ရသဆောင်းပါးစုံ

မိကွန်ထောလေးများ ဖတ်ဖို့

ငြိမ်းချမ်းအေး
ဇူလိုင် ၄၊ ၂၀၁၂
ဆုံးသွားရှာပြီဖြစ်တဲ့ ဂီတပညာရှင် ထူးအိမ်သင် မွေးနေ့ အထိမ်းအမှတ် မိသားစု ဆွမ်းကျွေးအလှူ မှာ တွေ့ရတဲ့ မိကွန်ထော ဓာတ်ပုံမြင်ရတော့ ထူးအိမ်သင် သမီးလေးတောင် အရွယ်ရောက်ပါပေါ့လို့ တွေးမိတယ်။ တပါတည်း သူ့အဖေ၊ သူငယ်ငယ် လူမမည် အရွယ်ကလေးတုန်းကတည်းက “သမီးကို သိုင်းသင်ပေးချင်တယ်၊ သမီးအရွယ်ရောက်လို့ သူကိုယ်တိုင် သဘောတူလို့ ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူး..၊ ဒါပေမယ့် သူမနှစ်သက်၊ အလိုမတူတဲ့ ယောင်္ကျားတစ်ဦးဦးက အင်အားသုံးပြီး အနိုင်ကျင့်ခံရမှာကိုတော့ စိုးရိမ်တယ်..၊ “ လို့ ပြောဖူးခဲ့တဲ့ စကားကိုပါ သတိရမိတယ်..။ တဆက်တည်း သိုင်းပညာရပ်ရဲ့ လူငယ်တွေအပေါ် အကျိုးသက်ရောက်နိုင်မှု ကျေးဇူးကို ဆက်လက်တွေးမိလာတယ်..။

သိုင်းပညာဟာ အပေါစား ရုပ်ရှင်တွေရဲ့ ဖျက်ဆီးခြင်းခံရတဲ့ အတွက် လူအများရဲ့ စိတ်ထဲမှာ အနှစ်မပါ၊ အကြမ်းဖက်မှုသက်သက် သဘော ပုံဖော်ခြင်းခံနေရတယ်။ တကယ်တော့ သိုင်းပညာ (Martial Arts) ဆိုတာမှာ လူတစ်ယောက်နဲ့ တစ်ယောက် ကန်ကျောက်ထိုးကြိတ်၊ သတ်ပုတ်ခြင်းဟာ အပေါ်ရံ သဘောသာဖြစ်ပြီး အတွင်းသဘောက တွေးခေါ်မြော်မြင်နိုင်တဲ့ ဒဿနိက တစ်ခုခု၊ ဆင်ခြင်မှု တစ်ခုခုကို အခြေပြုကာ ကိုယ်ခန္ဓာ လှုပ်ရှားမှု နဲ့ စိတ် ဝိညဉ် အသိကပ်မှု တို့ကို အချိုးကျပေါင်းစပ်ထားတဲ့ အနုပညာတစ်ရပ် ဖြစ်တယ်။ ကမ္ဘာ့လူမျိုးအသီးသီးရဲ့ သိုင်းပညာတိုင်းဟာ မိမိ အင်အားကို ရှာဖွေ၊ စုစည်းပြီး မိမိကိုယ်ကိုအောင်နိုင်ခြင်းက အဓိက ဖြစ်တယ်။ ပရမတ္တသစ္စာ (Absolute Truth) ကို မိမိ အတွင်းစိတ်မှာ ခွဲခြမ်းစိတ်ဖြာ ရှာဖွေ ရှုမှတ်တဲ့ ဘာသာတရားတွေရဲ့ အကျင့်၊ လမ်းစဉ်တွေကို သိုင်းပညာတိုင်းရဲ့ အဆင့်မြင့် နုနယ်တဲ့ အစိတ်အပိုင်းတွေမှာ တွေ့နိုင်တယ်..။ ဒါဟာ မိမိရဲ့ အဇ္ဈတ္တသန္တာန် (Inner Nature) ကို ချုပ်ထိမ်းအောင်နိုင်ခြင်းဖြင့် အေးချမ်းအောင် လုပ်ခြင်း တစ်မျိုးဖြစ်တယ်။ အပူ၊ အအေး၊ အချစ်၊ အမုန်း၊ ငြိမ်းချမ်းခြင်း၊ စစ်ပွဲ စတဲ့ ဆန့်ကျင်ဘက် ဝိရောဓိ (Contradiction) တွေ ဆုံစည်းချုပ်ငြိမ်းရာကို ရှာဖွေခြင်းဖြစ်တယ်။

ဒီလို အခြေခံသဘောကြောင့် သိုင်းပညာဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဖွံ့ဖြိုးတိုးတက်စေဖို့ကို အများကြီး အထောက်အကူပေးတယ်..။ ဒါအပြင် အပေါ်ရံ တိုက်ရိုက်သဘော မြင်သာတဲ့ အချက်ကတော့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာမှု ဖြစ်တယ်။ ဒီလို ကာယ၊ စိတ္တ တိုးတက်ဖွံ့ဖြိုးစေတဲ့ အတွက် တချို့နိုင်ငံကြီးတွေမှာဆိုရင် သိုင်းပညာရပ် တစ်ခုခု မဖြစ်မနေ သင်စေဖို့ ကျောင်းပညာရေး သင်ညွှန်းတမ်းတွေမှာ ပြဋ္ဌာန်းတယ်။

ဒါ့အပြင် သိုင်းပညာဟာ ယနေ့ခေတ်လို လူ့အခွင့်အရေးအကြောင်း၊ ဒီမိုကရေစီ သဘောတရားတွေ တွင်တွင်ပြောနေကြတဲ့ ခေတ်ကြီးမှာ တောင် မတရား အနိုင်ကျင့် ဖျက်စီး၊ ကာမကို လုယူခံနေရတဲ့ အမျိုးသမီးငယ်လေးတွေအတွက် မိမိအခွင့်အရေး နဲ့ ဂုဏ်သိက္ခာ ကို ကာကွယ်ရာ လက်နယ်တစ်မျိုးလည်း ဖြစ်တယ်။ လူ့အခွင့်အရေးအကြောင်းတွေ အာပေါက်မတတ် ပြောတတ်တဲ့ ယောင်္ကျားကြီးတွေဟာ သူတို့ကို လူဖြစ်စေတဲ့ အမျိုးသမီးတွေရဲ့ ဘဝ၊ ဂုဏ်၊ မာန နဲ့ အခွင့်အရေးကိုကြတော့ ချယ်လှယ်၊ ချုပ်ကိုင်၊ လွှမ်းမိုး၊ မတရား ပြုချင်ကြတယ်။ ယောင်္ကျားကြီးဝါဒ ကို မသိစိတ်အနေနဲ့ဖြစ်ဖြစ် တွင်တွင်ကျယ် ကျင့်သုံးနေကြတယ်။ လူသားမျိုးနွယ်တူ၊ မျိုးပွား အင်္ဂါ နဲ့ ဆက်စပ်တဲ့ အစိတ်အပိုင်းတချို့ကလွဲလို့ ခြေ၊လက်၊ ခေါင်း စတဲ့ အင်္ဂါစုံ အားလုံး အတူတူပါသူချင်း အတူတူ ခွဲခြား၊ ဖိနှိပ်၊ အနိုင်ယူချင်ကြတယ်။ ယထာဘူတ ကျကျစဉ်းစားရင် ဒီလို လူသားတည်ဆောက်ဖွဲ့စည်းပုံအရ အားလုံးတူသူချင်း အတူတူ အနိုင်ယူစရာ၊ အခွင့်အရေးပိုယူစရာ ရှိရင် လူသားမျိုးနွယ်ကို ဖန်တီးပေးနိုင်တဲ့ ကြီးမြတ်တဲ့ မိခင်မျိုးနွယ်၊ မိခင် အလောင်းအလျာ အမျိုးသမီးများသာ ဖြစ်သင့်တယ်။

ဒီလို အမျိုးသမီး ဦးစားပေး သဘောဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ရှိကို ရှိရမယ့် အချက်ဖြစ်တယ်။ သို့သော် တဘက်ကပြန်စဉ်း စားကြည့်ရင် ဒီသဘောဟာ ကောင်းပေမယ့် တနည်းအားဖြင့် ဒီလို ဦးစားပေး ခြင်းကလည်း အမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာ၊ ခွန်အားအရ အားနည်းသူမလို့ ညှာတာတဲ့ ပုံစံထက် စွမ်းဆောင်ရည်ကွာလို့ ခွဲခြားထားသလိုဖြစ်နေတဲ့ အတွက် တကယ့် အမျိုးသမီးဝါဒီ စိတ်ရှိတဲ့ တိုးတက်တဲ့ အမျိုးသမီးတွေက လက်ခံလေ့မရှိဘူး။ တန်းတူအခွင့်အရေးပဲ တောင်းဆိုတယ်။ သူတို့အတွက် အပို ဘာမှ စဉ်းစားပေးစရာ၊ လုပ်ဆောင်ပေးစရာ မလိုတဲ့ သဘော ဖြစ်တယ်။ ဒီလို စိတ်ဓာတ်မျိုးရှိတဲ့ အမျိုးသမီးတွေနဲ့ ကြုံတွေ့ချိန်မှာ အမျိုးသားတွေဟာ အားလုံး တန်းတူသဘောဖြစ်စေပြီး သာမန် အမျိုးသမီးတွေအတွက်တော့ ညှာတာစဉ်းစား၊ အခွင့်အရေးပိုပေးခြင်းဟာ ခေတ်သစ် ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းမှာ ရှိရမယ့်၊ ရှိသင့်တဲ့ ကျား/မ လိင်ကွဲပြားသူချင်း ဆက်ဆံမှု သဘောဖြစ်တယ်။

ယနေ့ခေတ်လို အာကသကိုတောင် အမျိုးသမီးတွေ ခရီးဆန့် စူးစမ်းရှာဖွေ လူသားအကျိုးပြုနေတဲ့၊ ကမ္ဘာ့ကြီးကို အကြီးအကျယ် ပြောင်းလဲ အကျိုးပြုစေတဲ့ နိုင်ငံရေး၊ လူမှုရေး အမျိုးသမီးခေါင်းဆောင်ကြီးတွေ ပေါ်ထွန်းနေတဲ့ မျက်မှောက် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဝမ်းနည်းစရာအနေနဲ့ အမျိုးသမီးတွေကို နိုင်လိုမင်းထက် လုပ်ချင်နေသေးတဲ့၊ ကျောက်ခေတ်က ရှေးဦး ယောင်္ကျားကြီးတွေ လောက် တောင် အသိဥာဏ်မရင့်သန်နိုင်သေးတဲ့၊ တနည်းအားဖြင့် မယဉ်ကျေးနိုင်သေးတဲ့ ယောင်္ကျားကြီးတွေဟာ ထုနဲ့ထည်ရှိနေဆဲ၊ စက်ဆုပ်ဖွယ် တွေ့မြင်နေရဆဲပဲဖြစ်တယ်။ ဒီလို လက်မခံနိုင်တဲ့ အခြေအနေမျိုးတွေဟာ အမြစ်တွယ်ရှင်သန်ဆဲ ဖြစ်တာကြောင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းတဲ့ သိုင်းပညာရပ်ဟာ အမျိုးသမီးလေးတွေ မိမိ အခွင့်အရေး ကို တကိုယ်ရည် ကာကွယ်နိုင်မှုကြောင့် အရေးပါတဲ့ အခန်းကဏ္ဍ မှာ ရှိနေတယ်..။

[စကားချပ် – ကျောက်ခေတ် က လူသားတွေဟာ လူဦးရေ တိုးပွားမှု အင်အားလိုတဲ့ သဘောကို ကောင်းကောင်း သိတဲ့အတွက် မျိုးပွားမှုမှာ အဓိကကျတဲ့ အမျိုးသမီးတွေကို တန်ဖိုးထားတယ်၊ ကိုးကွယ်တယ်၊ အကြီးအမှုး ပြုတယ်၊ (အရင် ရေးဖူးတဲ့ ယဉ်ကျေးမှုဆောင်းပါးမှာ ဖတ်ပါ)။ မျက်မှောက်ခေတ်မှာကို တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းသွားလာ (Nomadic)၊ ပင်လယ်အခြေပြု ယဉ်ကျေးမှု ကျင့်သုံးတဲ့ ဆလုံလူ့အဖွဲ့အစည်းမှာ အမျိုးသမီးဗဟိုပြု အုပ်ချုပ်မှုကို တွေ့နိုင်သေးတယ်။]

ကာမ ကို အဓမ္မယူလိုမှု (သို့) အင်အားကြီးမားမှု အားကိုးနဲ့ သက်သက် အနိုင်ကျင့်လိုမှုတွေကို အထိုက်အလျေက် ကာကွယ်နိုင် ဖို့အတွက် အမျိုးသမီးတွေဟာ ကိုယ်လုံပညာ သိုင်းပညာရပ် တစ်ခုခုကို စနစ်တကျ သင်ယူထားနိုင်ရင် ကောင်းတယ်။ အထက်မှာ ဆိုခဲ့သလို တွဲလျက် စိတ်ဓာတ်ကြံ့ခိုင်၊ ကိုယ်ကျန်းမာ မှုလည်း ရနိုင်မယ်။

ဒါ့အပြင် သိုင်းပညာရပ် တစ်ခုခုကို အမျိုးသမီးတွေလေ့လာ လိုက်စားခြင်းဟာ အမျိုးသမီးအခွင့်အရေးကို တိုက်ပွဲဝင်တဲ့ အမှတ် သင်္ကတ လည်းဖြစ်တယ်။ ရှေးရိုးစွဲ၊ ဘာသာအယူဝါဒီ တွေ ကြီးစိုးတဲ့ ကမ္ဘာ့ တချို့နိုင်ငံတွေမှာ ဆိုရင် အမျိုးသမီးငယ်လေးတွေဟာ မိမိတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းရည် ကို ပြနိုင်ဖို့၊ သာတူညီမျှ ဖြစ်တဲ့ သဘောကို ဖော်ဆောင်နိုင်ဖို့အတွက် သိုင်းပညာရပ်တွေကို စိတ်ဝင်တစား ကြိုးစားလေ့ကျင့်သင်ယူလာကြတယ်။ ဥပမာ – ရှေးရိုးစွဲ ဘာသာအယူဝါဒ အခြေပြု သူတွေ အာဏာရနေတဲ့ အီရန်နိုင်ငံမှာ ဆိုရင် အမျိုးသမီးငယ်လေးတွေဟာ လွတ်လပ်စွာ ဝင်စားဆင်ယင်ပိုင်ခွင့်အပါအဝင် မိမိတို့ရဲ့ မွေးရာပါ ရပိုင်ခွင့် အခွင့်အရေးတွေ ပျက်သုန်းနေရတာကို ဆန့်ကျင်တဲ့ အထိမ်းအမှတ် အနေနဲ့ နင်ဂျာ သိုင်းပညာ၊ နင်ဂျစ်ဆု သိုင်းပညာတွေကို ထူးချွန်ထက်မြက်အောင် သင်ကြားလေ့ကျင့်တဲ့ ယဉ်ကျေးမှု ခေတ်စားလာတယ်။ ရှေးရိုးစွဲ ယောင်္ကျားကြီးတွေ အဓမ္မ သတ်မှတ်ပြဋ္ဌာန်းထားလို့ ဝင်ဆင်ရတဲ့ သူတို့ရဲ့ ရိုးရာ ဝတ်ဆင်ပုံနဲ့ ဆင်တူတဲ့ ရှေးနင်ဂျာ စစ်သူရဲကောင်းတွေရဲ့ ဝတ်ရုံတွေကိုဝတ်၊ ဓားရှည်ကြီးတွေကို လက်မှာ ဝံ့ကာ..၊ ဝံ့ကာ နဲ့ နင်ဂျာသိုင်းအတတ်ကို အနုပညာ အကတစ်ရပ်လို လှလှပပ ရဲရဲဝံ့ဝံ ကစားပြရင်းနဲ့ မိမိတို့ရဲ့ လူသား စွမ်းဆောင်နိုင်ရည် ဖော်ထုတ်ရင်း ယောင်္ကျားကြီးတွေ့ရဲ့ နိုင်ထက်စီးနင်းလုပ်လိုမှုသဘောကို သွယ်ဝိုက်တဲ့နည်းနဲ့ ဆန့်ကျင်ကြတယ်။

ဗမာလူ့အဖွဲ့အစည်းရဲ့ အမျိုးသမီးအခွင့်အရေးကို ကြည့်ပြန်ရင်လည်း ရှေးအစဉ်အဆက်ကတည်းက နိုင်ငံအဝှမ်း အမျိုးသမီးတွေဟာ အရေးပါတဲ့ နေရာ အခန်းကဏ္ဍ မှာ ရှိနေပြီး အိမ်နီးချင်းတိုင်းပြည်များမှ အမျိုးသမီးများထက်စာရင် နှိမ်ချ၊ ခွဲခြားဆက်ဆံခံရမှု နည်းတယ်လို့ ဆိုနိုင်ပေမယ့် ကျားဗဟိုပြု သဘောထား နဲ့ အတွေးအခေါ်ဟာ အနည်း၊ အများဆိုသလို ရှိနေသေးတယ်။ ဥပမာ – တစ်ကမ္ဘာလုံးက အလေးထား၊ ဂုဏ်ပြုရတဲ့ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်လိုမျိုး တိုင်းပြည်မှာ ထင်ထင်ရှားရှား ရှိပါလျက်နဲ့ လက်ရှိ တိုင်းပြည်ရဲ့ ဥပဒေပြုလွှတ်တော်နှစ်ရပ်မှာ ပါဝင်ခွင့်ရနေတဲ့ အမျိုးသမီး လွှတ်တော် အမတ် အရေအတွက် အင်မတန် နည်းနေသေးတယ်။ ဒါ့အပြင် နှစ်ပေါင်းများစွာ ချွတ်ခြုံကျနေတဲ့ လူမှုစီးပွား (Socioeconomic) အခြေအနေကြောင့် ဗမာ့လူ့အဖွဲ့အစည်းက အမျိုးသမီးတွေ (မိခင် နဲ့ နှမ အကြီး၊ အငယ်တွေ) ဟာ မိမိတို့ရဲ့ တကိုယ်ရည် ဆန္ဒ သဘောထားထက် မိသားစုအတွက် မဖြစ်မနေ ငဲ့ညှာစဉ်းစား ဦးစားပေးနေရတဲ့ အတွက် ပညာသင်ယူနိုင်မှု အခွင့်အရေး၊ ကျန်းမားရေး စောင့်ရှောက်ခံရမှု၊ ဝါသနာပါရာ အနုပညာ၊ စာပေ၊ အားကစား စတဲ့ ပင်ကိုယ် စိတ်ဗီဇ နဲ့ ဆက်စပ်တဲ့ အလုပ်တွေကို စိတ်တိုင်းကျ လုပ်ဆောင်နိုင်မှုမှာ ယောင်္ကျား၊ သား၊ မောင်ဘွားတွေ နဲ့ ယှဉ်ရင် အားနည်းနေပြီး မွေးရာပါ လူတစ်ဦးချင်းရဲ့ ပိုင်ဆိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေသလို ဖြစ်နေရတယ်။

အမျိုးသမီးတွေ အိမ်ထောင်ပြုရင်လည်း အထက်မှာ ဆိုခဲ့တဲ့ လူမှုစီးပွားအခြေအနေကြောင့် မိမိဘဝ ပင်ကိုယ် အရည်အသွေး တိုးတက်အောင်လုပ်ဆောင်နေရခြင်းမျိုး မဟုတ်ဘဲ၊ အိမ်ထောင့်စီးပွားအတွက် သက်သက် ယောင်္ကျားများနဲ့ ယှဉ် လမ်းထွက် စီးပွာရှာဖွေမှု တွဲလျက် လုပ်နေရခြင်းကလွဲလို့ ယဉ်ကျေးမှု၊ ရိုးရာ၊ အစဉ်အလာ သတ်မှတ်ချက်မှာတော့ ဗမာ့လူ့အဖွဲ့အစည်းမှ အမျိုးသမီးတွေဟာ တကိုယ်ရည်ဆန္ဒ ဝါသနာပါရာ လုပ်ဆောင်ခွင့်ရခြင်းမျိုးမရှိဘဲ အိမ်ထောင်ထိမ်းသိမ်းမှု တာဝန်ထမ်းရွက်ဖို့သာ အဓိက လို သတ်မှတ်ခံထားနေရဆဲ ဖြစ်တယ်။

တိုင်းပြည်မှာ နှစ်ရှည်လများ ခံစားနေရတဲ့ ပြည်တွင်းစစ်မီးရဲ့ ဒဏ်ကြောင့် ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေမှာ အမျိုးသမီးများဟာ သားမယားပြုကျင့်ခံရမှု အပါအဝင် အဓမ္မ လုပ်အားပေးရမှု စတဲ့ မတရားမှုဒဏ်တွေကိုလည်း ခါးစည်းခံနေရဆဲပဲ ဖြစ်တယ်။ ပဋိပက္ခဒေသ မဟုတ်တဲ့ မြို့ကြီး၊ ပြကြီးတွေမှာလည်း တိုင်းပြည်ရဲ့ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေတဲ့ တရားဥပဒေ စိုးမိုးရေး မဏ္ဍိုင်၊ စာရိတ္တမဏ္ဍိုင်တွေရဲ့ အကျိုးဆက်အနေနဲ့ အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်ခံရမှုအပါအဝင် တရားမဲ့ အနိုင်ကျင့်မှုတွေရဲ့ အဓိက သားကောင်ဖြစ်နေဆဲပဲ ဖြစ်တယ်။

ဒီလို အခြေအနေမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အထောက်အကူပေးတဲ့ သိုင်းပညာရပ်တစ်ခုခုကို အမျိုးသမီးငယ်လေးတွေ စိတ်အားထက်သန်စွာ လေ့လာလိုက်စားတဲ့ ယဉ်ကျေးမှုတစ်ရပ် ဗမာ့လူ့အဖွဲ့အစည်းမှာ ရှင်သန်ကြီးထွားလာခဲ့ရင် မိမိ အလိုမတူဘဲ အဓမ္မ ကာမ လုယူခံရမှု နဲ့ အကြမ်းဖက်ခံရမှု ကို ထိရောက်စွာ ပင်ကိုယ်စွမ်းရည်ဖြင့် ကာကွယ်လာနိုင်မှာဖြစ်သလို ကာယ၊ စိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ အမျိုးသမီးကောင်းလေးတွေ တိုင်းပြည်ရဲ့ နယ်ပယ်စုံ၊ ကဏ္ဍအသီးသီးမှာ ယခုထက် ပိုမို လွှမ်းမိုးနေရာယူလာနိုင်မှာ ဖြစ်တယ်။

သမီးငယ် မိကွန်ထောလေး အပါအဝင် နှမ၊ အမ အမျိုးသမီးငယ်များ သိုင်းပညာ တစ်ရပ်ရပ်ကို လိုက်စားခြင်းအားဖြင့် အမှီအခိုကင်းတဲ့ မိမိ တကိုယ်ရည် ဘဝ လုံခြုံမှုကို ဖန်တီိးပြီး တွဲလျက် စိတ်ဓာတ်ကြံခိုင်၊ ကာယ သန်စွမ်း၊ စဉ်းစာတွေးခေါ်၊ အသိဥာဏ်၊ ပညာရည်မြင့်မားလာခြင်းဖြင့် ဗမာလူ့အဖွဲ့အစည်းမှာ ယခုထက်ပိုမိုနေရာယူပြကာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကြီးရာသာ အောင်နိုင်ရာလို့ ထင်နေဆဲ ရှိတဲ့ ယောင်္ကျာထုကြီး အသိတရားရလာအောင် စွမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မိကွန်ထောလေးများ ဖတ်ဖို့

Comments are closed.