ့ပုလွေသံနဲ့ ကြွက်တွေကို ပင်လယ်ထဲ မောင်းချ နစ်မြှုပ်စေခဲ့တယ်။ တမြို့လုံး ကြွက်ကြီးတွေရန်က ကင်းရှင်းသွားပြီပေါ့ဗျာ … ။
ပြဿနာက အဲဒီမှာ စတော့တာပါပဲ။ ပုလွေဆရာက သူ့လုပ်အားရဲ့ ဆုကြေးကို မြို့စားကြီးဆီမှာသွားထုတ်ပါတယ်။ ကြွက်ရန်ကင်းသွားတဲ့ မြို့စားကြီးဟာ သူပေးထားတဲ့ကတိကို မတည်တော့ဘူး။ ဘာလို့ပေးရမှာလည်း၊ မပြောခဲ့မိပါလား၊ ဘာ ဒင်္ဂါးတသိန်းဟုတ်လားဆိုပြီး ပုလွေ ဆရာကို ရယ်မော၊ လှောင်ပြောင် သရော်လွှတ်လိုက်တယ်။ ခုခေတ်စကားနဲ့ ပြောရရင် မြို့စားကြီးက ပုလွေဆရာအပေါ် ဗိုလ်ကျ၊ အနိုင်ကျင့်၊ အရူးသိုင်းကွက် နင်းလိုက်တာပေါ့ဗျာ။
ဒီတော့ ပုလွေဆရာကပြုံးပြီး မြို့စားကြီးအိမ်ကထွက်လာတယ်။ လမ်းမပေါ်ရောက်တော့ သူ့ရဲ့ထူးဆန်းတဲ့ပုလွေကို ထုတ်လိုက်တယ်။ ဒီတ ခါ ပုလွေဆရာမှုတ်လိုက်တဲ့အသံက အဆန်းတကြယ် တမျိုးဖြစ်နေတယ်။ မြို့ထဲက၊ အိမ်အသီးသီးကနေ ကလေးတွေ ပုလွေဆရာနောက်ကို ပြေးထွက် လိုက်ပါသွားကြတယ်။ ကလေးတယောက်မကျန်ကို လိုက်သွားတာ။ ပုလွေဆရာကလည်း ဘာမျှမပြောဘဲ သူ့ပုလွေကိုသာ ဆက်မှုတ်ရင်း တောင်တန်းတွေဆီ လမ်းကလေးအတိုင်း တက်သွားတယ်။ ကလေးတွေကလည်း ပျော်ရွင်ကခုန်ရင်း၊ သီချင်းတွေ သံပြိုင် ဟစ်ဆိုကြရင်းနဲ့ ပုလွေဆရာနောက်ကို လိုက်ပါသွားခဲ့တယ်။
လှိုင်ဂူကြီးအ၀ရောက်တော့ လှိုင်ဂူတံခါးက ပွင့်သွားတယ်။ ပုလွေဆရာလည်း လှိုင်ဂူထဲဝင်သွားတယ်။ ကလေးတွေအားလုံးလည်း ဂူထဲ လိုက်ဝင်သွားကြတယ်။ နောက်တော့ လှိုင်ဂူတံခါးကြီး ပိတ်သွားခဲ့တယ်။ အဲဒီကစပြီး လှိုင်ဂူတံခါးလည်း ပြန်မပွင့်တော့ဘူး။ ပုလွေဆရာကို လည်း မတွေ့ရတော့ဘူး။ မြို့ရဲ့အနာဂတ်မျိုးဆက်သစ်တွေလည်း ပိတ်သွားတဲ့ လှိုင်ဂူတံခါးနဲ့အတူ ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး။
ကိုသီလက သူ့ဂွင်ထဲရောက်ပြီ ဆိုပြီး အာဘောင်အာရင်းသန်သန်နဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို အတွေးလက်ချာတွေ ပေးတော့တာပါပဲ။ ဒီ ဇာတ်လမ်းကလေးထဲက မြို့စားကြီးဟာ ကတိမတည်တဲ့သူ ဖြစ်တယ်။ လောဘကြီးသူဖြစ်တယ်။ အင်အားနဲ့ အာဏာကို တည်ဆောက်ပြီး ယစ်မူးနေသူဖြစ်တယ်။ သူ့ကြောင့် သူတို့မြို့ကလေးဟာ ခြောက်ကပ်ပြီး ကြောက်စရာ အရပ်ဒေသဖြစ်ခဲ့ရတယ်။ သူ့အတ္တအတွက် အပြစ်မဲ့ အနာဂတ် မျိုးဆက်သစ် ကလေးငယ်ကလေးတွေကို ထိုးကျွေးလိုက်တဲ့ ယုတ်မာမှု ဖြစ်တယ် … ဘာညာပေါ့လေ … ကိုသီလ ကလေးတွေကို အာသွက်၊ လျှာသွက် ပြောပြနေတယ်။ တကျောင်းလုံး ငြိမ်ပြီး နားထောင်နေကြတယ်။ ကျန်တဲ့အတန်းတွေက ကျောင်းသူ၊ ကျောင်းသားတွေပါ ကိုသီလပြောနေတာကို စူးစိုက်နားထောင် နေကြတယ်… ။
ကျောင်းဆင်းတော့ ကိုသီလ အတော့်ကိုပမ်းသွားတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ပီတိဖြစ်မိတယ်။ ကလေးတွေကလည်း ပုလွေဆရာ ဇာတ်လမ်းကလေးကို အတော့်ကို နှစ်သက်သွားကြပါတယ်။ သူတို့အချင်းချင်းကြားမှာ ကတိစကားတလုံးရဲ တန်ဖိုးကို သူတို့ဘ၀အခံနဲ့ နား လည်သွားကြတယ်ပေါ့ …။
နောက်တနေ့ …
စနေနေ့ ကျောင်းပိတ်ရက်ကျတော့ ကျေးရွာပညာရေးတာဝန်ခံက ကိုသီလကို လှေလွှတ်ပြီး ဆင့်ခေါ်ခိုင်းလိုက်တယ်။ ကိုသီလလည်း လိုက် သွားတွေ့လိုက်ပါတယ်။ တာဝန်ခံက ကိုသီလကို ရောက်မဆိုက်ပဲ သူပြောလိုရာကို ပြောပါတော့တယ်။ ဆရာကိုသီလ နိုင်ငံရေးမှုနဲ့ ထောင် ကျခဲ့တယ်ဆိုတာ သူတို့သိပြီးဖြစ်တဲ့အကြောင်း၊ ကလေးတွေကိုစာသင်တဲ့အခါ နိုင်ငံရေးတွေမသင်ပါနဲ့လို့ ချော့ခြောက် တားမြစ်ပါတော့ တယ်။ ကိုသီလကလည်း သင်ရိုးအတိုင်းသာ သူသင်ကြောင်း၊ ကလေးတွေကို နိုင်ငံရေးအရ စည်းရုံးသိမ်းသွင်းခြင်းမလုပ်ကြောင်း။ လူ့အဖွဲ့ အစည်းမှာ နိုင်ငံရေးနဲ့ကင်းတာ ဘာမျှမရှိကြောင်း ကိုသီလက ပြန်လည် ရှင်းပြ ထုချေပါတယ်။
အဆုံးသတ်ရရင် ကိုသီလကို နောက်နှစ်စာသင်နှစ်မှာ ဆက်မငှားနိုင်တော့ဘူးပေါ့။ ဆိုင်ရာက သူတို့ရွာနဲ့ ကျောင်းပညာရေးကော်မတီကို ဖိအားပေးတယ်လို့ အကြောင်းပြချက်တွေနဲ့ပေါ့ဗျာ။ ကလေးတွေအတွက် အတန်းတင်စာမေးပွဲ နောက်ဆုံးနေ့ ရွာမပြန်ခင်ညမှာ ကိုသီလကို ခေါ်ပြောတာပါ။ ကလေးတွေလည်း မျက်နှာမကောင်းကြဘူးပေါ့။ ကိုသီလကလည်း ကိစ္စမရှိပါဘူး ဦးလေးပေါ့ …။ ညတွင်းချင်းပဲ ကိုသီလ အမေ့အိမ် ပြန်လာခဲ့ပါတယ်။ နောက်နှစ်စာသင်နှစ်အတွက် နောက်တရွာ၊ နောက်တကျောင်း စုံစမ်းရှာဖွေဖို့ပဲ ရှိတော့တာပေါ့ဗျာ။
ဒီလိုနဲ့ ကိုသီလဟာ နွေရာသီ ကျောင်းပိတ်ချိန်ရက်များကို ဘ၀အတွက် မရေရာ၊ မသေချာတဲ့ မျှော်လင့်ချက်တွေနဲ့ ရင်ဆိုင် ဖြတ်သန်းခဲ့ရ တယ်ပေါ့လေ …။ သူကျေနပ်မိတာက သူ့ကလေးတွေ စာမေးပွဲ အောင်ချက်ကောင်းခဲ့တာကိုပါပဲ … ။
(စာကြွင်း ။ ။ ကိုသီလ ပြောဖို့ကျန်ခဲ့တာလေးကို ဖြည့်ပြောခွင့်ပြုစေချင်တယ်။ အဲဒီ ၁၉၉၁ ၀န်းကျင် ခုနှစ်များဆီက ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်ပြောခဲ့တဲ့ ဗိုလ်စောမောင်ဟာ မြို့စားကြီးလို ကတိမတည်ဘဲ အာဏာကို ဆက်လက်ကိုင်စွဲပြီး အရူးသိုင်းကွက်နင်းနေတဲ့ အချိန်ဖြစ်တယ်။ လူထုနဲ့ နိုင်ငံရေးပါတီတွေကိုလည်း အင်အားသုံးဖိနှိပ်နေချိန် ဖြစ်တယ်။ ဒါ့ကြောင့် ကိုသီလရဲ့အဖြစ်ဟာ သိပ်ထူးဆန်းတဲ့ အဖြစ်အပျက်လို့ ပြောလို့မရဘူးပေါ့ဗျာ။ ဖိနှိပ်သူ အာဏာရှင်ကလည်း သူ့အလုပ်သူလုပ်တာဖြစ်တယ်။ ကျောင်းပညာရေးကော်မတီကလည်း သူ့အလုပ်သူလုပ်တာဖြစ်တယ်။ ကျောင်းဆရာကလေး ကိုသီလကလည်း သူလုပ်ရမယ့်အလုပ်ကို ကျောင်းဆရာတယောက်ရဲ့ တာဝန်အရ ယုံယုံကြည်ကြည် လုပ်ခဲ့တာဖြစ်တယ်။ နောင်မှာ ကိုသီလရဲ့ ကျေးလက်တွဲဖက်စာသင်ကျောင်း အတွေ့အကြုံကလေးတွေ ဆက်လို့ရေး ဖြစ်ဦးမယ် ထင်တာပဲ)
Very good article… a lot of thoughts and encourage to human’s mind… Please continue to write.